ဆယ်ပေါင်တူ - မိကြင်စိုးနှင့် မိမဲလုံးတို့၏ နှစ်သစ်ကူးလက်ဆောင်
ဆယ်ပေါင်တူ - မိကြင်စိုးနှင့် မိမဲလုံးတို့၏ နှစ်သစ်ကူးလက်ဆောင်
(မိုးမခ) ဒီဇင်ဘာ ၃၀ ၊ ၂၀၂၃
‘ကိုလှကြူ ….ကလှကြူ၊ ကလှကြူရေ အောင်မယ်လေး ကိုယ်ကျိုးတော့ နည်းကုန်ပြီထင်ပါရဲ့’
ခုနစ်အိမ် ရှစ်အိမ်သာမက တရွာလုံးပင် ကြားနိုင်လောက်သည့် မိကြင်စိုး၏ အလန့်တကြား အော်ဟစ်သံက ရွာလယ် နေပြည်တော်လမ်းမတလျှောက် ပျံ့လွင့်သွားလေသည်။
လှကြူတယောက် ဘာများဖြစ်သွားလို့ပါလိမ့်ဟု သိချင်စိတ် ပိုသွားနိုင်သော်လည်း လက်တွေ့မှာမူ လှကြူကတော့ ဘာဆိုဘာမှ ဖြစ်မသွား။ ဖြစ်သွားသည်က မိကြင်စိုးပင် ဖြစ်သည်။ အိမ်ထဲမှ ထွက်လို့ ခြံတွင်း ခြေချရုံရှိသေး ရွာရှိလူငယ်လေးများ လေ့ကျင့်ထားသည့် ငှက်လိမ္မာများက အရပ်ရှစ်မျက်နှာမှ ပျံဝဲကာ မိကြင်စိုး ခေါင်းပေါ် ငှက်ချေးပါချသူကချ၊ တကိုယ်လုံးအနှံ့ ထိုးဆိတ်သူက ဆိတ်၊ မိကြင်စိုးပါးကို အတောင်ပံနှင့် ဘယ်ပြန်ညာပြန် တဖျတ် ဖျတ်ရိုက်သူကရိုက်ဖြင့် မိကြင်စိုးကို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။
သို့သော် ထိုအရာများက မိကြင်စိုးကို ငယ်သံပါအောင် ကြောက်လန့်တကြား ဖြစ်စေခဲ့သည်မဟုတ်။
ဤသို့ ကောင်းကင်မှ အလစ်အငိုက် တိုက်ခိုက်သည်က ဖြစ်ရိုးဖြစ်စဉ် တခုလို မကြာခဏ ကြုံနေသဖြင့် မိကြင်စိုး သိပ်မထိတ်လန့်တော့။ အခုလောက် ထိတ်ထိတ်ပျာပျာ ဖြစ်သွားရသည်က ငှက်အုပ်ထဲမှ စာပို့ခိုတကောင်က မိကြင်စိုး၏ ရှေ့ တည့်တည့်၌ ချသွားခဲ့သော စာတစောင်ကြောင့် ဖြစ်သည်။
စာကို ဖွင့်ဖတ်လိုက်သည်နှင့် မိကြင်စိုးတယောက် အလွန်အမင်း မျက်စိမျက်နှာပျက်သွားကာ လှကြူ နာမည်ကို အော်ဟစ်ခေါ်ရင်း အပြေးလိုက်ရှာလေတော့သည်။
မိကြင်စိုး ဖြစ်ပျက်နေပုံကို မသိသော လှကြူကမူ ခြံရှေ့တွင် ရွာမှကလေးတသိုက်နှင့် ဆောင်းဒဏ်ခံနိုင်ဖို့ မီးထိုင်လှုံကြရင်း သူ ခြုံထားသော စောင်အကြောင်းကို ထုံးစံအတိုင်း ကြွားဝါ၍ ရှင်းပြနေသည်။
‘ဒါကအင်္ဂလိပ်လို အယ်လ်၊ ဒါကအင်္ဂလိပ်လို ဗွီ၊ အဲဒီနှစ်ခုတွဲဖတ်လိုက်ရင် ဘယ်လို အသံထွက်မလဲ’
ကြုံရင်ကြုံသလို အသားလွတ် ကြွားတတ်သော လှကြူကို ကြည့်မရအောင် အမြင်ကတ်နေကြသည့် ကလေးများက-
‘အယ်လ်နဲ့ ဗွီဆိုတော့၊ အင်း.. လဗြွတ်ပေါ့’ ဟု ခွတိုက် ပြန်ဖြေကြသည်။ ထိုအခိုက်မှာပင် လှကြူကို တွေ့သွားသည့် မိကြင်စိုးက-
‘ကလှကြူ ၊ တော့်ကို ပတ်ရှာနေတာ၊ ဟောဒီမှာဖတ်ကြည့်ပေးပါဦး၊ ကျုပ်တော့ ဒုက္ခတွေ့ပြီနဲ့ တူတယ်’
လှကြူက စာရွက်ကိုယူရင်း အသံထွက်ဖတ်လိုက်သည်။
‘၂၄ နှစ်သစ်ကူး၊ မိကြင်စိုးကို မူစကူဒူး’
လှကြူတယောက် ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ၍ စာရွက်ကိုပဲ ဆက်စိုက်ကြည့်နေမိသည်။
ထိုစဉ်မှာပဲ ‘မိကြင်စိုးရေ မိကြင်စိုး ၊ ကျုပ်တော့ လှလှနဲ့ ဒုက္ခ တွေ့ကြပြီနဲ့ တူတယ် ဟောဒီမှာ ဖတ်ကြည့်ပေးပါဦး’ ဆိုသည့် ရွာလယ် နေပြည်တော်လမ်းမကြီးဆီက အူယားဖားယား ပြေးလာသည့် မိမဲလုံး၏ လှမ်းအော်သံကို ကြား လိုက်ရသည်။ အနားသို့ ရောက်လာသည့်နှင့် မိမဲလုံးလက်ထဲက စာရွက်ကို မိကြင်စိုး လှမ်းယူလိုက်ကာ လှကြူလက်ထဲ ထည့်ပေးလိုက်သည်။ လှကြူကလည်း အသံထွက်ဖတ်လိုက်ပြန်သည်။
‘၂၄ နှစ်သစ်ကူး၊ မိမဲလုံးကို မူစကူဒူး’
‘အဲဒါ ဘာဖြစ်လို့လဲ၊ ဘာကို ဆိုလိုတာ နင်တို့က သိလို့လား’ဟု လှကြူက မိကြင်စိုးတို့နှစ်ယောက်လုံးကို ပြန်မေးလိုက်သည်။
မိကြင်စိုးတို့ကလည်း မျက်လုံးကလယ်ကလယ်နှင့် ပြန်ကြည့်ရင်း
‘ကျုပ်တို့လည်း ဘယ်သိပါ့မလဲ၊ မသိလို့ တော့်ဆီယူလာပြတာလေ။ ဘာမှန်းမသိလဲ ‘မူစကူဒူး’ ဆိုတာကြီးက ကြက်သီးထစရာကြီးမို့ သိချင်လို့ လာမေးတာပေါ့’
ဟုတ်တော့လည်း ဟုတ်သည်။ သူတို့ထဲမှာ လှကြူက စာပိုတတ်သူ ဖြစ်သောကြောင့် အားကိုးတကြီးနှင့် လာမေးမြန်းကြခြင်း ဖြစ်သည်။ ခက်သည်က မြို့ကြီးပြကြီးတွင် သုံးစွဲလေ့ရှိသော စကားလုံးများကို သူ့အနေနှင့် ဘယ်လိုလုပ် ချက်ချင်းသိနိုင်ပါမည်နည်း။ လှကြူက အပြန်ပြန် ဖတ်ကြည့်သည်၊ အကြိမ်ကြိမ် ရွတ်ကြည့်သည်။
ခဏအကြာတွင်မူ လှကြူတယောက် ခေါင်းတဆတ်ဆတ်ညိတ်ရင်း ‘ဒီလိုဟ၊ ‘မူ’ နဲ့ ‘စကူ’ဆိုတာက နင်တို့နှစ်ယောက်လုံး မအောင်ခဲ့တဲ့ မူလတန်းကျောင်းနဲ့ ပတ်သက်ပြီး ပြောချင်တာ။ ‘မူ’ဆိုတာက မူလတန်း၊ ‘စကူ’က ‘စကူး’ ကနေ လာတာ၊ ကျောင်းကို အင်္ဂလိပ်လို ခေါ်တာလေ ၊ ‘ဒူး’ဆိုတာကလည်း အင်္ဂလိပ်လို လုပ်ဖို့ ပြောတာ၊ အဲဒီတော့ ‘မူစကူဒူး’ ဆိုတာ ရွာကလူတွေက နင်တို့နှစ်ယောက်ကို မူလတန်းကျောင်း ပြန်တက်ကြဖို့ ရေးထားတာ ဖြစ်မှာပေါ့’ ဒီတော့မှပင် လှကြူ၏ စကားကို မျက်လုံးအဝိုင်းသားနှင့် နားထောင်နေကြသော မိကြင်စိုးတို့နှစ်ယောက် စိတ်သက်သာရာရသွားကြသည်။ ‘အို…ဒီအသက်အရွယ်ကြီးရောက်မှ စာပြန်မသင်ချင်တော့ပါဘူး၊ ဘာမှမတတ်လည်း ဒီရွာမှာ လိမ်စား ညာစား ခြောက်လှန့်စားလို့ ရနေတာပဲ’ မိကြင်စိုး အပြောကို တချိန်လုံး သူ့နောက်လိုက် လုပ်နေရင်း တရွာလုံးကို ပြောချင်ရာပြောပြီး ဖြီးဖြန်းနေသည့် မိမဲ လုံးကလည်း ဟုတ်ပဟု ဆိုကာ ထောက်ခံလိုက်သည်။
‘ပြဿနာက တရွာလုံးနဲ့တယောက် ဆိုသလို ငါတို့နဲ့ တရွာလုံးက မတည့်ကြတော့တာပဲ၊ အခုဟာက မတည့်ရုံတင် မဟုတ်တော့ဘူး၊ ရွာကလူတွေက အရင်လို ငုံ့မခံကြတော့ဘဲ ငါတို့ကို အပျောက်ရှင်းဖို့၊ ရွာကနေ မောင်းထုတ်ဖို့ လုပ်နေကြတာ’ ဆိုသည့် မိကြင်စိုး၏ အပြောကို မိမဲလုံးက ဆက်ပြီး
‘ဟိုတနေ့က ရတဲ့ စာတစောင်မှာလည်း လမ်းများအားလုံး ရွာလယ်ဆီသို့ ဆိုပြီး ငါတို့နေတဲ့ နေရာကို မြှားတွေပြ ခြိမ်းခြောက်ထားတယ်’ ဟု ဝင်ပြောသည်။
အခုနောက်ပိုင်း မိကြင်စိုးအတွက် မြေကြောလည်း ပိုရှုံ့သွားသည်။ အစဉ်အဆက် မိကြင်စိုး၏ မွေးစားအဖေလိုလို ပထွေးလိုလို လူတွေက သူတို့ဘိုးဘွားပိုင်လယ်မြေများကဲ့သို့ တသက်လုံး ဗိုလ်ကျထားခဲ့ကြသမျှ အခုဆိုလျှင် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း ရွာနေရာအနှံ့အပြားတွင် မူလပိုင်ရှင်များက ပြန်လည်နေထိုင် လုပ်ကိုင်နေကြပြီ ဖြစ်၍ မိကြင်စိုးတယောက် ဟိုနေရာလည်း မသွားဝံ့၊ ဒီနေရာလည်း မသွားဝံ့ ဖြစ်နေပေသည်။ မိကြင်စိုး၏ သတ္တိခဲများက ကိုယ်လွတ်ရုန်း သုတ်ခြေတင် ထွက်ပြေးခဲ့ကြ၍ ချန်ထားရစ်ခဲ့ရသည့် ထွန်စက် ထွန် တုံး ကောက်ရိတ်စက် ထော်လာဂျီတို့လို ဈေးမနည်းလှသည့် လယ်ယာသုံးပစ္စည်းများကလည်း မနည်းမနော။
ပြန်တောင်းလို့ရသည့် ကိစ္စမျိုးမဟုတ်၍ အလှူဒါယိကာမကြီး ဆိုပြီး မိကြင်စိုးကို လှောင်ပြောင် သိက္ခာချကြသည်။
မိကြင်စိုးတင်သာ မဟုတ်၊ မိမဲလုံးလို လူယုံတွေ အပါအဝင် ယခင်က လက်နက်အားကိုးဖြင့် အနိုင်ကျင့်တတ်သော၊ ရှူးတိုက်ရုံရှိသေး ပြေးခဲပြီးသားဆိုသည့် မိကြင်စိုး နောက်လိုက် အော့ကြောလန် ခြင်းကြားလွယ် အာကာထွန်း ဘောင်းဘီဝတ်တသိုက်လည်း အရင်ကလို ကြွစောင်းကြွစောင်းဖြင့် ရွာထဲ သဝေမထိုးရဲကြတော့။
မိကြင်စိုး ကျိတ်ပြီး အားကိုးအားထားပြုမိနေသူများကလည်း အသုံးကျမည့်ပုံ မပေါ်။ ထိုသူများတွင် ဟိုမိသားစု ဒီမိသားစုဆိုပြီး ဟိုဘက်မြို့က ပေါက်ဖော်ကြီးတို့နှင့် ပြဿနာ အကြီးအကျယ် တက်နေကြသူများ၏ နာမည်ဆန်ဆန် အမည်ပေးထားသော မိကြင်စိုး၏ အမာခံ ကြောင်မိသားစု၊ ကြောင်မျိုးကြောင်နွယ် လော်ဘီဂရုနှင့် အပေါင်း ပါများလည်း ပါသည်။ သူတို့က မိကြင်စိုး ဘာလုပ်လုပ် အကောင်း၊ ရွာခံလူများစုကတော့ မကောင်းဟု မိကြင်စိုး ဝယ်ပေးထားသည့် အော်လံများနှင့် နေ့စဥ် အော်ပေးတတ်ကြသည်။ ခက်တာက သူတို့ကို ရွာခံများက မယုံကြ။ ကုန်ကုန်ပြောရလျှင် မိကြင်စိုးကိုယ်တိုင်လည်း မယုံ။
နောက်အားကိုးမိသည့် တဖွဲ့ကတော့ မိကြင်စိုးတို့ကို မကြိုက်ဘူး ဆိုသော်လည်း မိကြင်စိုး အကြိုက်၊ မိကြင်စိုး ကြားချင်သည်များကို နေ့နေ့ညည ဒိုင်ခံပြောပေးနေသော အာမိသားစု ၊ အာရှောက်ချောင်တို့ အဖွဲ့ဖြစ်သည်။ မိကြင်စိုးကတော့ တာတီးတို့ယာဘက်က အုပ်စုဟု ခေါ်သည်။ လှကြူက တတိယအုပ်စု၊ ဒါမှမဟုတ် သာဒ့်ပါတီလို့ ခေါ်ဖို့ ဝင်ပြင်ပေးသော်လည်း သူ နှုတ်စွဲနေသည့်အတိုင်းသာ ဆက်ခေါ်နေစမြဲ ဖြစ်သည်။
‘အရင်က ကျုပ် လေလည်တာတောင် မိကြင်စိုး ဘာရေမွှေးဆွတ်ထားတာလဲလို့ ဖားယားပြီး မေးတတ်တဲ့ ကြောင် လော်ဘီဂရုတွေကတောင် အခုပမာမခန့်နဲ့ ထေ့ငေါ့လာနေကြပြီ။ နောက်ပြီး တာတီးတို့ယာဘက်က အုပ်စုတွေကြောင့် စိတ်ဝမ်းများကွဲသွားလေမလားလို့ ကျိတ်မျှော်လင့်နေခဲ့မိပေမဲ့ ရွာကလူတွေက ပိုပါးနပ်၊ ပိုစဉ်းစား မြော် မြင်တတ်ကြလို့ ညီညီညွတ်ညွတ် ဆက်ရှိနေကြပြီး အဲဒီအုပ်စုပဲ တနေ့တခြား ပိုအမြင်ကတ်ခံနေကြရတယ်၊ ကျုပ် တို့နဲ့ မတည့်တဲ့သူတွေအကြောင်း သုံးနှစ်သုံးမိုး ဖောင်းထုနေလည်း ရွာခံတွေက မယုံရေးချ မယုံကြဘူးလေ။ သူတို့နဲ့ လိုင်းချင်းတူလို့ လေချင်းဆုံသွားတဲ့ သူတွေခမျာလဲ ပြဿနာမျိုးစုံကိုဖြစ်လို့’
မိကြင်စိုး ပြောအပြီး လှကြူက ‘အဲဒီ အာရှောက်ချောင်တို့အဖွဲ့က သူတို့နေတဲ့ မြို့ရွာတွေမှာကျ ရပ်ရေးရွာရေး အကြံဉာဏ် ပေးနိုင်လောက်အောင် လောက်လောက်လားလား အဖြစ်ရှိကြတဲ့သူတွေ မဟုတ်ဘူးဟ။ သူတို့ဒေသမှာ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် အထင်မခံကြရတဲ့သူတွေ ဆိုတော့ သူတို့ ခါတော်မီ ‘ကိုတတ်ပ၊မတတ်ပ’ လုပ် နေကြတာကို ဘယ်သူက ယုံမှာလဲ၊ နင်က အလကား သွားမျှော်လင့်နေသေးတယ်’ ဟု အပြစ်တင်လိုက်သည်။
ဤကဲ့သို့ သူ့အတွက် အားကိုးစရာမဲ့ မျှော်လင့်ချက် နည်းပါးလာတာကို သတိပြုမိရင်း၊ သူ့ကြမ္မာကို သူ သဘောပေါက်လာသော မိကြင်စိုးသည် သူတို့အုပ်စု တရားလက်လွတ် ပြုကျင့်လာခဲ့သမျှ ဘွာတေးခတ်ဖို့ စတင်ကြံစည်လာပါတော့သည်။ တရွာတည်းသားချင်းတွေပဲ ငြိမ်းငြိမ်းချမ်းချမ်း စကားပြောကြ၊ ဆွေးနွေးဖြေရှင်းကြတာပေါ့ ဆိုသည့် လေသံမျိုးလည်း လွှင့်လာခဲ့သည်။
သူတို့ထဲမှာ စာတတ်ပေတတ် အဖြစ်ဆုံး လှကြူက ‘ရွာကလူတွေလည်း စိတ်ကျေနပ်အောင် တချို့ကိစ္စတွေ သူ တို့ပြောသလို လိုက်လုပ်ပေးလိုက်ရင် ကောင်းမယ်ထင်တယ်၊ ဥပမာ- နင်တို့ မူလတန်းကျောင်း ပြန်တက်ဖို့ဆိုတာမျိုးပေါ့၊ သူတို့စာထဲပါတဲ့ ‘မူစကူဒူး’ဆိုတာကို လက်ခံပေးလိုက်ကြပေါ့’ ဟု အကြံပေးသည်။ မိကြင်စိုးနှင့် မိမဲလုံးကလည်း လှကြူပြောတာ သိပ်မဆိုးဘူးဆိုကာ သဘောတူလိုက်ကြသည်။
သူတို့ကိုယ်ကိုယ် ထင်တလုံးနှင့် သူတို့သာသိ သူတို့သာ တတ်ကြသူများဟု အထင်ရှိသော မိကြင်စိုးတို့တသိုက်သည် တကယ်တမ်းကတော့ သုံးစားမရသည့် အကြံတုံး ဉာဏ်တုံးများသာ ဖြစ်ကြသည်။ ရွာသူရွာသားများ၏ ဒေါသနှင့် စိတ်ဆန္ဒအမှန်ကိုလည်း နားမလည်ကြသလို တရွာလုံး၏ အင်အားကိုလည်း လျှော့တွက်ကြသည်။ အခုလည်း သိသလို မှတ်သလိုလုပ်ကာ ‘မူစကူဒူး’ ဆိုတာကို ပေါ့ပေါ့တန်တန် အဓိပ္ပာယ်ဖွင့်လိုက်ကြပြန်သည်။
ဤသို့ဖြင့် မိကြင်စိုးနှင့်မိမဲလုံးက ရွာသူရွာသားများ၏ဆန္ဒအတိုင်း ‘မူစကူဒူး’ချင်ကြတာကို ကျေကျေနပ်နပ် သဘောတူ လက်ခံပါကြောင်း၊ သူတို့နှစ်ယောက်၏ နှစ်သစ်ကူးလက်ဆောင်အဖြစ် သဘောထားပေးကြစေလိုပါကြောင်း ဆိုပြီး လော်စပီကာဖြင့် ရွာထဲလှည့်ကာ ကြေညာလိုက်တော့သည်။
ထိုကြေညာသံကို ကြားလိုက်သည်နှင့် ရွာ၏အရပ်ရှစ်မျက်နှာဆီမှ ဟေးခနဲ အော်ဟစ်သံများ ထွက်ပေါ်လာကာ တရွာလုံး နေပြည်တော်လမ်းမကြီးပေါ် သူ့ထက်ငါတိုးဝှေ့ပြီး မိကြင်စိုးတို့ ရှိရာဆီကို အပြေးလာကြလေသည်။ တချို့ကျပြန်တော့လည်း တိုက်ရိုက်မလာဘဲ ဆေးဆိုင်တွေထဲဝင်ကာ ဟိုဆေး ဒီဆေးတွေ ဝင်ဝယ်နေပြန်သေးသည်။
အမြဲလိုလို မှန်းချက်နှင့် နှမ်းထွက် မကိုက်တတ်သော မိကြင်စိုးကတော့ ‘မူစကူဒူး’၏ အနက်အဓိပ္ပာယ်ကို သေချာမသိလေပဲ သူ၏နှစ်သစ်ကူးလက်ဆောင်ကို တရွာလုံးက အလွန်သဘောကျ နှစ်ခြိုက်ကြပါလားဟု တွေးတောရင်း ‘မူစကူဒူး’ဖို့ လာကြသူများကို သူ၏မူပိုင်ပွဲတက်အပြုံးစတိုင်ဖြင့် မအလပြုံး ပြုံးကာ အသင့်စောင့်ကြိုနေလေသည်။ မိမဲလုံးကလည်း အားကျမခံ မျက်နှာမည်းကြီးပေါ်တွင် ပါးချိုင့်ခွက်ခွက်လေး ပေါ်အောင် တမင် ဖျစ်ညှစ် ပြုံးပြရင်း မခို့တရို့ဖြင့် စောင့်ကာနေသည်။ လူအုပ်ကြီး၏ ခြေသံများက တစထက်တစ ပို၍နီးကပ်လာ သလို ‘၂၄ နှစ်သစ်ကူး မိကြင်စိုးကို မူစကူဒူး၊ ၂၄ နှစ်သစ်ကူး မိမဲလုံးကို မူစကူဒူး’ ဆိုသည့် ကြွေးကြော်သံများက လည်း တဖြည်းဖြည်း ပို၍ကျယ်လောင်လာပါတော့သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar