မသီတာ(စမ်းချောင်း) - ဖနောင့်
မသီတာ(စမ်းချောင်း) - ဖနောင့်
(မိုးမခ) ဇန်နဝါရီ ၇ ၊ ၂၀၂၄
ဖနောင့်
ဖနောင့်ဟာ ကံဇာတာ တက်လာသလို ပေါ်ပြူလာ ဖြစ်လာနေတယ်။ အတန်းအစားမရွေး သည်းခြေကြိုက် ကိုယ်အင်္ဂါအစိတ်အပိုင်းဟာ ဖနောင့်ပဲ။ နောက် သွေးစည်းမှုကို ထင်ဟပ်ဖော်ပြနိုင်တဲ့ အစိတ်အပိုင်းဟာလည်း ဖနောင့်ပဲ ဖြစ်တယ်။
တကယ်တော့ မကြာသေးတဲ့ အတိတ်တုန်းကတော့ ဖနောင့်ဟာ လူ့ဝတ်ရုံပေါ် မူတည်ပြီး အသုံးကွဲပြားခဲ့တယ်။ သာမန်သမားတွေကတော့ ချွတ်နင်းပြီး ရွေ့လျားရတဲ့သူက အများစုမို့ ဖနောင့်ထက် ခြေဖျားက ပိုပြီး ခေတ်စားခဲ့တယ်။ တချို့ဝတ်ရုံသမားတွေကတော့ ဖနောင့်မှာ ခွာ တပ်ထားတဲ့ ခြေနင်းတွေနဲ့ တဖြောင်းဖြောင်း နင်းပြီး ချွတ်နင်းပြေးလွှား ခြေဖျားတွေကို မဟားတရားတွေ ကျင့်ပြုခဲ့ကြတယ်။
မကြာသေးခင်ကတော့ သာမန်တွေဟာ ခြေစုံရပ်ပြီး ဝတ်ရုံခြေနင်းသမားတွေကို ခုခံကန်ထုတ်လာကြတယ်။ အဲဒီနောက်တော့ ဝတ်ရုံခြေနင်းသမားတွေဟာ ဖနောင့်နဲ့တင်ပါး တသားတည်းဖြစ်အောင် အသားကုန် အားထုတ်လာကြရာက ဖနောင့်ဟာ ခေတ်စားလာခဲ့တယ်။ ဖနောင့်သုံးသမားနဲ့ ဦးနှောက်သုံးသမားဟာ တူတူပဲလို့တောင် အသိအမှတ် ပြုလာကြတဲ့အထိ ဖနောင့်ဟာ ကျန်အင်္ဂါအစိတ်အပိုင်းတွေထက်ကို နေရာရလာတယ်။ ဒါပေမဲ့ ဖနောင့်သုံးသမားအများစုဟာ ပခုံးပေါ်မှာ အပွင့်အခက်တွေ များများမပါတဲ့ ဒုံးတွေက အများစုမို့ အတန်းစားတချို့ကပဲ အလေးအမြတ် ထားကျင့်သုံးတဲ့အရာ ဖြစ်နေဆဲပဲ။
ခုတော့ အားလုံးနဲ့ တသားတည်း ဖြစ်ကြောင်း သက်သေပြမှ ဖြစ်တော့မှာမို့ ဦးသျှောင်ကြီးဟာ ဖနောင့်ရဲ့ အခန်းကဏ္ဍကို လျစ်လျူမရှုနိုင်တော့ပါဘူး။ လာလေရော့ဆိုပြီး ဖနောင့်ကို သုံးဖို့ အသားကုန် ကျုံးပြီး အားထုတ်လိုက်တယ်။ ဖြစ်ချင်တော့ ဦးနှောက်က ဖနောင့်ကို မလိုက်နိုင်လိုက်ရှာဘူး။
ဒီတော့ ဖနောင့်နဲ့တင်ပါး တသားတည်း ဖြစ်ရမယ့်အစား ဖနောင့်နဲ့ သံဖျား တသားတည်း ဖြစ်ရာက ဦးသျှောင်ဟာ တခါတုန်းက သာမန်များလို ခြေဖျားနဲ့ ချွတ်နင်းရင်း 'ဖနောင့်'ကို ဖနောင့်နဲ့ ပေါက်ပစ်နိုင်ဖို့သာ အားထုတ်နေဆဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar