အသက်ဆုံးရှုံးမှုတွေနဲ့ နှစ်သစ် ၂၀၂၄ ကို စတင်
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၂၄
အသက်ဆုံးရှုံးမှုတွေနဲ့ နှစ်သစ် ၂၀၂၄ ကို စတင်
၂၀၂၃ ကို ဆက်ခံတဲ့ ၂၀၂၄ ခုနှစ်ဟာ နှစ်ဟောင်းက အမွေဆက်ခံပြီး တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေ၊ ကျေးရွာကို ဝင်ရောက်စီးနင်းသတ်ဖြတ်မှုတွေ နဲ့ စတင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမြောက်ဖက် စစ်ကိုင်းတိုင်း မှာ PDF က သိမ်းယူထားတဲ့ ကောလင်းမြို့ကို ဝန်းသိုအမြောက်တပ်က အမြောက်နဲ့ လှမ်းပစ်ရာမှာ ဈေးထဲ ကျရောက်ရာမှာ အနည်းဆုံး ၆ ဦးသေဆုံးပြီး ၁၅ ဦးဝန်းကျင် ဒဏ်ရာရရှိသွားတယ်လို့ VOA မြန်မာပိုင်း သတင်းမှာ ဖေါ်ပြထားတာဖြစ်ပါတယ်။
နိုဝင်ဘာလကတည်းက PDF တပ်ဖွဲ့တွေ သိမ်းယူထားပြီး NUG လက်အောက်က ပြည်သူအုပ်ချုပ်ရေး အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့တွေက ထိန်းချုပ်ထားတဲ့ ကောလင်းမြို့မှာ မြို့ခံအချို့ပြန်လည် နေထိုင်နေကြတဲ့ အနေအထားမှာ ကောလင်းနဲ့ အနီးဆုံးမြို့ဖြစ်တဲ့ ဝန်းသိုမြို့မှာ ရှိတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ်က လှမ်းပစ်ခတ်တာလို့ ကောက်ချက်ချကြတာ ဖြစ်ပြီး ဈေးစည်ကားချိန်မှာ ကျရောက်ပေါက်ကွဲတာ ဖြစ်လို့ ကလေးငယ် အပါအဝင် အရပ်သားတွေ အများစုသေဆုံးကြရတယ်လို့ သတင်းထဲ ဖော်ပြထားပါတယ်။
စစ်ကောင်စီ အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ သိမ်းယူထားတဲ့ မြို့အများအပြားနဲ့ ပကဖ အဖွဲ့က သိမ်းယူထားတဲ့ ကောလင်းလိုမြို့တွေကို လေကြောင်းက ဗုံးကြဲ၊ ပစ်ခတ် တိုက်ခိုက်တာ၊ မြေပြင်က အဝေးကို လှမ်းပစ်နိုင်တဲ့ အမြောက်တွေနဲ့ ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်တဲ့ မဟာဗျူဟာကို ကျင့်သုံးနေတာ ဖြစ်ပြီး မကြာသေးခင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေး ဆွေးနွေးဖော်ဆောင်ရေး ကော်မတီက ဒုဗိုလ်ချုပ်ကြီး မင်းနိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ မြေပြင်မှာ မြို့တွေ သိမ်းယူနိုင်မှာ ဖြစ်ပေမယ့် ၄င်းတို့အနေနဲ့ လက်နက်ဆန်းတွေ သုံးပြီး လေကြောင်းက တိုက်ခိုက်နေမှာ ဖြစ်လို့ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြောင်း TNLA က ဗိုလ်မှူးချုပ် တားဘုန်းကျော်က ၄င်းရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ရေးသားခဲ့တာလည်း ယခုရက်ပိုင်းအတွင်း တွေ့ရှိရတာ ဖြစ်ပါတယ်။ အခုလို အပစ်ရပ်ရေးဆွေးနွေးပွဲမှာတောင် စစ်ကောင်စီဘက်က ၄င်းတို့ရဲ့ လက်စားချေ ဖျက်ဆီးလိုတဲ့ သဘောထားကို စိတ်မထိန်းနိုင်ပဲ ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။
မြောက်ပိုင်း ညီနောင် ၃ ဖွဲ့အနေနဲ့ ရှမ်းမြောက်မှာ သိမ်းယူထားတဲ့ မြို့ ပေါင်း ၁၀ မြို့နဲ့ တိုက်နယ်မြို့ ၁ မြို့ စုစုပေါင်း ၁၁ မြို့ရှိနေပြီ ဖြစ်ပါတယ်။ သိမ်းယူထားတဲ့ မြို့တွေအနက် နမ့်ခမ်း၊ သိန္နီ၊ နမ့်ဆန်၊ မန်တုံတို့လိုမြို့တွေကို စစ်ကောင်စီက မကြာခဏ လေကြောင်းက တိုက်ခိုက်နေတာ ဖြစ်ပြီး မကြာသေးတဲ့ သီတင်းပတ်အတွင်း သိန္နီမြို့က ရဲစခန်းကို လေကြောင်းနဲ့ ဗုံးကြဲခဲ့ရာမှာ နေအိမ်အများအပြား ပျက်စီးသလို အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တာပါ။ အလားတူ နမ့်ခမ်းမြို့ကိုလည်း လေကြောင်းက တိုက်ခိုက်မှုတကြိမ်မက လုပ်ဆောင်ခဲ့ပြီး နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့တဲ့အကြောင်း သတင်းတွေထဲ ပါရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ အစမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ အခြားသော နေရာဒေသတွေကတော့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲက ချောင်းနှစ်ခွတံတားကို ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီဘက်က အပြင်းအထန် တိုက်ခိုက်နေတာ၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရဲ့မြို့တော် လောက်ကိုင်မြို့မှာ စစ်ကောင်စီတပ်၊ ကိုးကန့် ဦးစီးအဖွဲ့ရဲ့ တပ်တွေနဲ့ MNDAA တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ရှမ်းမြောက် ပြည်ထောင်စု လမ်းမကြီးပေါ်က ကွတ်ခိုင်မြို့တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ရဲ့ တပ်တွေ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာ၊ ပဲခူးတိုင်း နတ်သံကွင်း နဲ့ ပဲနွယ်ကုန်း တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ပလကဝ ဒေသက စစ်ရေးဗျူဟာအရ အရေးကြီးတဲ့ တင်းမ ဗျူဟာကုန်းကို AA အဖွဲ့က ရရှိဖို့ အပြင်းအထန် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
အခုလို တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှာလည်း စစ်ကောင်စီက ကျေးရွာတွေကို ဝင်ရောက်ပြီး အရပ်သားအချို့ကို သတ်ဖြတ်တာတွေလည်း ခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ပါတယ်။ မတ္တရာမြို့နယ် ရှမ်းမြောင်းရွာက ကျောက်မှုန့်စက်ရုံ လုပ်ငန်းကို စစ်ကောင်စီတပ်တွေက ဝင်ရောက်လာပြီး အသက် ၇၀ အရွယ် ပိုင်ရှင်ဖြစ်သူ နဲ့ အလုပ်သမား စုစုပေါင်း ၆ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဘီဘီစီ မြန်မာပိုင်း သတင်းမှာ ဖော်ပြထားပါတယ်။ မန္တလေးတိုင်းအခြေစိုက် PDF အဖွဲ့တွေက မတ္တရာမြို့နယ်၊ နောင်ချိုမြို့နယ်အစပ် အစရှိတဲ့ ဒေသတွေမှာ အခြေစိုက်ပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေကြတာ ဖြစ်ပြီး စစ်ကောင်စီတပ်တွေက မတ္တရာနယ်မှာ ရှိတဲ့ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးတာ၊ သတ်ဖြတ်တာ၊ နေအိမ်မီးရှို့တာတွေ လုပ်ဆောင်နေတာ သတင်းတွေထဲ တွေ့နေရတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်သစ်ကို အစပြု ဖြတ်သန်းတဲ့ နှစ်သစ်ရဲ့ ရက်တွေမှာ မြန်မာနိုင်ငံအနှံ့အပြား တိုက်ပွဲတွေ၊ လေကြောင်း ဗုံးကြဲ၊ တိုက်ခိုက်မှုတွေ၊ အရပ်သားတွေကို ဆန့်ကျင်ဘက် တပ်ဖွဲ့ဝင် ဆိုတဲ့သံသယ စွပ်စွဲချက်တွေနဲ့ သတ်ဖြတ်မှု သတင်းတွေနဲ့ စတင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၅ ရာနှုန်းကျော် ရှိလာပြီဖြစ်တဲ့ စစ်ဘေး တိမ်းရှောင်ရသူ အရေအတွက်ကလည်း ၂၀၂၄ ခုနှစ်မှာ ဆက်လက်မြင့်တက်နေဦးမယ့် အနေအထားလို့လည်း မှန်းဆရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar