Breaking News

ကျော်ဟုန်း - ဒီဇင်ဘာက ချိုမှာလား


ဒီဇင်ဘာက ချိုမှာလား
ကျော်ဟုန်း
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၂၃

ငါ မနက်ဖက် ကော်ဖီဖျော်တော့
ဒီဇင်ဘာကို အများကြီးထည့်ဖျော်တယ်
ဆီးချိုဖြစ်လည်း အရေးမကြီးဘူး
ချိုဖို့ အဓိက
ချိုမှာလား ဒီဇင်ဘာ။

တခြား ဒေသကမ္ဘာမြေမှာ
မီးအလှရောင်စုံတွေ ထွန်းညှိနေကြပြီ
ဆွိ ဒီဇင်ဘာတွေ ခွန်းတုံ့လှယ်ကြပြီ
ဒို့ အရပ်မှာရော သူတို့လို
စစ်မှန်တဲ့ အပြုံးချိုတွေနဲ့
ချိုမှာလား ဒီဇင်ဘာ။

သူတို့တွေဆီမှာ
အရှေ့တောင်အာရှ တခြားနေရာတွေဆီမှာ
အနောက်ကမ္ဘာ ဒေသအသီးသီးမှာ
နှင်းမှုန်တွေ၊ မြူတွေနဲ့
မီးအလှ၊ သမင်ရုပ်၊ စွတ်ဖားရုပ်၊ ထင်းရှူးပင်အလှတွေနဲ့
ကလေးတွေက နှစ်တိုင်းလာမယ်မျှော်နေကြတဲ့
ခရစ္စမတ်ဘိုးဘိုးကြီးတွေနဲ့
စားပွဲသောက်ပွဲ၊ ခရီးထွက်မယ့် ရိုဆော့တွေဆီနဲ့
အပြန်အလှန် လက်ဆောင်တွေပေးဖို့
ဝယ်ကြ၊ စုကြ၊ ကြိုတင်သူတွေနဲ့
သူတို့ ဒီဇင်ဘာဟာ
အလွန်ချိုနေမြဲပါ
သူတို့လိုပဲ ဒို့ဆီလည်း
ချိုမှာလား ဒီဇင်ဘာ။

ဒို့ နယ်စပ်နဲ့ နယ်မြေတရိုးဆီမှာ
စကားမပီကလာ ကလေးတွေက
လေယာဉ်သံ ကောင်းကင်ကို
ရှောင်ရမှန်း သိပြီ
ဝပ်ကျင်းမြောင်းရှည်ထဲ
အသံမထွက် ခေါင်းဝှက်တတ်နေပြီ
လွင်ပြင်ပြောင်ထဲ ကုန်းမူလေးအနားဆီ
မလုံမှန်းသိလည်း အကာအကွယ်ယူတတ်ပြီ
ဘိုးဘွားအိုနဲ့ လူကြီးတွေနည်းတူ
သူတို့ လိုက်လုပ်တတ်နေပြီ
စားနေဆဲ ထမင်းပန်းကန်လေး စွန့်လို့
လေယာဉ်သံကြားရင် ပြေးတတ်နေပြီ။

ဒို့နေရာတွေမှာ
အနောက်ကမ္ဘာပုံတူ
နှင်းဖြူမဆိုင်းလည်း
မြူဆိုင်းမှုန်ပျ အနာဂတ်မသဲကွဲ
မဖူလုံ တနေ့တခါစာမှာ အရသာမထိ
ဝမ်းမဟာဖို့ အဓိက အသိနဲ့
ဒီဇင်ဘာထည့်စားရင်ကော
ဖြည့်စွက်အားအင်စာအဖြစ်
ချိုမှာလား ဒီဇင်ဘာ။

ဒါပေမဲ့ ခုလပိုင်း သတင်းတွေထဲ
အလံဖြူတွေ ခေတ်ထလာတယ်
ဂျနီဗာကွန်ဂျန်းရှင်းဟာ
ယမ်းငွေ့ကြားမှာ ယဉ်ကျေးလာတယ်
ဒီဇင်ဘာနားကပ်လာလေ
အေးချမ်းတဲ့ အထိအတွေ့တွေ ရလာလေ
အနွေးလှုံ မီးလင်းဖိုထဲက
သူတို့သောက်တဲ့ ရေနွေးကြမ်းအိုးထဲ
လက်ဖက်ခြောက်ခါးခါးအစား
ဒီဇင်ဘာတွေ ခပ်ထည့်နေကြပြီ
ချိုမှာလား ဒီဇင်ဘာ။

ငါလည်း အသွင်ယူလို့
ဒီဇင်ဘာ ၁ ရက် အစ မနက်မှာ
တိတိကျကျပြောရရင် ကော်ဖီချိန်မှာ
ထည့်နေကျ စက်ပလန်ဒါ သကြားတုအစား
ဒီဇင်ဘာတွေ များများထည့်ဖျော်ရင်း
ဒို့မြေက သူတွေအတွက် ဆုတောင်းရင်း
ဒီဇင်ဘာထည့်ဖျော်ထားတဲ့ ကော်ဖီကို
ငါ တငုံချင်း သောက်နေမိတယ်
ချိုမှာလား ဒီဇင်ဘာ။

ဘုရားသခင် ကောင်ချီးပေးလို့ပဲဖြစ်ဖြစ်
ခရစ္စမတ်ဘိုးဘိုးကြီး စွန့်မယ့်လက်ဆောင်ဖြစ်ဖြစ်
ငါတို့ကိုယ်တိုင် ထည့်သောက်လို့ပဲဖြစ်ဖြစ်
ကြိုးစားနေဆဲ အနာဂတ်တွေချိုအောင်
တကယ်ချိုမယ့် ဒီဇင်ဘာသာ ပေးသနားပါ
ချိုမှာလား ဒီဇင်ဘာ။

၂၃၁၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar