လောင်စာဆီ ပြတ်လပ်မှုကြောင့် ကုန်ဈေးနှုန်းတွေကြီးမြင့်လာမယ့် အရေး
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၅ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၂၃
လောင်စာဆီ ပြတ်လပ်မှုကြောင့် ကုန်ဈေးနှုန်းတွေကြီးမြင့်လာမယ့် အရေး
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာ လောင်စာဆီရောင်းချတဲ့ ဆိုင်တွေမှာ ဆီကုန်နေကြောင်း ဆိုင်းဘုတ်တွေနဲ့ အသိပေးထားတာ၊ လောင်စာဆီ အမျိုးမျိုးကို စျေးနှုန်းနဲ့ ဖေါ်ပြတဲ့ ဘုတ်တွေမှာ ယခင်က ၅ မျိုးလောက်ရှိရာက ဆိုင်တွေမှာ ၁ မျိုး ၂ မျိုးအပြင်မရှိတော့တဲ့ အဖြစ်တွေ ကြုံနေကြရသလို လောင်စာဆီဝယ်ဖို့ မြို့ပြင် အဝေးပြေးလမ်းက ဆိုင်ကြီးတွေအထိ သွားရောက်ဝယ်ယူနေကြရတာတွေ တမိုင်ထက်ပိုပြီး ရှည်လျားတဲ့ ကားတန်းတွေနဲ့ မြို့ပေါ်က မိသားစုသုံး၊ လုပ်ငန်းသုံးကားတွေ လောင်စာဆီဝယ်ယူရဖို့အရေး စိုးရိမ်မှုတွေနဲ့ လိုက်လံဝယ်ယူနေကြရတာ ဖြစ်ပါတယ်။
စစ်ပွဲတွေ ကျယ်ပြန့်လာနေတဲ့ ပြီးခဲ့တဲ့လပိုင်းကတည်းက မြန်မာနိုင်ငံက နယ်ဒေသတွေ၊ ပိတ်ဆို့ခံထားရတဲ့ ဒေသတွေမှာ လောင်စာဆီကို မျှော်လင့်မထားတဲ့ စျေးနှုန်းမျိုးတွေနဲ့ ပေးဝယ်နေကြရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနောက်ဖက်ဒေသ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကလေးမြို့နဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်အများအပြား၊ ကရင်နီပြည်နယ် တို့လိုဒေသတွေက လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ကားလမ်းတွေကို ကုန်ပစ္စည်းသယ်ယူရာမှာ ကန့်သတ်တာ၊ ပိတ်ဆို့တာ၊ တဖက်အိမ်နီးချင်းနိုင်ငံနဲ့ ကုန်သွယ်ဆက်ဆံရေး နည်းပါးတာ၊ လမ်းပန်းခက်ခဲတာတွေကြောင့် လောင်စာဆီကို စျေးကြီးကြီးနဲ့ ဝယ်ယူသုံးစွဲနေကြရတာဖြစ်ပါတယ်။ မြို့ကြီးတွေမှာတော့ အလားတူ ပြဿနာမျိုးမကြုံခဲ့ကြရဘဲ အခုရက်ပိုင်းမှာ လောင်စာဆီတင်သွင်းတဲ့ ဆီမှာ နိုင်ငံခြားငွေ ပေးချေဖို့ အခက်အခဲကြီးမားလာပြီး ရုတ်တရက် လောင်စာဆီ ပြတ်လပ်မှုတွေ ကြုံတွေ့လာရတာ ဖြစ်ပါတယ်။
လောင်စာဆီတင်သွင်းပေးတဲ့ ပုဂ္ဂလိကကုမ္ပဏီကြီးတွေကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က နိုင်ငံခြားငွေ ပမာဏအကန့်အသတ်တခုနဲ့ ၄င်းတို့ရဲ့ သတ်မှတ်စျေး ၁ ဒေါ်လာ ကျပ် ၂၁၀၀ နဲ့ ရောင်းချပေးနေခဲ့ပေမယ့် မကြာခင်ကတော့ ရောင်းချပေးနိုင်ခြင်းမရှိတော့ပဲ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လောင်စာဆီစျေးနှုန်း တလီတာကို ၃၄၀ကျပ်ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။ ပြည်ပပို့ကုန်က ရရှိတဲ့ နိုင်ငံခြားငွေတွေရဲ့ ၅၀ ရာနှုန်းကို ဗဟိုဘဏ်ကို ၄င်းတို့ သတ်မှတ်စျေး ၂၁၀၀ ကျပ်နဲ့ မလဲမနေရ လဲပေးလိုက်ရပြီး ကျန်ငွေကိုမှ လိုင်စင်ရ နိုင်ငံခြားငွေ ဝယ်ယူခွင့် လက်ဝယ်ထားခွင့်ရှိတဲ့ ငွေလဲလုပ်ငန်း၊ ဘဏ်၊ ကုမ္ပဏီတွေအကြား အရောင်းအဝယ် လုပ်ခွင့်ရှိပါတယ်။ အဲလိုလုပ်ရာမှာလည်း သတ်မှတ်စျေး ကျပ် ၂၉၀၀ နဲ့ လုပ်ကြဖို့ ဗဟိုဘဏ်က စည်းမျဥ်းစည်းကမ်း ထုတ်ပြန်ထားပြန်ပါတယ်။ လတ်တလောမှာ နိုင်ငံခြားငွေ ရှားပါးလာတဲ့ ဖြစ်ရပ်က စက်သုံးဆီအတွက် ငွေပေးချေဖို့ အကြပ်အတည်းဖြစ်ပြီး အခုလို လောင်စာဆီဝယ်မရတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
အခုလို အများကြားသိနေတဲ့ ဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ပြဿနာအခက်အခဲက ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။ မကြာသေးခင် နှစ်တွေအတွင်းက သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားငွေ လက်ထဲကုန်ခမ်းသွားလို့ လောင်စာဆီအပါအဝင် ပြည်ပက တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေ မတင်သွင်းနိုင်ဖြစ်ပြီး ကျောင်းတွေ၊ ရုံးတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ သီတင်းပတ်နဲ့ ချီရပ်ဆိုင်းသွားခဲ့ပြီး သမ္မတအိမ်တော်ကို ဆန္ဒပြသူတွေက ဝင်စီးတဲ့အထိ ဖြစ်ပွားခဲ့ပြီး သမ္မတနှုတ်ထွက်ကာ အစိုးရအဖွဲ့ ပြောင်းလဲဖွဲ့စည်းရတဲ့ အနေအထားအထိ ဖြစ်ပွားခဲ့တဲ့ သာဓက ရှိနေတာဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံက စီးပွားရေး မူဝါဒအမှား၊ အစိုးရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုတွေက အကြောင်းရင်းဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခ၊ စစ်ပွဲတွေလို အကြောင်းခြင်းရာတွေ မပါရှိပါဘူး။ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု အလွဲအမှားတွေ၊ စစ်ပွဲတွေကြောင့် စီးပွားရေးအပေါ် ကြီးမားတဲ့ အကျိုးဆက်တွေ သက်ရောက်မှုရှိနေတာ၊ စစ်စရိတ်တွေ အများအပြားသုံးနေရချိန်မှာ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှုက သိသိသာသာ ကျဆင်းနေပြီး လူထုအနေနဲ့ စစ်ပွဲရဲ့ သက်ရောက်မှုတွေဖြစ်တဲ့ ဆုံးရှုံးမှုတွေ၊ လက်လွှတ်လိုက်ရတဲ့ စီးပွားရေး အခွင့်အလမ်းတွေ စတဲ့ အချက်တွေက သီရိလင်္ကာထက် ပိုမိုဆိုးရွားတဲ့ အကြောင်းအချက်တွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အငတ်ဘေးနဲ့ ရင်ဆိုင်ရလောက်အောင် ရိက္ခာထုတ်လုပ်မှု နည်းပါးတာ၊ လူဦးရေအချိုးအစားကြီးမားတာ၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးတာ၊ လူစွမ်းအားရင်းမြစ်ရဲ့ ပညာရေး ကျွမ်းကျင်မှု နိမ့်ကျတာတော့ မဟုတ်ပေမယ့် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရဲ့ အရင်းအမြစ်တွေအားလုံး ပျက်စီးဆုံးရှုံးကာ အခုလို မကြုံစဖူး အခက်အခဲအကျပ်အတည်းတွေ နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ အခုလို လောင်စာဆီ အကြပ်အတည်းကြုံတွေ့ရခြင်းဟာ ကာလတိုတခုအတွင်းမှာ ဖြေရှင်းနိုင်မလား သို့မဟုတ် ဒီထက်ပိုဆိုးရွားလာပြီး လက်ခစားလုပ်ခစား အထည်ချုပ်လုပ်ငန်းလို ကုန်ထုတ်လုပ်မှုတွေကို ထိခိုက်တာ၊ စိုက်ပျိုးရေးလုပ်ကိုင်သူတွေရဲ့ ထုတ်ကုန်တွေ တနေရာက တနေရာ သယ်ယူဖို့ ကုန်ကျစရိတ်တွေ မြင့်တက်လာတာ ခက်ခဲလာတာကြောင့် စိုက်ပျိုးရေးနဲ့ အသက်မွေးတဲ့ တောင်သူလယ်သမားတွေ ထုတ်ကုန်ကို ရောင်းချဖို့ ခက်ခဲတာ၊ စားသုံးသူတွေအနေနဲ့လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ကုန်ပစ္စည်းစျေးကြီးကြီး ပေးဝယ်ကြရတာမျိုး အစရှိတဲ့ တခုပြီး တခုချိတ်ဆက်နေတဲ့ ပြဿနာတွေ ဆက်ကာ ဆက်ကာ ဆိုးရွားလာမယ့် အနေအထားမျိုးလား ဆိုတာ မသိနိုင်သေးတဲ့ အခြေအနေဖြစ်ပါတယ်။
အခု လတ်တလော ဖြစ်ပေါ် လာတဲ့ လောင်စာဆီပြဿနာက စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကို နောက်ထပ် သာဓကပြလိုက်သလို ဖြစ်ပြီး ပြဿနာတခုကို ဖြေရှင်းဖို့ ကြိုးစားရာမှာ အခြားသော ပြဿနာ အသစ်တွေကို ဖန်တီးတာမျိုးလည်း ဖြစ်ကောင်းဖြစ်လာမယ့် အနေအထားတွေလည်း တွေ့မြင်နေရတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar