နေချိုသွေး - ရှမ်းပြည် နိုင်ငံရေးအခြေအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဦးတည်ချက်ပန်းတိုင်
နေချိုသွေး - ရှမ်းပြည် နိုင်ငံရေးအခြေအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဦးတည်ချက်ပန်းတိုင်
(မိုးမခ) ဒီဇင်ဘာ ၆ ၊ ၂၀၂၃
[ ၁ ]
ရှမ်းပြည်နယ်မှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ် နှစ်တပ် ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်(မြောက်ပိုင်း) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)၊ ရှမ်းပြည်(တောင်ပိုင်း)တပ်အပါအဝင် ရှမ်းပြည်နယ်မှာ ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ကျားဖြူပါတီ လို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Shan State Joint Action Committee-SSJAC) ဦးဆောင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များ ကွန်ရက် (Tai Youth Network-TYN)၊ ထိုင်းနိုင်ငံ ရှမ်းတိုင်းရင်းသားများအသင်း (Tai National Community of Thailand-TNCT)၊ ရှမ်းလူငယ်အဖွဲ့ (Tai Youth Organization-TYO) အပါအဝင် ရှမ်းလူမှုရေးအဖွဲ့အစည်းတွေက ( ၁၇ .၁၀. ၂၀၁၃) ရက်နေ့မှာ ရှမ်းပြည်ညီညွတ်ရေးကော်မတီ(Committee for Shan State Unity= CSSU)ကို တရားဝင် ဖွဲ့စည်းတည်ထောင်ခဲ့ဖူးတယ်။
ရှမ်းပြည်နယ် အခြေစိုက် ရှမ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ “ရှမ်းပြည်ညီညွတ်ရေးကော်မတီ (Committee for Shan State Unity)ရဲ့ ၂၀၂၀ ပြည့်နှစ်ကုန်ခါနီးတုန်းက ဆွေးနွေးပွဲ အစည်းအဝေးကို သုံးရက်ကြာ ပြုလုပ်ခဲ့တယ်။
၂၀၂၀ ပြည့်နှစ်ထဲမှာ ဒီဇင်ဘာ ၁၇ ရက်ကနေ ၁၉ ရက်အထိ အွန်လိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်က နိုင်ငံရေးအခင်းအကျင်းတွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ့်ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်။ ရှမ်းပြည်နယ်အတွင်းမှာ အဲဒီအချိန်ထဲက ဖြစ်ပွားနေတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေနဲ့ အစိုးရထံကနေ နည်းလမ်းမျိုးစုံနဲ့ လုပ်ပိုင်ခွင့်ရထားတဲ့ ခရိုနီကြီးတွေပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေက ကျောက်မီးသွေး အပါအဝင် ဓာတ်သတ္တုအမျိုးမျိုးတွေနဲ့ မြစ်ချောင်းတွေကို ပိတ်ဆို့ပြီး ရေကာတာလုပ် ရေအားလျှပ်စစ်ထုတ်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းတွေကြောင့် ဌာနေတိုင်းရင်းသားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ၊ ဒေသခံပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ မလုံခြုံမှုတွေကို ကူညီဖြေရှင်းပေးနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့လည်း “ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (Committee for Shan State Unity)”အနေနဲ့ ထုတ်ပြန်ခဲ့ဖူးတယ်။
စစ်အာဏာရှင်သန်းရွှေ စိတ်ကြိုက် လမ်းညွှန်မှုနဲ့ ဖွဲ့စည်းပုံရေးဆွဲခဲ့ပြီး စစ်တပ်က အကြီးအကဲတွေကို နောက်ကြောင်းပြန် အရေးယူလို့ မရမှုတွေနဲ့ ထွက်ပေါက်ရစေတဲ့အပြင် နိုင်ငံရေးမှာ စစ်တပ်က ကြီးစိုးပါဝင်ခွင့်ရစေတဲ့ ၂၀၀၈ အခြေခံဥပဒေလက်အောက်ကနေ မဲစနစ်နဲ့ ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ ဘယ်လိုပါတီအစိုးရဖြစ်ဖြစ် စစ်တပ်ကို ဝင်ရောက်ခြယ်လှယ် အမိန့်ပေးပိုင်ခွင့်မရှိသလို စစ်အသုံးစရိတ် အပါအဝင် စစ်တပ်ရဲ့ အခန်းကဏ္ဍကို မေးမြန်းစိစစ်ခွင့်လည်း မရှိပါဘူး။ တိုင်းပြည်ရဲ့ လက်နက်ကိုင်စစ်တပ်အနေနဲ့ ဘယ်နေရာ ဘယ်လို တိုင်းရင်းသားဒေသဖြစ်ဖြစ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ၊ သူပုန်လို့ တံဆိပ်ကပ်ပြီး စိတ်ကြိုက် စစ်တိုက် အနိုင်ကျင့်ခွင့် ရှိနေခဲ့သလို စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ အားလုံးရဲ့ စစ်ဦးစီးချုပ်ကိုလည်း စစ်တပ်က ရာထူးအကြီးဆုံး ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်ကပဲ ခန့်အပ်ပိုင်ခွင့်ရှိနေခဲ့တဲ့ တရားဝင်ဖန်တီးထားတဲ့ မတရားသဖြင့် ရေးဆွဲထားတဲ့ ၂၀၀၈အခြေခံ ဥပဒေတွေပါပဲ။
တိုင်းတပါး နယ်ချဲ့လက်အောက်က လွတ်လပ်ရေးရခဲ့ပေမယ့် ခေတ်အဆက်ဆက် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မှုကနေ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ “ရှမ်းပြည်ညီညွတ်ရေး ကော်မတီ(Committee for Shan State Unity)အနေနဲ့ အဲဒီအချိန်က မဲအနိုင်ရပါတီအစိုးရ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ သိရတယ်။
အဲဒီအစည်းအဝေးကို SNLD ပါတီ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့တဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ဥက္ကဋ္ဌ ဦး ခွန်ထွန်ဦး၊ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင် စတဲ့ ထင်ရှားတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေအပြင် ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းအသီးသီးက ထိပ်သီးခေါင်းဆောင်တွေနဲ့ အလုပ်အမှုဆောင်အဖွဲ့ စုစုပေါင်း ၆၅ ယောက် တက်ရောက်ခဲ့ကြတယ်။
[ ၂ ]
မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေအနေနဲ့ ပြည်နယ် တန်းတူခွင့် ဖက်ဒရယ် တောင်းဆိုမှုတွေ ကြာခဲ့ပြီဖြစ်ပြီး အခုလက်ရှိ PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေကြားမှာ “ဖက်ဒရယ်” ဆိုတဲ့ စကား ခေတ်စားလာတော့ အကျဉ်းမျှရေးပြရရင် ဖက်ဒရယ်ဆိုတဲ့ စကားလုံးက လက်တင်စကား “Foedus”နဲ့“Fides” ဆိုတဲ့ စကားလုံးနှစ်ခုကနေ ပေါင်းစပ်ဆင်းသက်လာပြီး သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ ပဋိညာဉ်ပြုခြင်းဆိုတဲ့ အဓိပ္ပာယ်ရတယ်။
ဖက်ဒရယ် ဆိုတဲ့ စကားလုံးကို နိုင်ငံရေးမှာ အသုံးပြုတဲ့အခါ တိုင်း၊ ဒေသကြီးတွေ၊ ပြည်နယ်တွေက မိမိတို့ရဲ့ ဆန္ဒအလျောက် အချင်းချင်း ပူးပေါင်းပြီး ပြည်ထောင်စုနိုင်ငံတော်ကို အတူတကွ ထူထောင်ခြင်း ဆိုတဲ့“ပြည်ထောင်စုစနစ် (Federation)”ဆိုပြီးတော့ အဓိပ္ပာယ်ရှိပါတယ်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ကို တိုင်းရင်းသားခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ကြတယ်။
တိုင်းတပါး နယ်ချဲ့ ကိုလိုနီလက်အောက်ခေတ် တလျှောက်လုံး သီးခြားဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတွေနဲ့ တောင်တန်းဒေသနဲ့ ပြည်မကို ခွဲခြားအုပ်ချုပ်ခံခဲ့ရတဲ့ တိုင်းရင်းသားတွေအနေနဲ့ ချင်းတိုင်းရင်းသား၊ ကချင်တိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသား လူမျိုးစုကြီးတွေက သီးခြားစီ လွတ်လပ်ရေး မယူဘဲနဲ့ ဗမာတိုင်းရင်းသား ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာပြည် ကြားဖြတ်အစိုးရနဲ့ ပူးပေါင်းပြီး နယ်ချဲ့ ကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးကို အတူတကွရယူပြီးတော့ အချုပ်အခြာအာဏာပိုင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ်ကို အတူတကွ ထူထောင်ဖို့ သဘောတူညီမှုရခဲ့ကြတဲ့ စာချုပ်ပါပဲ။
မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အခြေခံရည်မှန်းချက်ပန်းတိုင်မှာ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ မိမိတို့ လူမျိုးတွေရဲ့အသက်၊ အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးနိုင်ရေးတွေပဲ ဖြစ်တယ်။
ရည်မှန်းချက်ကို အကောင်ထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသားအများစုက နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးပမ်းအဖြေရှာခဲ့ကြပေမယ့် ယနေ့အထိ အဖြေရှာမရနိုင်သေးတဲ့အတွက် တိုင်းရင်းသားလူမျိုးအသီးသီးက လက်နက်ကိုင် လမ်းစဉ်နဲ့ ခုခံတော်လှန်စစ်တွေကို ဆင်နွှဲပြီး မိမိတို့ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်နေကြရဆဲ ဖြစ်တယ်။
အဓိကပြဿနာက ခေတ်အဆက်ဆက် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြတဲ့ အစိုးရ တနည်း အာဏာရှင်စစ်အစိုးရရဲ့ နိုင်ငံရေး မရိုးသားမှုတွေကြောင့်ပါပဲ။
လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ သမိုင်းနောက်ခံချင်း မတူညီကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာနဲ့ ခွင့်တူညီမျှ အတူယှဉ်တွဲနေထိုင်နိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်မယ့် ပင်လုံစာချုပ်အတိုင်း လက်တွေအကောင်အထည်ဖော်နိုင်ဖို့ အခြေအနေတွေကနေ အလှမ်းဝေးခဲ့ရတဲ့ အဓိကအဖြစ်အပျက်ကတော့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ တိုင်းပြည်ရဲ့ စစ်တပ်ခေါင်းဆောင် ဗိုလ်နေဝင်း ဦးဆောင်ပြီး ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ ပါလီမန်ဒီမိုကရေစီ အစိုးရဆီကနေ စစ်တပ်အာဏာသိမ်းမှု ဖြစ်ခဲ့တယ်။
လူသာ ပြောင်းတယ်၊ မူမပြောင်းတဲ့ စစ်တပ်ရဲ့ အာဏာရှင်အခန်းကဏ္ဍအရွေ့ကတော့ စစ်ဦးစီးချုပ် မင်းအောင်လှိုင် လက်ထက်ရောက်တဲ့အထိပါပဲ။
[ ၃ ]
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရထံကနေ မဲမသမာမှု အကြောင်းပြပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှု နောက်ဆက်တွဲ အခြေအနေတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ အများဆုံး တည်ရှိရာ ရှမ်းပြည်မှာ နိုင်ငံရေးအရ ထူးခြားမှုက ရှမ်းပြည်နယ်မှာ လက်နက်စစ်အင်အားကောင်းတဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ် နှစ်တပ် ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)ရှမ်းပြည်(မြောက်ပိုင်း) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)ရှမ်းပြည်(တောင်ပိုင်း) အခြေစိုက် ရှမ်းတပ်မတော် နှစ်ဖွဲ့အနေနဲ့ အာဏာရှင်မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တော်လှန်ဖြုတ်ချရေးမှာ အင်တိုက်အားတိုက် မပါဝင်လာတာပါပဲ။
ရှမ်းပြည်နယ်မှာ တဖွဲ့နဲ့တဖွဲ့ နယ်မြေစိုးမိုးရေးကိုသာ ရှေးရှုပြီး အဓိကဘုံရန်သူ စစ်အာဏာရှင် အန္တရာယ်ကို မျက်ကွယ်ပြုခဲ့ကြတာ စစ်ရေးနဲ့ နိုင်ငံရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးလို့ ကောက်ချက်ချပါရစေ။
၁၀၂၇ စစ်ဆင်ရေးရဲ့ စစ်ရေး အရွေ့အနေနဲ့ ရှမ်းပြည်(မြောက်ပိုင်း)က နမ့်ခမ်းမြို့ကို တအာင့် (TNLA)တပ်က စိုးမိုးထိန်းချုပ် သိမ်းပိုက်ထားတဲ့အတွင်းမှာပဲ ရှမ်းပြည်(မြောက်ပိုင်း) အခြေစိုက် SSPP/SSA တပ်အနေနဲ့ နမ့်ခမ်းမြို့နယ်အတွင်းက အိမ်တအိမ်မှာ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ဂိုဏ်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSAက ဝင်ရောက်ဖမ်းဆီးခဲ့တာကို သိလိုက်ရတယ်။ အဲဒီ ငွေလိမ်ဂိုဏ်းကို ဝင်ရောက်ဖမ်းဆီးရာမှာ တရုတ်နိုင်ငံသား ၈၈ ဦး၊ မြန်မာနိုင်ငံသား ၂၈ ဦး၊ စုစုပေါင်းတရားခံ ၁၁၆ ဦးနဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ( Desktop Computer ) ၅၀ လုံး ၊ (Laptop Computer ) ၉၅ လုံး ၊ ဖုန်း ၂၀၄ လုံး၊ တရုတ်ငွေ ၁၉,၁၅၀ ယွမ် ၊ မီးခံသေတ္တာ ၁ လုံး ၊ (Land Cruiser) အမျိုးအစား ကားတစီးတို့ကို ဖမ်းဆီး သိမ်းဆည်းရမိခဲ့တယ်။
ဖမ်းဆီးရမိထားတဲ့ တရုတ်နိုင်ငံသား ၈၈ ယောက်နဲ့ လုပ်ငန်းသုံးပစ္စည်း တချို့ကို နိုဝင်ဘာ ၂၃ ရက်နေ့မှာပဲ SSPP/SSAအနေနဲ့ တရုတ်နိုင်ငံအစိုးရထံ လွှဲအပ်ပေးခဲ့တာကို သိလိုက်ရတယ်။
အဲဒီဖမ်းဆီးမှုမဖြစ်ခင် ရှေ့လလောက်မှာပဲ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အထူးဒေသ (၄) နယ်မြေမှာရှိတဲ့ မိုင်းလားအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ “ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ”အဖွဲ့ ဆိုပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှာ အချက် နှစ်ချက်ပါတဲ့ ကြေညာချက်တစောင် ထုတ်ပြန်လာတာကို တွေ့လိုက်ရတယ်။
ကြေညာချက်အပြည့်အစုံမှာ—
“လတ်တလော မြန်မာ-တရုတ် နယ်စပ်တလျှောက် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေပြီး ပြည်သူများအသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုနှင့် စစ်ဘေးရှောင်ဖြစ်ရမှုအပေါ် မိမိတို့အနေဖြင့် လွန် စွာ စိတ်မကောင်းဖြစ်ရပါသည်။ မိမိတို့သည် ဒေသ၏ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့သည့် အချိန်မှစ၍ ငြိမ်းချမ်းရေး၊ စည်းလုံးရေးနှင့် ဖွံ့ဖြိုးရေးဆိုသောမူကို အစဉ်အမြဲ စောင့်ထိန်းပြီး နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးစုများအားလုံး၏ အခြေခံအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ကြခြင်း ဖြစ်သည်။ လက်ရှိ အခင်းအကျင်းနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အောက်ပါအတိုင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။
၁။ မိမိတို့အနေဖြင့် ဘက်မလိုက်သည့် နိုင်ငံရေးရပ်တည်ချက်အတိုင်း ရပ်တည်ကျင့်သုံးပြီး မည် ကဲ့သို့သော လက်နက်ကိုင်ပဋိပက္ခမျိုးတွင်မဆို မည်သည့်ပုံသဏ္ဌာန်မျိုးနဲ့မှ ဝင်ရောက်ပါဝင်ခြင်း၊ စွက်ဖက်ခြင်းတို့ ပြုမည်မဟုတ်ပါ။
၂။ မိမိတို့အနေဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ စည်းလုံးညီညွတ်ရေး၊ ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အစဉ်အမြဲ ကြိုးပမ်းရင်း နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးစုများအားလုံး အတွက် သဟဇာတဖြစ်သော၊ ချမ်းသာကြွယ်ဝသော လူမှုပတ်ဝန်းကျင်တစ်ရပ် ဖန်တီးတည်ဆောက် ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ထိန်းသိမ်းစောင့်ရှောင်သွားမည် ဖြစ် ပါသည်...”
ဆိုတော့ လက်ရှိဖြစ်နေတဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင် ဖြုတ်ချရေး နိုင်ငံရေးအရွေ့အခြေအနေတွေကို မျက်ကွယ်ပြုရာ ရောက်နေတဲ့ ကြေညာချက်လို့ပဲ ကောက်ချက်ချလိုက်ပါရစေတော့။
စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးနောက် ရှမ်းပြည်နယ်မှာ ပူးပေါင်းစစ်ရေးလှုပ်ရှားနေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်ကြတဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/ TNLA) နဲ့ ရခိုင် (ULA/AA) တို့က အစောဆုံး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သာကို တွေ့ရတယ်။အသက်ပေးဆပ် စွန့်လွှတ်ခဲ့ရသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူလူထုကို အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်နေခြင်း ချက်ချင်းရပ်ပြီး မိဘပြည်သူတွေ တောင်းဆိုနေတဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းမှုကို အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်ကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့ မရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်နေမယ်ဆိုပါက မြန်မာ့နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့အတူ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ပူးတွဲကြေညာခဲ့တယ်။
“ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့် ရက္ခိုင် (ULA/AA) အဖွဲ့အစည်း (၃) ဖွဲ့သည် ဆယ်စုနှစ်နီးပါး အချိန်ကာလတစ်ခုကို နိုင်ငံရေးစားပွဲဝိုင်းတွင်သာမက စစ်မြေပြင်၌ပါ တစ်ယောက်ကို တစ်ယောက် အသက်၊ သွေး၊ ချွေး ပေးဆပ်မှုများစွာဖြင့် စည်းစည်းလုံးလုံး အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြသော စစ်ရေး၊ နိုင်ငံရေး ညီနောင်မဟာမိတ်များ ဖြစ်ကြသည်။ တစ်ဖွဲ့၏ နိုင်ငံရေးရည်မှန်းချက်ကို တစ်ဖွဲ့က လေးစား အသိအမှတ်ပြုပြီး မည်သည့်ကိစ္စတွင်မဆို စိတ်ရင်းစေတနာမှန်ဖြင့် အကောင်းဆုံးဖေးမကူညီခဲ့ကြသည်။ ထို့အပြင် “တစ်ဖွဲ့၏ ပြဿနာသည် သုံးဖွဲ့စလုံး၏ ပြဿနာဖြစ်သည်” ဟူသော မူဝါဒကို ချမှတ်ပြီး ယနေ့အချိန်အထိ ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အချိုးအကွေ့ ကာလများ၌ မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့သည် အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မတူညီသော နိုင်ငံရေး၊ စစ်ရေး စိန်ခေါ်မှုများကို ဆယ်စုနှစ်တစ်ခုနီးပါး အတူတကွ ခါးစည်းခံခဲ့ကြရသော်လည်း မယိမ်းမယိုင်သောခံယူချက်၊ ဇွဲသတ္တိအပြည့်၊ သစ္စာရှိရှိ၊ ရဲရဲရင့်ရင့် ညီနောင်မဟာမိတ်ပီသစွာ ဖြတ်သန်းလျှောက်လှမ်းလာခဲ့ကြပြီး အတူတကွ တိုက်ပွဲဝင်နေဆဲ ဖြစ်သည့်အပြင် အနာဂတ်တွင်လည်း ဆက်လက်ပြီး လက်တွဲခိုင်မာစွာ ရပ်တည်သွားမည် ဖြစ်သည်။
မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့အဖွဲ့အစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှုရရှိနိုင်ရေး၊ မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျဖျင့်) ကုမ္ပဏီများနှင့် အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။ ”
ဆိုပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တယ်။
[ ၄ ]
ညီနောင်မဟာမိတ် ၃ ဖွဲ့ဦး ဆောင်မှုနဲ့ PDFပြည်သူကာကွယ်ရေးတပ်တွေ ပါဝင်တဲ့ Operation 1027 စစ်ဆင်ရေးကို စတင်ဆင်နွှဲပြီးနောက် စစ်ဆင်ရေး ၅ ရက်တာ ကာလအတွင်းမှာပဲ အကြမ်းဖက်စစ်တပ်ရဲ့ စခန်းကြီး ငယ်၊ စစ်ဖက်ဆိုင်ရာ တပ်စခန်းပေါင်း ၈၀ အပါအဝင် ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်မြို့၊ သိန္နီမြို့တွေကို အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်တယ်။စစ်ဆင်ရေး ရက်တွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြောက်အမြား သေဆုံး၊ ဒဏ်ရာရကာ စစ်လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်။ အာဏာသိမ်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က စစ်သမိုင်းမှာ တခါဖူးမျှ မကြုံဖူးတဲ့ အရေအတွက်နဲ့ပျက်စီး သေဆုံး အဘက်ဘက်က ကျရှုံးမှုတွေနဲ့ ကြုံတွေ့လာနေရပြီး ၁၀၂၇ စစ်ဆင်ရေးစတင်ရာ ရှမ်းပြည်(မြောက်ပိုင်း)ဒေသရဲ့ မြို့တော် လားရှိုးမြို့မှာ အခြေစိုက်ထားတဲ့ (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်/ရမခ) အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာမှာ ပထမဆုံးစစ်တိုင်းဌာနချုပ်အဖြစ် စစ်ရေးအရ ခြိမ်းခြောက်ခံနေရပြီး အချိန်မရွေး တိုက်ခိုက်ခံရလာနိုင်တဲ့ တိုင်းစစ်ဌာနချုပ် ဖြစ်လာနေပါတယ်။
တိုင်းရင်းသားတပ်တော်တွေ ဦးဆောင်မှုနဲ့ PDF တော်လှန်ရေးတပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ရက်ကနေစပြီး ရက်တိုတိုအတွင်းမှာ အကြမ်းဖက်စစ်တပ်က စခန်းပေါင်းရာချီ စွန့်လွှတ်ရသလို စစ်သားရာချီ ပိုးစိုးပက်စက် သေဆုံးကုန်သလို တပ်ရင်းလိုက် လက်နက်ချ အညံ့ခံလာရတဲ့အထိ အာဏာသိမ်းစစ်တပ် အထိနာနေပြီး ၁၀၂၇ စစ်ဆင်ရေးအရွေ့ကနေတဆင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ မြို့ပေါင်း ၂၁ မြို့ကို သိမ်းနိုင်ခဲ့ပြီး ဆက်လက်သိမ်းပိုက်ဖို့ကိုလည်း စစ်ဆင်ရေးတွေဖော်ဆောင်လာနေသာ တွေ့ရတယ်။
ရှမ်းပြည်(မြောက်ပိုင်း)မှာ မဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ အတူ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ လက်နက်ကိုင် PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြောင်းနဲ့ သိမ်းပိုက်ရရှိထားတဲ့ မြို့ တွေအပါအဝင် နေရာဒေသ အမည်တွေနဲ့ အာဏာရှင်လက်ကိုင်တုတ် အကြမ်းဖက်စစ်တပ်ထံက ရရှိတဲ့ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိရသလောက် စာရင်း အတိအကျရေးပြရရင် မှတ်တမ်းရှည်ကြီးတစောင် ဖြစ်တော့မှာမို့ စာရင်းအချက်အလတ် အသေးစိတ်ကို မရေးပြတော့ပါဘူး။
တနိုင်ငံလုံးအတိုင်းအတာနဲ့ အကြမ်းဖက် စစ်အာဏာရှင်ကို ဖြုတ်ချနေတဲ့ နွေဦးတော်လှန်ရေး စစ်ဆင်ရေးလှိုင်းလုံးကြီးမှာ မပါဝင်ဘဲ ရှမ်းပြည်နယ်မှာ ဒေသစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် ရှမ်းတိုင်းရင်းသားလူမျိုးအချင်းချင်း မကြခဏ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ် နှစ်တပ်ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ရှမ်းပြည်(မြောက်ပိုင်း) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ရှမ်းပြည်(တောင်ပိုင်း)တပ်တို့အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ထုတ်ပြန်ကြေညာချက်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ကြေညာခဲ့တယ်။
ထုတ်ပြန်ကြေညာချက်ရဲ့ အနှစ်ချုပ်ကို ရေးပြရရင်—
ရှမ်းလူထုနဲ့ သံဃာတော်တို့ရဲ့ လိုအင်ဆန္ဒအတိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) တို့ရဲ့ စည်းလုံးညီညွတ်ရေးကို နှစ်ပေါင်းများစွာ မျှော်လင့်နေကြတဲ့ ဒေသခံ တိုင်းရင်းသား မိဘပြည်သူတွေ လိုလားတောင့်တမှုနဲ့ အညီ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၉-၁၀) ရက်နေ့တွေမှာ ထုတ်ပြန်တဲ့ နှစ်ဖက် ခေါင်းဆောင်တွေရဲ့ အမိန့်ပြန်တမ်းအတိုင်း နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်း၊ နှစ်ဖက်အမျိုးသားညီညွတ်ရေး ထိခိုက်စေသည့် Media အသုံးပြုခြင်းအား ပိတ်ပင်တားဆီးခြင်းတို့ကို နှစ်ဦးနှစ်ဖက်က လိုက်နာ ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ SSPP ဗဟိုဌာနချုပ် ကိုယ်စားလှယ် ၃ ဦး၊ RCSS ဗဟိုဌာနချုပ် ကိုယ်စားလှယ် ၄ ဦးတွေ့ဆုံဆွေးနွေးပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို တရားဝင် သဘောတူညီခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရထံကနေ မဲမသမာမှု အကြောင်းပြပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ ရဟန်းရှင်လူပြည်သူကို လက်နက်အားကိုးနဲ့အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ကို လက်နက်ကိုင်ပြီး ခုခံတော်လှန်စစ်ဆင်နွှဲနေတဲ့ စစ်ကြီး ဖြစ်လာပြီ။
ရှမ်းပြည်အခြေစိုက် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ် ၂ တပ်အနေနဲ့ စစ်အာဏာရှင်ကို ဖြုတ်ချတဲ့ နွေဦးက စတင်ခဲ့တဲ့ တော်လှန်ရေးရဲ့ ရည်မှတ်ချက်ပန်းတိုင်ဖြစ်တဲ့ တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မယ့်အရေးမှာ ဘယ်နေရာ ဘယ်လို အခန်းကဏ္ဍတွေက ပါဝင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပါပဲ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးနောက် ရှမ်းပြည်နယ်မှာ အစောဆုံး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တဲ့ ကိုးကန့်(MNDAA)၊ တအာင့် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) မဟာမိတ်တပ် ၃ ဖွဲ့ ဦးဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်(မြောက်ပိုင်း)ဒေသတဝိုက်တခုတည်း လွတ်မြောက်ဖို့အတွက် မဟုတ်ဘဲ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ PDFတပ်တွေနဲ့ အတူ တနိုင်ငံလုံးအတိုင်းအတာအထိ တိုက်ပွဲဖော်ဆောင်ရင်း စစ်အာဏာရှင်ဖြုတ်ချရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်အထိ ချီတက်သွားမယ်လို့ သိရတဲ့အတွက် ပြည်သူကို ဆောင်းပါးကနေတဆင့် အသိပေးတင်ပြ ရေးသားရချင်းဖြစ်ပါကြောင်း...။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar