Breaking News

ကိုကျော်(မြစ်ကြီးနား) - ဦးထုပ်အကြောင်း၊ နာရီအကြောင်း ( ၃ )


ကိုကျော်(မြစ်ကြီးနား) - ဦးထုပ်အကြောင်း၊ နာရီအကြောင်း ( ၃ ) ဇာတ်သိမ်း

(မိုးမခ) ဒီဇင်ဘာ ၂၂ ၊ ၂၀၂၃


ဦးထုပ်အကြောင်း

ပျံကျစျေးမှာ ကျနော် ရောင်းတဲ့ ဦးထုပ်တွေကတော့ လိုဂိုစာသားမှ မပါတဲ့ ပလိန်းလျှာထိုးဦးထုပ်၊ လိုဂိုဒီဇိုင်းနဲ့ ဦးထုပ် နဲ့ လူငယ်ကြိုက်ဦးထုပ် (fitted cap သို့မဟုတ် လျှာထိုးအပြန့် ရက်ပါဦးထုပ်) တို့ ဖြစ်ကြပါတယ်။ 

ပလိန်းဦးထုပ် (အရောင်စုံ)ကိုတော့  ၃ လုံးကို ဒေါ်လာ ၁၀၊ ဒီဇိုင်းပါ ဦးထုပ်တစ်လုံး ၅ - ၆ ဒေါ်လာ နဲ့ လျှာထိုးအပြန့်ဦးထုပ် ၁ လုံးကို ၁၀-၁၅ ဒေါ်လာခန့် ရောင်းပါတယ်။ ပလိန်းဦးထုပ်ဆိုရင် ဒိုင်မှာဝယ်ရတာက ၁ ဒါဇင်မှ ဒေါ်လာ ၁၈ -၂၀ ခန့်သာ ဖြစ်ပါတယ်။

မှတ်မှတ်ရရ ဦးထုပ်ကို ကြိုက်သည့် ပုံမှန်ဖောက်သည်တစ်ဦး ရှိပါတယ်။ အသက် ၃၀ ကျော် ၄၀ ခန့် မက္ကဆီကန် အမျိုးသားတစ်ဦး ဖြစ်ပြီး နှုတ်ခမ်းမွှေးကားကားနှင့် ရုပ်အတော်ဖြောင့်ပါတယ်။ ဆိုင်ကိုလာတိုင်း စကားသိပ်ပြောလေ့မရှိ။ စားပွဲမှာ ခင်းထားတဲ့ လျှာထိုးဦးထုပ်များကို တစ်ခုချင်းစီ သေချာကြည့်ပြီး သူ ကြိုက်တာတွေ့ရင် တစ်ခုပြီးတစ်ခု ကောက်ယူတတ်ပါတယ်။ သူ လာတိုင်း ဦးထုပ် ၃-၅ လုံး ဝယ်သွားလေ့ရှိပါတယ်။ တစ်နေ့ကျတော့ သူဟာ ဒီဇိုင်းမျိုးစုံ ဦးထုပ်များကို စုဆောင်းတတ်ပြီး အိပ်ခန်းနံရံမှာအပြည့် တန်းစီချိတ်ဆွဲထားတယ်လို့ ပြောပြခဲ့တာကို မှတ်မိပါတယ်။

မက္ကဆီကန်အမျိုးသားများက ဦးထုပ်ကို အလွန်နှစ်သက်ကြပါတယ်။ အသက်ကြီးသူများက ပလိန်းဦးထုပ်ကို  ပိုပြီးဝယ်လေ့ရှိပြီး၊ ဘာကြောင့်မှန်းမသိ 🐓'ကြက်ဖပုံ' လိုဂိုနဲ့ လျှာထိုးဦးထုပ်ကိုလည်း အတော်ကြိုက်ကြတယ်လို့ မှတ်မိပါတယ်။ ဦးထုပ်ဒီဇိုင်းများက အပြောင်းအလဲ မြန်တယ်။ ဒါကြောင့် ဘယ်ဒီဇိုင်းက ထွက်တာကြာပြီ၊ ဘယ်ဒီဇိုင်းကတော့ အသစ် စသဖြင့် ဝယ်သူတွေ သိကြသလို ကျနော့်လို ရောင်းသူများက သူတို့ထက်ပိုပြီး သိထားသင့်ပါတယ်။ အဓိကတော့ ဒီဇိုင်းအသစ် မြန်မြန်ရအောင် ရှာဝယ်တတ်ဖို့ပဲ ဖြစ်ပါတယ်။

ဘလင်းဘလင်း ကြိုက်လား?

နာရီနဲ့ ဦးထုပ်အပြင် လူငယ်တချို့ကြိုက်ကြတဲ့ ရက်ပါစတိုင် ဘလင်းဘလင်း (bling bling) ပစ္စည်းတချို့ကိုလည်း တင်ရောင်းခဲ့ပါတယ်။ ဘလင်းဘလင်း ဆိုတာက တန်ဖိုးကြီးပြီး အရောင်တလက်လက်နဲ့ လက်ဝတ်ရတနာ၊ လက်ပတ်နာရီ၊ ဟန်းချိန်း၊ ချိန်းဆွဲကြိုးများ ဖြစ်ပါတယ်။ အနုပညာလောကမှ ရက်ပါအဆိုတော်များ ဂုဏ်ဖော်ရှိုးထုတ်ပြီး ဝတ်လေ့ရှိတဲ့ အသုံးအဆောင်တို့ ဖြစ်ပါတယ်။

ရက်ပါအဆိုကျော်များ ဝတ်ဆင်ကြတဲ့ ဘလင်းဘလင်းက ရွှေ၊ ငွေ၊ ပလက်တီနမ်အစစ်တွေနဲ့ ပြုလုပ်ထားပေမဲ့ ပျံကျစျေးမှာ ရောင်းတာကတော့ နီကယ်ရည်စိမ် (ငွေ/ရွှေရောင်ရည်စိမ်?)ထားတာ ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အမေရိကန် လူမည်းရက်ပါ "Tupac Shakur" ရဲ့ နာမည်အတိုကောက် 'Tupac' '2Pac' စာသား/ရုပ်ပုံပါ ငွေဆွဲကြိုးတွေ လူကြိုက်များပါတယ်။ ငွေဆွဲကြိုး ၁ ကုံး ဝယ်ရင်း ၅ ဒေါ်လာခန့်ဖြစ်ပြီး ၁၅ -၂၀ နှင့် ပြန်ရောင်းပါတယ်။

ဘလင်းဘလင်းနှင့် ဆက်စပ်မှုရှိတဲ့ 'ဆေးခြောက်ပင်' 'ဆူပါမာရီယို' 'ဒေါ်လာစက္ကူငွေထုပ်' 'ဆေးပြင်းလိပ်ခဲထားသည့်ဘော့စ်' စတဲ့ ဒီဇိုင်းရုပ်ပုံများပါ လူငယ်များကြိုက်သည့် အဖြူရောင်တီရှပ်၊ အနက်ရောင်တီရှပ် (ရွှေရောင်လိုဂိုစာတန်း) တို့ကိုလည်း တွဲပြီးရောင်းခဲ့ပါတယ်။ တီရှပ်တစ်ထည် ရောင်းစျေးက ၁၅-၂၅ ဒေါ်လာကြားဖြစ်ပြီး မူလဝယ်ရင်းကတော့ ၇-၈ ဒေါ်လာဝန်းကျင် ဖြစ်ပါတယ်။

တဆင့်တက်ပြီး ရင်းမြစ်ရှာ

ပျံကျစျေးမှာ အချိန် ၁ နှစ်ကျော် ရောင်းခဲ့တဲ့နောက် ပုံမှန်သွားနေကျ လက်ကားဒိုင်နေရာမှာ ပစ္စည်းဝယ်ရတာကို အားမရတော့ဘူး။ တစ်ပတ် တစ်ကြိမ် ကုန်ကားကြီးတွေနဲ့လာတဲ့ လက်ကားသမားတွေက ဘယ်မြို့ ဘယ်ဆီက လာကြသလဲ? စုံစမ်းမေးမြန်းပါတယ်။ နောက်ပိုင်းကျတော့ လေယာဥ်နဲ့ လော့စ်အိန်းဂျလိစ်မြို့အထိ ရောက်သွားပြီး ကိုးရီးယားလူမျိုး အများစု ဖွင့်ထားကြတဲ့ ဦးထုပ်ဆိုင် လက်ကားစျေးကြီးတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။

ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင် ဦးထုပ်ဒီဇိုင်း၊ ဦးထုပ်ပုံစံ မတူညီကြဘဲ အမျိုးအစားများလွန်းလို့ သေချာလည်ပတ် ကြည့်ရှု့လေ့လာရပါတယ်။ တချို့ဆိုင်များက စက်ကိရိယာနှင့် နှစ်သက်ရာဒီဇိုင်းများကို ကိုယ်ပိုင်ထုပ်လုပ်ကြပါတယ်။ နောက်ဆုံးတော့ ဈေးကွက်နဲ့ ကြိုက်ညီမယ့် ဖောက်သည်ဆိုင်တစ်ခုနှင့် အချိတ်အဆက် ရခဲ့ပြီးတဲ့နောက် ဖုန်းနှင့်အော်ဒါပေးရုံနဲ့ အိမ်အရောက် ပို့ပေးခဲ့ပါတယ်။ ဒီဇိုင်းအသစ်အဆန်းနဲ့ ဦးထုပ်အရေအတွက် တဖြည်းဖြည်းပိုများလာပြီး ကျနော်ရဲ့  ပျံကျစျေးဆိုင်ခန်းလေး ဆွဲဆောင်မှု ပိုများခဲ့ပါတယ်။ 

တစ်ကြိမ်မှာတော့ မိတ်ဆွေစျေးသည်ကြီး ဖန် နှင့်အတူ လာ့စ်ဗေးဂါစ်မြို့ (Las Vegas) မှာကျင်းပသည့် ကုန်စည်ပြပွဲတစ်ခုသို့ တက်ရောက်ပြီး လေ့လာခဲ့တာကို မှတ်မိပါသေးသည်။

တစ်နေ့တာ ပျံကျဈေးသည်ဘဝ

စနေ၊ တနင်္ဂနွေ ၂ ရက်မှာ ကွန်းကော့မြို့ပျံကျဈေးရဲ့ ဂိတ်တံတားပေါက်က နံနက် ၇ နာရီမှာ စဖွင့်ပါတယ်။ ၇ နာရီခွဲခန့်မှာ ကျနော်က ဖို့ဒ်ပေါင်မုန့်ကားနဲ့ စျေးကိုရောက်လေ့ရှိပါတယ်။ ဦးဆုံး ဆိုင်ခန်းအကွက်မှာ တဲထိုးဖို့ (ပိုက်လုံးတွေ ချိတ်ဆက်၊ သစ်သားပြားခင်း၊ အမိုး စသဖြင့်) လုပ်ပါတယ်။ ကားကို ဆိုင်ခန်းအကွက်ရဲ့ နောက်ကျောမှာ ကပ်ပြီးရပ်ပါတယ်။ 

နာရီဝက်လောက်အကြာ မနက် ၈ နာရီလောက်မှာ ဆိုင်ခန်းက အဆင်သင့်ဖြစ်နေပါပြီ၊ ဒါပေမဲ့ ရောင်းချမဲ့ပစ္စည်းများ ထုတ်ပြီးမခင်းသေးပါဘူး။ ကျနော် အရင်ဦးဆုံး လုပ်လေ့ရှိတာက အဟောင်းပစ္စည်းများ ရောင်းတဲ့ ဆိုင်တန်းများဆီသွားပြီး မွှေနှောက်ကြည့်ရှု့တာ ဖြစ်ပါတယ်။ ကိုယ်နဲ့အသုံးတည့်မယ့် တိုလီမိုလီ အိမ်သုံးပစ္စည်းလေးများ (ဥပမာ မြက်ရိတ်စက် လိုမျိုး)၊ ကလေးကစားစရာများ၊ တခါတရံ ပေါချောင်ကောင်း ရှေးဟောင်းပစ္စည်းလေးများ ရလိုရငြား တဆိုင်ပြီးတဆိုင်လိုက်ကြည့်ရတာ ပျော်စရာကောင်းပါတယ်။ (သူငယ်ချင်း ဖန် က သူ့မြို့ကစျေးထဲမှာ 'အိုမီဂါ'တံဆိပ် (Omega) အစစ် လက်ပတ်နာရီဟောင်းတစ်လုံးကို ဒေါ်လာ ၁၀၀ ကျော်ကျော်နှင့် ပေါချောင်ကောင်း ရခဲ့ဖူးပါသည်။)

အဟောင်းဈေးတန်းကို တစ်ပတ်‌လည်ပြီးမှ မိမိဆိုင်ခန်းနေရာသို့ ပြန်လာပြီး ရောင်းချမည့်ပစ္စည်းများ စတင်ခင်းကျင်းပါသည်။ ပုံမှန်အားဖြင့် စျေးဝယ်ဧည့်သည့်များက မနက် ၉ နာရီအကျော်လောက်မှ စတင်ပြီး တဖွဲဖွဲရောက်လာကြပါတယ်။ တစ်နေကုန်စည်ကားနေပြီး ညနေခင်း ၄ နာရီခွဲလောက်မှာ ဆိုင်ခန်းကို စတင်သိမ်းဆည်းကြပါတယ်။

ဇနီးသည်ရဲ့အားဖြည့်မှု

၁၀ - ၁၁ နာရီဝန်းကျင်လောက်ကျတော့ ဘဝဖော်ချစ်ဇနီး ဝင်း က ကျနော်တို့ရဲ့ ကလေးငယ် ၂ ယောက်ကို လက်တွန်းလှည်းဖြင့် တွန်းလာပြီး နေ့လယ်စာ ထမင်းဟင်းဘူးများကိုပါ သယ်ယူလာပါတယ်။ ပြီးလျှင် ခါးပတ်ပိုက်ဆံအိတ်ကိုတပ် ကျနော်နဲ့အတူ စျေးရောင်းကူပါတယ်။ ဇနီးသည်၏ အားသာချက်တစ်ခုက 'မက္ကဆီကန် ဘာသာစကား' (Spanish) ကို ထမင်းစားရေသောက် အခြေခံအဆင့် ပြောတတ်တာကြောင့် ကျနော်ထက် ဈေးရောင်းတာ ပိုပြီးအဆင်ပြေပါသည်။ 

ဈေးရောင်းကောင်းလျှင် ပျော်ပါသည်။ နှစ်ယောက်သား ခါးပတ်အိတ်ဇစ် ဖွင့်လိုက်၊ ပိုက်ဆံထည့်လိုက်၊ အကြွေအမ်းပေးလိုက်နှင့် အလုပ်များနေတတ်ပါသည်။ ဒီကြားထဲ ပျံကျဈေးမှာ ရောပါလာတတ်သည့် 'ပစ္စည်းသူခိုး' ကိုလည်း မျက်စိရှင်ရှင်နှင့် သတိထားကြည့်နေရပါသည်။ နာမည်ကြီးသည့် 'နိုက်ဂျီးရီးယား' လူလိမ်တချို့ကိုလည်း အထူးဂရုစိုက်ရပါသည်။ (အလုပ်ရှုပ်နေချိန်မှာ သူတို့က ဒေါ်လာရာတန် ကိုင်လာပြီး အကြွေလဲပေးဖို့ လုပ်တတ်ပြီး၊ မျက်စိလည်သွားပါက ပိုက်ဆံကို ပိုပြီးပေးလိုက်တာမျိုး ဖြစ်တတ်ပါသည်။)

နိဂုံးချုပ်ပါရစေ

အလုပ်ပိတ်ရက် ၂ ရက်မှာ အနားမယူဘဲ ပျံကျဈေးသည်ဘဝ လုပ်ရတာ ပင်ပန်းတယ်လို့ လုံးဝမခံစားမိပါဘူး။ ကိုယ်ပိုင်စီးပွားရေး ဖြစ်တာကြောင့် မိမိစိတ်ကြိုက်သလို သဘောကျသလို စီမံနိုင်ခွင့်ရှိတယ်၊ အချုပ်အနှောင် ဖိအားမရှိဘူး၊ လွတ်လပ်ပေါ့ပါးတယ်။ အခွင့်အရေးရှိသလောက် ရိုးသားစွာကြိုးစားပြီး ဝင်ငွေရှာနိုင်တာကြောင့် ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။

ဈေးရောင်းရင်း ၂ နှစ်ကျော်အကြာလောက် ၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့တဝန်းကို ဂရက်ရိုက်ခဲ့တဲ့ အမေရိကန် စီးပွားရေးကပ် စတင်ဖြစ်ပွားခဲ့ပါတယ်။ အမေရိကန်ပြည်သူ အတော်များများ ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရတာကြောင့် ပျံကျဈေးလေးကိုလည်း ထိခိုက်လာခဲ့ပါတယ်။ ဈေးလာလည်တဲ့ဧည့်သည် တဖြည်းဖြည်းကျဲလာပြီး ရောင်းကြေးလည်း ပါးလာပါတယ်။ ဒီလိုနဲ့ပဲ ပျံကျဈေးဘဝဇာတ်လမ်း တစ်ခန်းရပ်ခဲ့ပါတော့တယ်။ 

ဘာပဲဖြစ်ဖြစ် အမှတ်တရတစ်ခု အတွေ့အကြုံကောင်းတစ်ခု ရခဲ့ပါတယ်။

အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။ ။

--------------------------------------------------------------

📝မှတ်ချက်။ ။ ကျနော်ရဲ့ ပျံကျဈေးသည်ဘဝ အဖြစ်အပျက်များက လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ခန့်က ဖြစ်ပါသည်။ ဖော်ပြထားသည့် ကုန်ပစ္စည်းများရဲ့ ဈေးနှုန်းများကလည်း အဲဒီအချိန်ကာလက ဖြစ်တာကြောင့် ယနေ့ခေတ်ဈေးနှုန်းများနှင့် ကွာခြားလိမ့်မှာ ဖြစ်ပါတယ်။ အရင်ကထက် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်သွားမယ်လို့ ယူဆပါတယ်။ ယနေ့အချိန်မှာ ကယ်လီဖိုးနီးယားပြည်နယ် Concord Flea Market ရှိသေးသလား မသိတော့ပါ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar