Breaking News

ပျက်သွားတဲ့ မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ရဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲ

မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၆ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၂၃


ပျက်သွားတဲ့ မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ရဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲ 

ခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးကြတဲ့ မြောက်ပိုင်း ညီနောင် လက်နက်ကိုင် ၃ ဖွဲ့နဲ့ စစ်ကောင်စီ တို့ဆွေးနွေးပွဲက ရလဒ် တစုံတရာမရ၊ တိုးတက်မှုမရှိဘဲ ပြီးဆုံးသွားခဲ့တယ်လို့ သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ သိရှိရပါတယ်။ 

ဒီဇင်ဘာလ ပထမပတ်က တရုတ်နိုင်ငံ ကူမင်းမြို့ ရစ်ဇ်ဟိုတယ်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ပေးမှုအရ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြပြီး အပစ်ရပ်ဖို့ သဘောတူညီချက် ရခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့ မြေပြင်မှာတော့ အပစ်ရပ်တာတွေ မတွေ့ရဘဲ၊ နမ့်ခမ်း၊ မူဆယ်၊ နမ့်ဆန်၊ မန်တုံတို့မှာ TNLA နဲ့ AA တို့ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ခိုက်မှုတွေ ပြင်းထန်နေခဲ့တာပါ။ ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့တော့ လောက်ကိုင်မြို့ တဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာ အရှိန်လျော့ခဲ့ပေမယ့် ဒီဇင်ဘာ ၁၈ ရက်က စလို့ ကိုးကန့်လက်နက်ကိုင် အဖွဲ့က လောက်ကိုင်မြို့ကို စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေ ဖြစ်ပေါ်နေစဥ်မှာပဲ နကိုက ဒီဇင်ဘာလ ကုန်ပြီး ဇန်နဝါရီလဆန်းမှာ နောက်တကြိမ်တွေ့ဖို့ သဘောတူညီထားချက်ကို လမကုန်ခင်ထပ်တွေ့ဖို့ ဖြစ်ပေါ်လာတာပါ။ အခုလို ဒုတိယအကြိမ် တွေ့ဆုံမှုကို စောလျင်စွာတွေ့လာဖို့ ဘယ်အဖွဲ့က နှိုးဆော်တာလဲ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ တရုတ်နိုင်ငံက နှိုးဆော်တာလား သို့မဟုတ် စစ်ကောင်စီဘက်က နှိုးဆော်တာလား ဆိုတာ သဲသဲကွဲကွဲ မသိရှိရပါဘူး။ မြောက်ပိုင်း ညီနောင်လက်နက်ကိုင် ၃ ဖွဲ့အနေနဲ့ကတော့ စစ်ရေးအရ အသာစီးရနေတဲ့ အနေအထား ရှိတာကြောင့် ညီနောင် ၃ ဖွဲ့ဘက်က နှိုးဆော်တာ ဖြစ်ဖို့အလားအလာ နည်းပါးတယ်လို့ မှန်းဆရပါတယ်။ 

စစ်ကောင်စီ အနေနဲ့ ၄င်းတို့ရဲ့ စစ်ရေးအနေအထား ပြန်လည်အားဖြည့်ဖို့၊ စခန်းတခုပြီး တခု ဆုံးရှုံးနေတဲ့ အခြေအနေကနေ အသက်ရှူပေါက်ရဖို့ တွေ့ဆုံဆွေးနွေးပွဲတွေကို အားကိုးကောင်း အားကိုးတာ ဖြစ်နိုင်သလို တရုတ်နိုင်ငံအနေနဲ့လည်း နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှု အခုထက်အရှိန် ပိုပြင်းထန်လာတာ၊ ပေါ်ထွက်လာတဲ့ စစ်ရေးရလဒ်တွေက မလိုလားအပ်တဲ့ အခြေအနေကို ဦးတည်သွားမှာကို စိုးရိမ်တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံကို ဖြတ်ကျော်သွယ်တန်းထားတဲ့ ရေနံနဲ့သဘာာဝဓါတ်ငွေ့ ပိုက်လိုင်းရဲ့ လုံခြုံရေး၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း နဲ့ အထူးစီးပွားရေးဇုန် စတဲ့အကျိုးစီးပွားတွေ အတွက် ဆက်ဆံရမယ့် လက်နက်ကိုင် အဖွဲ့၊ ဖြတ်သန်းရာ နယ်မြေတလျှောက် အာဏာရှိသူတွေက ဘယ်သူတွေ ဖြစ်လာမလဲ စတဲ့အချက်တွေက တရုတ်နိုင်ငံက ဦးစားပေး ထည့်သွင်းစဥ်းစားတဲ့ အချက်အလက်တွေ ဖြစ်လိမ့်မယ်လို့ မှန်းဆရပါတယ်။ 

ဒီအနေအထားတွေက အခု ဒုတိယအကြိမ် ဆွေးနွေးပွဲ ပေါ်ထွက်လာစေတဲ့ အကြောင်းတရားတွေ ဖြစ်နိုင်ပြီး ဆွေးနွေးပွဲကနေ လက်နက်ကိုင် တိုက်ပွဲတွေ အရှိန်လျော့သွားဖို့ တရုတ်နဲ့ စစ်ကောင်စီ တို့ကြိုးပမ်းတယ်လို့ ခန့်မှန်းရတာ ဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ဖို့နဲ့ တပ်နေရာချထားရေး ကိစ္စတွေ ကိုဆွေးနွေးကြတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့အနေနဲ့တော့ သိမ်းယူရရှိထားတဲ့ စခန်းတွေ၊ မြို့တွေကို ၄င်းတို့ရဲ့ အောင်မြင်မှုအဖြစ် သတ်မှတ်ပြီး အဆိုပါမြို့တွေ စခန်း၊ နယ်မြေတွေကနေ ဆုတ်ပေးဖို့ ဖြစ်နိုင်ခြေ နည်းပါးပြီး စစ်ကောင်စီကတော့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အကြောင်းပြကာ မြောက်ပိုင်း ၃ ဖွဲ့ကို ၄င်းတို့ ထိန်းချူပ်ထားတဲ့ လမ်းကြောင်းတွေ၊ မြို့တွေကနေ ဆုတ်ခွာပေးဖို့ ပြောကောင်း ပြောဆိုလိမ့်မယ်လို့ မှန်းဆကြည့်ရပါတယ်။ 

ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့ လောက်ကိုင်ကို ၄င်းတို့ နယ်မြေအဖြစ် ချုပ်ကိုင်နိုင်အောင် သိမ်းယူဖို့ရည်ရွယ်ထားပြီး လောက်ကိုင်ကနေ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်လိုမျိုးကို ဆုတ်ခွာဖို့ တောင်းဆိုကောင်း တောင်းဆိုနိုင်ပါတယ်။ ဒီလို ကိစ္စရပ်တွေကို တပ်နေရာချထားမှုဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဆွေးနွေးကြတာ ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် စစ်ကောင်စီက စစ်ရေးမှာ အရေးနိမ့်သာ နိမ့်နေပေမယ့် ဆွေးနွေးပွဲလိုမျိုးမှာ ဒီလိုအချက်တွေကို တရားဝင် သဘောတူညီချက်ပေးဖို့ မဖြစ်နိုင်ပဲ ဆွေးနွေးပွဲက အကျိုးရလဒ် ဘာမှ ထွက်ပေါ်ခြင်းမရှိပဲ ပြီးဆုံးသွားတာ ဖြစ်နိုင်ပါတယ်။ 

TNLA နဲ့ ၄င်းတို့ကို ပူးပေါင်းကူညီတဲ့ AA အဖွဲ့တို့အနေနဲ့တော့ ရှမ်းမြောက်က တိုက်ပွဲတွေမှာ နယ်မြေနဲ့ စခန်း တခုပြီးတခု သိမ်းယူနိုင်နေတာ ဖြစ်လို့ စစ်ကောင်စီနဲ့ ဆွေးနွေးပွဲမှာ တန်းတူဆိုတာထက် စစ်ရေးအရ အရေးသာနေတဲ့ လက်နက်ကိုင်အဖွဲ့ နေရာမျိုးကနေ စကားပြောတာမျိုး ဖြစ်နိုင်ပါတယ်။ AA အနေနဲ့ တပြိုင်နက်ထဲမှာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပေါက်တောမြို့ သိမ်းယူဖို့ ကြိုးစားတဲ့ တိုက်ပွဲ၊ ခုရက်ပိုင်း မှာ မြောက်ဦးမြို့က ရဲစခန်းကို သိမ်းယူဖို့ တိုက်ခိုက်နေတာတွေ နဲ့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ 

ခုဆွေးနွေးပွဲဟာ စစ်ကောင်စီနဲ့ လက်ရည်တူလာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီ တို့စကားပြောတဲ့ပွဲလည်း ဖြစ်ပြီး စစ်ကောင်စီ အနေနဲ့တော့ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ ကို တန်းတူသဘောမျိုး မသတ်မှတ်သေးတဲ့ ရပ်တည်ချက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ 

မြောက်ပိုင်း ညီနောင် ၃ ဖွဲ့အနေနဲ့တော့ ၄င်းတို့ အသီးသီးရဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက် ရှိကြမှာဖြစ်ပြီး ကိုးကန့်နဲ့ အေအေ အနေနဲ့ ဝ ပြည်လို ကွန်ဖက်ဒရိတ် အဆင့်မျိုး ရည်မှန်းထားကြတာလို့ ပြောဆိုချက်တွေအရ ကောက်ချက်ချနိုင်ပြီး TNLA အနေနဲ့တော့ အလားတူပြောဆိုမှုမျိုး မရှိသေးပေမယ့် ရှမ်းမြောက်မှာ ယခင်တခါမျှ မသိမ်းယူခဲ့ဖူးတဲ့ ဒေသတွေ၊ မြို့တွေကို သိမ်းယူထားနိုင်ပြီး နိုင်ငံရေး ရည်မှန်းချက်က ဘာဖြစ်မလဲဆိုတာ သဲသဲကွဲကွဲ မရှိသေးပါဘူး။ စစ်ကောင်စီအဖို့တော့ ရှမ်းမြောက်က ၄င်းရဲ့ လက်တံခြေတံတွေကို ဖြတ်တောက်ထားတာ ခံနေရတဲ့ အနေအထားမှာ ဒီလက်တံခြေတံတွေကို ပြန်လည် ဆက်ပြီး အားကောင်းအောင် လုပ်ဖို့ ဖြစ်နိုင်ချေက နည်းပါးနေတာလည်း ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar