တရုတ်ဆန့်ကျင်ရေး၊ တရုတ်သြဇာလွှမ်းမိုးမှုနဲ့ မြန်မာ့နိုင်ငံရေး
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၄ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၂၃
တရုတ်ဆန့်ကျင်ရေး၊ တရုတ်သြဇာလွှမ်းမိုးမှုနဲ့ မြန်မာ့နိုင်ငံရေး
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်လာတဲ့ တရုတ်နိုင်ငံနဲ့ ရှည်လျားတဲ့ နယ်နိမိတ်ထိစပ်နေသလို ဒေသတွင်းအင်အားကြီးနိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့လည်း နယ်နိမိတ်ချင်းထိ စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံ တနိုင်ငံဖြစ်နေတာပါ။ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ အချင်းချင်းအကြား ဆက်ဆံရေး ကောင်းမွန်လှတဲ့ နိုင်ငံတွေ မဟုတ်သလို မကြာခဏ ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံတွေ အနေအထားမျိုးလည်း မဟုတ်ပါဘူး။ မြန်မာ့နိုင်ငံရေးမှာ အခုဖော်ပြတဲ့ အိမ်နီးချင်းအင်အားကြီး နှစ်နိုင်ငံက ဘယ်လိုပါဝင် စွက်ဖက်တာတွေ ရှိနေသလဲ၊ သို့မဟုတ် လက်ရှိ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ ဘယ်သူ့ကို ထောက်ခံနေသလဲ ဆိုတဲ့အပိုင်းမှာ ထင်သာမြင်သာတာတွေရှိသလို မှန်းဆကြည့်ချက်တွေလည်း အများအပြားရှိနေပြီး အချို့သော အချက်အလက်တွေက ယူဆချက် အနေအထားသာရှိပြီး သက်သေအထောက်အထား ရဖို့ ပြဖို့မလွယ်ကူတာလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံနဲ့ မြန်မာတော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အကြား ဆက်ဆံရေး မရှိသလောက်ဖြစ်ပြီး အိန္ဒိယနိုင်ငံက စစ်ကောင်စီနဲ့သာ အစိုးရချင်း ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသလို ဝေဖန်မှုတွေရှိသည့်တိုင် စစ်ကောင်စီကို အသိအမှတ်ပြု ဆက်ဆံနေတဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တခုဖြစ်တဲ့ မီဇိုရမ်ပြည်နယ်ကတော့ ၄င်းနဲ့ထိစပ်နေတဲ့ ချင်းပြည်နယ်က စစ်ဘေးရှောင် သောင်းဂဏန်းနဲ့ချီ လက်ခံထားပေးပြီး လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတာဖြစ်ပါတယ်။ အခြား နယ်နိမိတ် ထိစပ်နေတဲ့ အာသံပြည်နယ်လိုမျိုးကတော့ မြန်မာစစ်ဘေးရှောင်သူတွေအပေါ် မီဇိုရမ်ပြည်နယ်လို နွေးထွေးတဲ့ သဘောထား နဲ့ ဆက်ဆံမှုမျိုး မတွေ့ရပါဘူး။
လက်ရှိ အမျိုးသားရေး ဝါဒီလို့ သတ်မှတ်ကြတဲ့ ဘီဂျေပီပါတီ ခေါင်းဆောင် မိုဒီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာရဲ့ ဒီမိုကရေစီ အရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စတဲ့ နိုင်ငံရေးရည်မှန်းချက် စကားလုံးတွေအပေါ် စိတ်ဝင်စားဟန်မပြဘဲ၊ လက်တွေ့ အကျိုးစီးပွားနဲ့ မြန်မာနိုင်ငံမှာ ဗဟိုအာဏာလို့ ဆိုနိုင်တဲ့ နေရာအများစုကို ထိန်းချုပ်ထားတဲ့ စစ်အစိုးရကိုသာ လက်ရှိ အစိုးရအဖြစ် အသိအမှတ်ပြုဆက်ဆံတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီ ပြန်လည်ပေါ်ထွန်းရေးအတွက် ၁၉၈၈ ခုနှစ်တုန်းက အာဏာရ ကွန်ဂရက်ပါတီလိုမျိုး မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို စာနာပြီး ကူညီမယ့် အနေအထားမျိုး မရှိတာ အသေအချာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံပြီး ဒုတိယ နယ်နိမိတ်ထိစပ်တဲ့ တရုတ်နိုင်ငံနဲ့ မြန်မာ့အရေးကတော့ သြဇာသက်ရောက်မှု၊ ပါဝင်ပတ်သက်မှု၊ အကျိုးစီးပွား၊ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာထဲက အစိတ်အပိုင်းတခု အစရှိတဲ့ သော့ချက်စကားလုံးတွေအတိုင်း ဆက်စပ်ပတ်သက်မှု ကြီးမားပါတယ်။
မြန်မာ့နိုင်ငံရေးပြဿနာကို တရုတ်က ဖန်တီးတာ၊ နောက်ကွယ်က လက်မည်းဆိုတဲ့ သဘောမျိုးအထိ ယူဆတာကတော့ အခြေအမြစ်မရှိတဲ့ အယူအဆဖြစ်ပြီး လက်တွေ့အနေအထားကတော့ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက “ခါးပတ်တကွင်းလမ်းတစင်း” ထဲက အစိတ်အပိုင်း တခုဖြစ်သလို၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက်၊ ကုန်စည်ပို့ဆောင်ရေး၊ စွမ်းအင် စတာတွေ အတွက်အရေးပါတဲ့ နယ်မြေဒေသတခု၊ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေရဲ့ တရုတ်အပေါ် အားကိုးမှီခိုမှုတွေ၊ မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံထားမှုတွေ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာအရ အိမ်နီးချင်းနိုင်ငံတနိုင်ငံမှာ အမေရိကန်လိုလားတဲ့ နီးစပ်တဲ့ အစိုးရ သို့မဟုတ် နိုင်ငံရေး စစ်ရေးအင်အားစုတွေ ဖြစ်ထွန်းမလာရေး စတဲ့ အချက်တွေက တရုတ်နိုင်ငံအနေနဲ့ သူချမှတ်တဲ့ မူဝါဒတွေမှာ ထည့်သွင်းစဥ်းစားရမယ့် အရေးပါတဲ့ အကြောင်းအချက်တွေ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ တရုတ်ဆန့်ကျင်ရေးဆိုတာကို ခေတ်အဆက်ဆက် အသုံးချခဲ့ကြတာတဲ့ သာဓကတွေ ရှိခဲ့ပြီး တရုတ်နိုင်ငံကလည်း မြန်မာ့နိုင်ငံရေး၊ ပြည်တွင်းစစ် စတာတွေမှာ အတိုင်းအတာတခုထိ ပါဝင်ထောက်ခံခဲ့တာ ဖြစ်ပါတယ်။
ယခင် လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွေမှာ အိန္ဒိယကွန်မြူနစ်ပါတီနဲ့ နီးစပ်ခဲ့ပြီး အိန္ဒိယ ကွန်မြူနစ်ပါတီရဲ့ လမ်းညွှန်အကြံပြုမှုတွေကို အလေးထား ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတည်ထောင်ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်ဆံရေးကို အိန္ဒိယကွန်မြူနစ်ပါတီနဲ့ ဆက်ဆံရေးထက် အလေးထားလာခဲ့ပြီး ၁၉၆၀ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံရေးဖြစ်စဥ်တွေထဲ တရုတ်နိုင်ငံက ပိုမိုပါဝင်ပတ်သက်လာခဲ့တာ ဖြစ်ပါတယ်။ တရုတ်ပြည် ယဥ်ကျေးမှုတော်လှန်ရေးကာလ မြန်မာနိုင်ငံမှာ တရုတ်ဗမာအရေးအခင်း ဖြစ်ပွားလာခဲ့တာ၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်အချို့ ပီကင်းမှာ သွားရောက်လေ့လာသင်ယူခဲ့ကြတာ၊ ပဲခူးရိုးမက စစ်ရေး အခြေစိုက်စခန်းတွေ တိုက်ခိုက်ခံရပြီး တရုတ်နိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ အရှေ့မြောက်ဒေသကို ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်အဖြစ် ရွှေ့ပြောင်းအခြေစိုက်ပြီး ဆယ်စုနှစ်များစွာ စစ်တပ်ကို စစ်ရေးအရ တိုက်ခိုက်ခဲ့တာတွေမှာ တရုတ်ကွန်မြူနစ်ပါတီ တနည်းအားဖြင့် တရုတ်နိုင်ငံရဲ့ တခုတည်းသော ပါတီက ထောက်ခံကူညီခဲ့တာ ဖြစ်ပါတယ်။
ယခင် လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွေမှာ အိန္ဒိယကွန်မြူနစ်ပါတီနဲ့ နီးစပ်ခဲ့ပြီး အိန္ဒိယ ကွန်မြူနစ်ပါတီရဲ့ လမ်းညွှန်အကြံပြုမှုတွေကို အလေးထား ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတည်ထောင်ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်ဆံရေးကို အိန္ဒိယကွန်မြူနစ်ပါတီနဲ့ ဆက်ဆံရေးထက် အလေးထားလာခဲ့ပြီး ၁၉၆၀ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံရေးဖြစ်စဥ်တွေထဲ တရုတ်နိုင်ငံက ပိုမိုပါဝင်ပတ်သက်လာခဲ့တာ ဖြစ်ပါတယ်။ တရုတ်ပြည် ယဥ်ကျေးမှုတော်လှန်ရေးကာလ မြန်မာနိုင်ငံမှာ တရုတ်ဗမာအရေးအခင်း ဖြစ်ပွားလာခဲ့တာ၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်အချို့ ပီကင်းမှာ သွားရောက်လေ့လာသင်ယူခဲ့ကြတာ၊ ပဲခူးရိုးမက စစ်ရေး အခြေစိုက်စခန်းတွေ တိုက်ခိုက်ခံရပြီး တရုတ်နိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ အရှေ့မြောက်ဒေသကို ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်အဖြစ် ရွှေ့ပြောင်းအခြေစိုက်ပြီး ဆယ်စုနှစ်များစွာ စစ်တပ်ကို စစ်ရေးအရ တိုက်ခိုက်ခဲ့တာတွေမှာ တရုတ်ကွန်မြူနစ်ပါတီ တနည်းအားဖြင့် တရုတ်နိုင်ငံရဲ့ တခုထည်းသော ပါတီက ထောက်ခံကူညီခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ ဒီသမိုင်းကြောင်းတွေအရ တရုတ်နိုင်ငံကို ၄င်းတို့ရဲ့ စစ်ရေးအရ ရန်သူ ကွန်မြူနစ်တွေကို အားပေးကူညီသူအဖြစ် သမိုင်းနဲ့ချီ မုန်းတီးခဲ့ကြတာဖြစ်ပါတယ်။ သို့သော်လည်း ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီး မကြာခင် ဗမာပြည်ကွန်မြူနစ်ပါတီလည်း ပြိုကွဲခဲ့ရပြီး တရုတ်က နိုင်ငံတကာ ကွန်မြူနစ်ပါတီတွေ အချင်းချင်းဆက်ဆံရေးထက် စီးပွားရေး အကျိုးစီးပွားပေါ် အခြေခံတဲ့ ဆက်ဆံရေးမျိုး ဆီပြောင်းလဲခဲ့ရာက အာဏာသိမ်းနဝတ အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်လာခဲ့ပါတယ်။ ယခင်က ဗကပတွေကို အားပေးကူညီလို့ ရန်သူသဖွယ် ဖြစ်ခဲ့ပေမယ့် ၈၈၈၈ အရေးတော်ပုံအပြီး အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရ အနေနဲ့ နိုင်ငံတကာ သံတမန်အရေးမှာ တရုတ်ကို အားကိုးအားထားပြုလာရသလို စစ်လက်နက် ဝယ်ယူရရှိရေး မှာလည်း တရုတ်နိုင်ငံကို အားကိုးအားထား ပြုလာရတာ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် နှောင်းပိုင်းကာလတွေ မှာတော့ နအဖ စစ်အစိုးရအနေနဲ့ တရုတ်နိုင်ငံတခုထည်းကို မဟာမိတ်ပြု အားကိုးတာထက် အခြားသော ရွေးချယ်စရာ နိုင်ငံတွေကိုပါ အစပျိုး ဆက်ဆံလာခဲ့ပြီး စစ်အရာရှိတွေရဲ့ ကျွမ်းကျင်မှုတွေအတွက် ရုရှားနိင်ငံမှာ သွားရောက်သင်ယူလေ့လာမှုတွေ အများအပြား လုပ်ဆောင်ခဲ့သလို ၊ ပါကစ္စတန်၊ ယုတ်စွဆုံး မြောက်ကိုးရီးယားလို နိုင်ငံမျိုးတွေနဲ့ပါ ထိတွေ့ဆက်ဆံလာခဲ့တာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်နောက်ပိုင်း အသစ်ထွက်ပေါ်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့အပေါ်မှာလည်း တရုတ်နိုင်ငံက သြဇာလွှမ်းမိုးမှုရှိခဲ့သလို တရုတ်နိုင်ငံအနေနဲ့ ၄င်းရဲ့နယ်နိမိတ် ထိစပ်နေတဲ့ ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် သယံဇာတ၊ နယ်စပ်ကုန်သွယ်ရေး၊ ကြားခံဇုန် စတဲ့ အမျိုးမျိုးသော ရှုထောင့်တွေကနေ ထိတွေ့ဆက်ဆံ အကူအညီပေးခဲ့တယ်လို့ မြန်မာစစ်တပ်က ယူဆထားရာက မြန်မာစစ်တပ်နဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးက လျော့ကျလာခဲ့တာ ဖြစ်ပါတယ်။ အခြားတဖက်မှာ မြန်မာအတိုက်အခံ အင်အားစုတွေ အနေနဲ့တော့ တရုတ်ရဲ့ အကျိုးစီးပွားအပေါ် အခြေခံတဲ့ မူဝါဒ၊ အနောက်အုပ်စုရဲ့ တဆင့်ခံလို့ ယူဆတဲ့ အင်အားစုတွေကို တန်ပြန်ချိန်ခွင်လျှာညှိဖို့ ဆန့်ကျင်ဘက် အင်အားစုတွေကို ကူညီအားပေးတာ၊ ကုလသမဂ္ဂလိုမျိုးမှာ တချို့သော အနေအထားမှာ ဆန့်ကျင်ဘက် အမေရိကန် နိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်တာမျိုးတွေ အထိ နားလည်သဘောပေါက်ခြင်း မရှိကြတာတွေ့ရပါတယ်။
တရုတ်ဆန့်ကျင်ရေးကို တခါတရံမှာ စစ်တပ်ရဲ့ မလိုလားသူတွေက ဦးစီးဦးဆောင်ပြုကာ ဆန္ဒပြလှုံ့ဆော် ကြပေမယ့် တခါတရံမှာ စစ်တပ်ကို လိုလားသူတွေက ဆန္ဒပြလှုံ့ဆော်ကြတာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကုလသမဂ္ဂမှာ ဗီတိုအာဏာသုံးပြီး စစ်အစိုးရကို သံတမန်ရေးအရ အကာအကွယ်ပေးမှုတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေက တရုတ်ဆန့်ကျင်ရေးကို လှုံ့ဆော်ဖိအားပေးခဲ့ကြပေမယ့် လတ်တလော ၁၀၂၇ စစ်ဆင်ရေး၊ ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှု နောက်ကွယ်မှာ တရုတ်နိုင်ငံက အားပေးအားမြှောက်ပြုတယ်ဆိုတဲ့ အရေးမှာတော့ စစ်တပ်ထောက်ခံသူတွေက ဆန့်ကျင်ဆန္ဒပြကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေ အနေနဲ့ တရုတ်နိုင်ငံဟာ အကျိုးစီးပွားအပေါ် အခြေခံပြီး ဘယ်လို အနေအထားမှာ ဘယ်လိုစဥ်းစား ဆုံးဖြတ်သလဲဆိုတာ နားလည်အောင် လေ့လာအကဲဖြတ်ပြီး မိမိတို့ရဲ့ တသမတ်တည်းရှိတဲ့ မူဝါဒ တည်ငြိမ်တဲ့ မူဝါဒတခုတော့ ကိုင်စွဲထားဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar