Breaking News

လောက်ကိုင် ဒကစ မျှော်လင့်မထားတဲ့ ဆောလျင်စွာ လက်နက်ချခြင်းနဲ့ အကျိုးဆက်တွေက ဘာဖြစ်မလဲ၊ ၁၀၂၇ စစ်ဆင်ရေးမှာ နောက်ဆုံးလူလုံးပြလာတဲ့ ဝ အဖွဲ့

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၅ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၂၄


လောက်ကိုင် ဒကစ မျှော်လင့်မထားတဲ့ ဆောလျင်စွာ လက်နက်ချခြင်းနဲ့ အကျိုးဆက်တွေက ဘာဖြစ်မလဲ၊ ၁၀၂၇ စစ်ဆင်ရေးမှာ နောက်ဆုံးလူလုံးပြလာတဲ့ ဝ အဖွဲ့

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်ဖြစ်တဲ့ လောက်ကိုင်မြို့ကို စစ်ရေးအရ ထိန်းချုပ်အကာအကွယ် ပေးထားတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခုလုံး ဇန်နဝါရီ ၄ ရက်နေ့မှာ လက်နက်ချလိုက်ကြတဲ့ အဖြစ်က ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း အများဆုံး လက်နက်ချတဲ့ ဖြစ်ရပ်ဖြစ်လို့ အများက အံ့အားသင့်စရာ ဖြစ်ရပ်တခု ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်လောက်ကတည်းက  လောက်ကိုင်မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ရာက သီတင်း ၂ ပတ်ကျော်အကြာမှာ လောက်ကိုင်မြို့ တခုလုံးကို MNDAA က သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ လောက်ကိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့တွေ သိမ်းယူနိုင်တာကို ကြီးကြီးမားမား အံ့အားသင့်စရာ မဟုတ်ပေမယ့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် တခုလုံး ကြာရှည်စွာ ခုခံတိုက်ခိုက်မှု မလုပ်နိုင်ဘဲ လက်နက်ချလိုက်တဲ့ အဖြစ်အပျက်က အံ့အားသင့်စရာ ဖြစ်ရပ်ဖြစ်ပါတယ်။ တပ်ရင်းအလိုက် တိုက်ခိုက်ရင်း ပိတ်မိကာ လက်နက်ချခဲ့တဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပေမယ့် အခုလို အင်အား ၂၀၀၀ ကျော်ရှိတဲ့ ဒကစ စခန်းတခုလုံး၊ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ ဒကစ မှူးပါ လက်နက်ချလိုက်တဲ့ အဖြစ်အပျက်က စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးသော ဖြစ်ရပ်ဖြစ်ပါတယ်။ 

ဆွေးနွေးညှိနှိုင်းမှု ရှိခဲ့ပြီးနောက် ဒကစ လက်နက်ချလိုက်တယ်လို့ သတင်းဖေါ်ပြမှုတွေမှာ ပါရှိပေမယ့် ဘယ်လို သဘောတူညီမှုနဲ့ လက်နက်ချခဲ့သလဲ စတဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရှိနိုင်သေးပါဘူ။ လက်နက်ချပြီးနောက် တရက်မှာ ဒကစမှူးပါဝင်တဲ့ စစ်ကောင်စီတပ် အရာရှိကြီးတွေနဲ့ တဖက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့က တာဝန်ရှိသူတချို့ ဝိုင်းထိုင်ပြီး ညစာစားနေတာ၊  မိတ်ဆွေဖြစ် အရက်ခွက်တိုက်နေကြတဲ့ ဓါတ်ပုံတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ အရပ်ဝတ် ဝတ်ဆင်ထားတဲ့ လောက်ကိုင် ဒကစမှူး စစ်ဗိုလ်ချုပ် နဲ့ အတူ MNDAA က တာဝန်ရှိတဲ့သူတွေလို့ ယူဆရသူတွေ အခုလို တဝိုင်းတည်း ထိုင်ကာ စကားပြော စားသောက်နေကြပုံက လောက်ကိုင်အရေးမှာ လက်နက်ချဖို့ နေပြည်တော်က သဘောတူ အတည်ပြုခဲ့တယ်လို့ မှန်းဆရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

လက်နက်ချပြီးနောက်မှာ စစ်အင်အား ၂၄၀၀ ဝန်းကျင်ကျော်ရှိတယ်လို့ ခန့်မှန်းပြောဆိုနေကြတဲ့ စစ်ကောင်စီရဲ့ ဒကစ တခုလုံး လက်နက်ချကာ ကိုးကန့်ဒေသကနေ လားရှိုးကို ထွက်ခွာလာကြတော့မှာ ဖြစ်ပါတယ်။ ဆိုတော့ လက်နက်ချတဲ့အခမ်းအနားနဲ့ အလုံးအရင်းနဲ့ လက်နက်မဲ့ ဆုတ်ခွာသွားကြပုံဟာ မဟာမိတ်ညီနောင်တွေနဲ့ စကစစစ်ခေါင်းဆောင်တို့ကြားက ဘယ်သို့ဘယ်ပုံ သဘောတူညီမှု ရခဲ့သလဲဆိုတာ စိတ်ဝင်စားစရာ မေးခွန်းဖြစ်လာလိမ့်မယ် ထင်ပါတယ်။ 

လောက်ကိုင် ဒကစ တခုလုံးလက်နက်ချတာနဲ့ အတူ အခြားအရေးကြီးတဲ့ ဖြစ်ရပ်တခုလည်း ဒီနေ့မှာပဲ ဖြစ်ပျက်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကတော့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် ဟိုပန်မြို့ကို MNDAA လက်နက်ကိုင် အဖွဲ့တွေက သိမ်းယူခဲ့ပြီးနောက်မှာ ဝ ပြည်နယ်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ UWSA ထံလွှဲပြောင်းပေးလိုက်တဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ 

အခု ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့စဥ်က UWSA အနေနဲ့ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား၊ စစ်ကောင်စီနဲ့ TNLA အကြားဖြစ်ပွားတဲ့ လက်နက်ကိုင် တိုက်ပွဲတွေမှာ ဘယ်ဘက်ကမှ ပါဝင်မှာ မဟုတ်သလို၊ ၄င်းရဲ့ မြေပိုင်နက် လေပိုင်နက် နယ်မြေတွေကိုလည်း ဘယ်အဖွဲ့ကိုမှ အသုံးချခွင့် ကျူးကျော်ဝင်ရောက်ခွင့် ပြုမှာမဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဆိုလိုတဲ့ သဘောက ၁၀၂၇ စစ်ဆင်ရေးမှာ ဝ တပ်ဖွဲ့အနေနဲ့ လုံးဝပတ်သက်ခြင်း မရှိတဲ့ သဘောမျိုး အစပိုင်းမှာ ပြသခဲ့ပေမယ့် ၂ လကျော်ကြာပြီးနောက်မှာ ဟိုပန်မြို့ သိမ်းယူတဲ့အခါ ဝ လက်နက်ကိုင် တပ်ဖွဲ့က ဟိုပန်မြို့ကို ဝင်ရောက်လာခြင်းအားဖြင့် ဒီ စစ်ဆင်ရေးမှာ ဝ ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့အနေနဲ့ နောက်ကွယ်မှာ ပါဝင်တယ်ဆိုတာ သက်သေခံလိုက်သလို ဖြစ်သွားတာပါ။ 

စစ်ကောင်စီ ခေါင်းဆောင်က ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားပြီးနောက်မကြာခင် ကာ/လုံကို အစီရင်ခံရာမှာ ကိုးကန့်တပ်ဖွဲ့တွေ ဝ နယ်ကို ဖြတ်သန်းပြီး ချင်းရွှေဟော်ကို ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့ အချက်ကို ထည့်သွင်းပြောဆိုခဲ့တာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီ အနေနဲ့ ဝ ထောက်ပံ့မှု၊ ထောက်ခံမှု ပါဝင်တယ်ဆိုတာကို ထုတ်ဖေါ်ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဝ လက်နက်ကိုင် အဖွဲ့အနေနဲ့ အခုစစ်ဆင်ရေးမှာ လက်နက်၊ ငွေကြေး၊ လူအင်အားအထိ ပါဝင်တိုက်ခိုက်ပေးနေတယ် လို့ မှန်းဆချက် တချို့လည်း ရှိနေနှင့်ပြီး ဝ လက်နက်ကိုင် အဖွဲ့အနေနဲ့ ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေသာမကပဲ ရှမ်းတောင်နဲ့ ဆက်စပ်နေတဲ့ ကရင်နီဒေသက လက်နက်ကိုင် အဖွဲ့တွေကိုလည်း လက်နက်ခဲယမ်းတွေ ရောင်းချပေးတာ သို့မဟုတ် ကူညီပေးတာတွေ ရှိနေတယ်လို့လည်း အချို့က ယူဆကြတာ ဖြစ်ပါတယ်။ မကြာခင် လပိုင်းအတွင်းက ရှမ်းပြည်နယ် ပင်လုံဒေသမှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တဲ့ လက်နက်နဲ့ ခဲယမ်းတွေက ဝ နယ်က သယ်ဆောင်လာပြီး ကရင်နီဒေသကို ဦးတည်သယ်ဆောင်မယ့် လက်နက်တွေလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ဖူးတာ ဖြစ်ပါတယ်။ 

ဝ အနေနဲ့လည်း မြန်မာနိုင်ငံမှာ တရားဝင် အသိအမှတ်မပြုထားသည့်တိုင် ကွန်ဖက်ဒရေးရှင်း အနေအထားမျိုးနဲ့ ဆယ်စုနှစ် ၃ ခုကျော်ရပ်တည် နေထိုင်နိုင်တဲ့ တခုထည်းသော အဖွဲ့ဖြစ်သလို လက်နက်ကိုင် တိုက်ပွဲတွေ မဖြစ်အောင် ပါးနပ်စွာရှောင်တိမ်း အုပ်ချုပ်နိုင်ခဲ့တဲ့ အနေအထားမျိုး နဲ့ ရပ်တည်ခဲ့တဲ့ ဒေသဖြစ်ပြီး ဝ အနေအထားမျိုးကို အားကျနေတဲ့အထဲ AA လို လက်နက်ကိုင် အဖွဲ့လည်း ရှိတာဖြစ်ပါတယ်။ အခုလို စစ်ကောင်စီက အားနည်းတဲ့အချိန်မှာ မိမိတို့ ပြည်နယ်၊ ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်အောင် ပိုမိုအခြေခိုင်အောင်၊ စစ်အင်အားနဲ့ ဖြစ်စေ၊ မဟာမိတ်ဆက်ဆံရေး တည်ဆောက်၍ ဖြစ်စေ တိုးချဲ့ကြတာ သဘာဝ ကျပြီး လက်တွေ့လည်း ကျတယ်လို့ မှတ်ချက်ပြုကြရမှာ ဖြစ်ပါတယ်။ 

ခြုံပြီး ကောက်ချက်ချရရင် ၁၀၂၇ စစ်ဆင်ရေးမှာ အကျိုးအမြတ် ရရှိကြတဲ့ အထဲ ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ကလည်း အဓိက ကျတဲ့အဖွဲ့တဖွဲ့ဖြစ်တယ်ဆိုတာ အဖြစ်အပျက်တွေက သက်သေပြခဲ့တာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar