Breaking News

ကရင်ပြည်နယ်က အွန်လိုင်းငွေလိမ်ဂိုဏ်း ချေမှုန်းဖို့ ပြင်ဆင်၊ နမ္မတူနဲ့ လောက်ကိုင်မှာ တိုက်ပွဲပြင်းထန်

မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၈ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၂၃


ကရင်ပြည်နယ်က အွန်လိုင်းငွေလိမ်ဂိုဏ်း ချေမှုန်းဖို့ ပြင်ဆင်၊ နမ္မတူနဲ့ လောက်ကိုင်မှာ တိုက်ပွဲပြင်းထန်

မြန်မာနိုင်ငံမှာ တိုင်းရင်းသားဒေသအများအပြား လက်နက်ကိုင် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေချိန် တပြိုင်နက်တည်းမှာပဲ တရားဥပဒေ မစိုးမိုးမှု၊ လက်နက်ကိုင်ထားတဲ့ အုပ်ချုပ်သူတွေကို လာဘ်ထိုးပြီး အွန်လိုင်းကနေ ငွေလိမ်လည်မှုကို ဂိုဏ်းဖွဲ့လုပ်ဆောင်ကြတဲ့ လုပ်ငန်းတွေက မြန်မာနိုင်ငံ နယ်စပ်တလျှောက် ဖြစ်ပေါ်နေခဲ့ကြရာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အွန်လိုင်းငွေလိမ် ရာဇဝတ်ဂိုဏ်းနှိမ်နှင်းရေး နဲ့ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုရရေး တို့ကိုတွဲလျှက်  ဖေါ်ဆောင်လာခဲ့ကြတာ ဖြစ်ပါတယ်။ အွန်လိုင်း ငွေလိမ်တဲ့ ရာဇဝတ်ဂိုဏ်းနှိမ်နှင်းရေးဟာ ဒေသတွင်းက နိုင်ငံရေးပြဿနာတရပ် ဖြစ်လာပြီး တရုတ်နိုင်ငံသားတွေနဲ့ မြန်မာ-တရုတ်နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေက သြဇာရှိသူတွေရဲ့ အကျိုးခံစားရတဲ့ လုပ်ငန်းတခု ဖြစ်ကာ ထိခိုက်ဆုံးရှုံးသူတွေကတော့ တရုတ်နိုင်ငံသားတွေ၊ ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားက ဖြားယောင်ခိုင်းစေခံရသူတွေ ဖြစ်ပါတယ်။ ဒီပြဿနာက ဒေသတွင်းက ဖြားယောင်းခံရသူ လူကုန်ကူးခံရသူတွေပါ ထိခိုက်မှုတွေ ရှိနေသလို တရုတ်နိုင်ငံကတော့ ရာဇဝတ်မှု ကျူးလွန်သူတွေထဲ ၄င်းတို့ရဲ့ နိုင်ငံသားတွေလည်း ပါဝင်သလို၊ ထိခိုက်ခံစားရသူတွေထဲမှာလည်း ၄င်းတို့နိုင်ငံသားတွေ ပါဝင်နေတာဖြစ်လို့ ဒီလုပ်ငန်းတွေကို နှိမ်နှင်းဖို့ ဆက်စပ်နေတဲ့ နိုင်ငံတွေကို ဖိအားပေးဖို့ သန္နိဋ္ဌာန်ချထားတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီနောက်ခံအကြောင်းတွေက  လတ်တလော ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ရည်မှန်းချက်တွေကို အောင်မြင်ဖို့ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို အသုံးချခဲ့ကြတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ 

ငွေလိမ်ဂိုဏ်းတွေ ကျန်ရှိနေသေးတဲ့ နောက်နယ်စပ်ဒေသတခုကတော့ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ထိုင်းမြန်မာနယ်စပ်က ရွှေကုက္ကိုလ်နဲ့ သောင်ရင်းမြစ်ကမ်း တလျှောက်က လက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးရာ နေရာတွေဖြစ်ပြီး ရှမ်းမြောက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကို နှိမ်နှင်းပြီးနောက် ကရင်ပြည်နယ် ထိုင်းနယ်စပ်က ဂိုဏ်းတွေကို နှိမ်နှင်းဖို့ စစ်ကောင်စီက ထိုင်းစစ်တပ်ရဲ့ ပူးပေါင်းစစ်ဆင်ရေးမှူးနဲ့ ယခုရက်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။ 

မြန်မာစစ်တပ်က ကေအန်ယူလို လက်နက်ကိုင် အဖွဲ့ကို အားချင်းချိန်ခွင်လျှာညှိဖို့ တနည်းအားဖြင့် ကရင် လက်နက်ကိုင် အဖွဲ့ခွဲတွေပေါ်ထွက်အောင် ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုကာလအတွင်း လုပ်ဆောင်ခဲ့ရာက DKBA လိုအဖွဲ့မျိုး ပေါ်ထွက်လာပြီး ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့ကြတာပါ။ လတ်တလော အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက်တဲ့ နယ်မြေတွေက နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဖြစ်ပြီး ကေအန်ယူရဲ့ ခေါင်းဆောင်ပိုင်းတချို့လည်း ဒီနယ်မြေတွေက လုပ်ငန်းတွေအတွက် တစိတ်တပိုင်း အကျိုးခံစားနေကြရတယ်လို့ သတင်းဆောင်းပါးတချို့မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ ၄င်းရဲ့ ဘက်တော်သားတွေ ဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ်လိုမျိုးက အကျိုးခံစားနေကြရတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ရာမှာ ဘယ်လို ညှိနှိုင်းပြောဆိုမှုတွေ ရှိသလဲတော့ မသိရှိနိုင်ပါဘူး။ ဒီဒေသမှာ ဒီလို အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လုပ်ကိုင်နေကြတာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက သတင်းတွေ ရေးသားနေကြပြီး လူကုန်ကူးခံရရာက လွတ်မြောက်လာသူတွေရဲ့ ထုတ်ဖေါ်ချက်အရ အများက သိရှိပြီး အဖြစ်အပျက်တွေ ဖြစ်ပေမယ့် ခုလို နိုင်ငံရေး၊ စစ်ရေး ကိစ္စရပ်တွေနဲ့ ဆက်နွယ်မလာခင်အထိ စစ်ကောင်စီ အနေနဲ့ အရေးယူလုပ်ဆောင်ခြင်း မရှိခဲ့ပဲ အခုလတ်တလော ရှမ်းမြောက်ဒေသက လက်နက်ကိုင် တိုက်ပွဲတွေရဲ့ သင်ခန်းစာ နဲ့ စစ်ကောင်စီက ကရင်ပြည်နယ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ လုပ်ဆောင်လာခြင်း ဖြစ်ပါတယ်။ နှိမ်နှင်းမှုဘယ်လောက်ထိ လုပ်ဆောင်မလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမယ့် ကိစ္စတရပ်ဖြစ်ပါတယ်။ 

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်က မသေသေးတာတွေ့ရမှာ ဖြစ်ပြီး ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေက လောက်ကိုင်မြို့နဲ့ နမ္မတူမြို့တို့ ဖြစ်ပါတယ်။ နမ္မတူမြို့ဟာ အင်္ဂလိပ်ကိုလိုနီခေတ် မတိုင်မီကတည်းက ဘော်တွင်းကြောင့် ထင်ရှားခဲ့တဲ့ မြို့ဖြစ်ပြီး ကိုလိုနီခေတ်ကာလအတွင်းက ကမ္ဘာ့အကြီးဆုံး ခဲနှင့် ဘော်တွင်းဖြစ်ခဲ့ဖူးတဲ့ သတ္တုတူးဖေါ်သည့် မြို့တမြို့ဖြစ်သည်။ လားရှိုးမြို့နှင့် မိုင် ၄၀ ခန့်အကွာအဝေးမှာရှိပြီး ရထားလမ်း ၊ ကားလမ်း ၂ မျိုးစလုံးဖြင့် ဆက်သွယ်ထားရှိတဲ့ မြို့ဖြစ်ပါတယ်။ TNLA  က စစ်ကောင်စီထိန်းချုပ်ထားတဲ့ နမ္မတူမြို့ကို တိုက်ခိုက်သိမ်းယူဖို့ ကြိုးစားနေတာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ခုခံနေပေမယ့်လည်း နောက်ဆုံး သတင်းတွေအရ မြို့ရဲ့နေရာအများအပြားကို TNLA တပ်တွေက နေရာယူထားကြပြီလို့ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၂၅ ရက်နေ့က စတင်ဖြစ်ပွားတဲ့ နမ္မတူမြို့ သိမ်းယူဖို့ တိုက်ပွဲမှာ မြို့အဝင်အထွက်လမ်းတွေကို ပိတ်ဆို့ထားလိုက်ကြတာကြောင့် မြို့ခံတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့မြို့ကနေ ထွက်ပြေးတိမ်းရှောင်ဖို့ အခက်အခဲဖြစ်နေကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

ရှမ်းမြောက်ဒေသမှာ နောက်ထပ် တိုက်ပွဲပြင်းထန်နေတဲ့နေရာ တခုကတော့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် လောက်ကိုင် ဖြစ်ပါတယ်။ လောက်ကိုင်မြို့ သိမ်းယူဖို့ ကိုးကန့် လက်နက်ကိုင် အဖွဲ့ MNDAA က မြို့ထဲဝင်ရောက်နေရာယူ နေပြီးစစ်ကောင်စီဘက်ကလည်း လေကြောင်းအကူအညီနဲ့ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး မြို့ရဲ့နေရာအချို့မှာ မီးလောင်ကျွမ်းနေတာကို သတင်းဓါတ်ပုံတွေအရ တွေ့နေရတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ ၄င်းတို့ရဲ့ နိုင်ငံသားအားလုံး လောက်ကိုင်မြို့ကနေ အမြန်ဆုံးထွက်ခွာဖို့ နှိုးဆော်ချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ 

လောက်ကိုင်မြို့က အနှေးနဲ့အမြန် ကိုးကန့်လက်နက်ကိုင် အဖွဲ့လက်ထဲ ကျရောက်မယ့် အနေအထားဖြစ်ပြီး စစ်ကောင်စီရဲ့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်စခန်းက လောက်ကိုင်မြို့ ကျပြီးနောက်မှာ ပေါ်ထွက်လာမယ့် ပစ်မှတ်ဖြစ်လာမယ့် အနေအထားလည်း ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar