လက်နက်ချတဲ့ ဗိုလ်မှူးချုပ် ၆ ယောက် လားရှိုးကို ပြန်ရောက်၊ မတူ ထူးခြားတဲ့ ရှမ်းမြောက်က လက်နက်ချမှုရဲ့ နောက်ဆက်တွဲ
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၆ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၄
လက်နက်ချတဲ့ ဗိုလ်မှူးချုပ် ၆ ယောက် လားရှိုးကို ပြန်ရောက်၊ မတူ ထူးခြားတဲ့ ရှမ်းမြောက်က လက်နက်ချမှုရဲ့ နောက်ဆက်တွဲ
လောက်ကိုင်မြို့အနီးက ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) စခန်းကနေ ကိုးကန့်တပ်ဖွဲ့တွေထံ လက်နက်ချဖို့ သဘောတူလိုက်တဲ့ စစ်အင်အား ၂ ထောင်ကျော်ရဲ့ အမိန့်ပေး အုပ်ချုပ်သူ ဗိုလ်မှူးချုပ် ၆ ယောက်ကို ဝ နယ်ကနေ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို စစ်ရဟတ်ယာဥ်နဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ လာရောက်ခေါ်ဆောင်သွားတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်လောက်ကိုင်မှာ သီတင်း ၂ ပတ်အကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒကစ ဌာနချုပ်ကို ကိုးကန့်လက်နက်ကိုင်တပ်တွေက စတင်တိုက်ခိုက်ပြီး ရက်အနည်းငယ်အကြာမှာ လက်နက်ချတဲ့ အဖြစ်အပျက် ဖြစ်ပေါ်လာတာ ဖြစ်ပြီး အဆိုပါ လက်နက်မချခင် တရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက နယ်စပ်မြို့ဖြစ်တဲ့ နန်ဆန်းမြို့ထဲက ရပ်ကွက်တခုမှာ မြန်မာနိုင်ငံဘက်က လက်နက်ကြီးကျည် ကျရောက်ပြီး တရုတ်နိုင်ငံသား ၅ ဦးဒဏ်ရာရ ခဲ့တဲ့အဖြစ်အပျက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်က စစ်ကောင်စီအနေနဲ့ ရော ကိုးကန့်လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ပါ တရုတ်နယ်စပ်မှာ ဆက်လက်တိုက်ခိုက်နေမှုကို ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံရဲ့ ဖိအားက အဓိကအချက်ဖြစ်ခဲ့တာလို့ အချို့က ကောက်ချက်ချကြပါတယ်။ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြည်တွင်း သတင်းမီဒီယာတခုကို ပြောဆိုရာမှာတော့ စစ်ကောင်စီ အနေနဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးကို ထည့်သွင်းစဥ်းစားကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောဆိုထားသလို ဒကစ ဌာနချုပ်မှာ မိသားစုဝင်တွေလည်း ရှိတာကြောင့် အကောင်းဆုံး အခြေအနေကို တပ်မှူးတွေနဲ့ တိုင်ပင်ကာ စဥ်းစားဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားတာ တွေ့ရပါတယ်။
အလားတူ မိသားစုဝင်တွေပါ နေထိုင်နေကြတဲ့ တပ်ရင်းစခန်းတွေ တိုက်ခိုက်ခံရတဲ့ အဖြစ်အပျက်တွေမှာ မိသားစုဝင်တွေနဲ့ ပတ်သက်လို့ ထည့်သွင်းစဥ်းစားတာမျိုး သာဓက မရှိခဲ့ပေမယ့် အခုအဖြစ်အပျက်မှာ မိသားစုဝင်တွေရဲ့ လုံခြုံရေးကို ထည့်သွင်းစဥ်းစားတာကြောင့်လို့ အကြောင်းပြချက် တခုအနေနဲ့ ပြောဆိုတာဟာ ယုတ္တိရှိရဲ့လားလို့ မေးခွန်းထုတ်စရာတော့ ဖြစ်နေပါတယ်။
ယခု လောက်ကိုင် ဒကစ ဌာနချုပ်က လက်နက်ချတဲ့ ဖြစ်စဥ်က ယခင်စခန်းတွေ သိမ်းယူခဲ့တဲ့ ဖြစ်စဥ်မျိုးမဟုတ်ပဲ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးတာမျိုး မလုပ်ဖို့ လက်နက်ခဲယမ်းတွေကိုသာ သိမ်းယူပြီး ကျန်တဲ့သူတွေကို စစ်ကောင်စီရဲ့ အနီးဆုံး စစ်ဌာနချုပ်ကို ပြန်သွားဖို့ ခွင့်ပြုလိုက်တဲ့အချက်က ထူးခြားတဲ့ အချက်ဖြစ်ပါတယ်။ လောက်ကိုင် ဒကစ ဌာနချုပ်မှာ အခြေစိုက်နေတဲ့ ဗိုလ်မှူးချုပ် အဆင့် ၆ ဦးကို လက်နက်ချပြီး နောက်တရက်မှာပဲ အခုလို စစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့ လာရောက်ခေါ်ဆောင်ပြီး လားရှိုးမြို့ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီလို ညှိနှိုင်းမှုက ယခင် လက်နက်ချတဲ့ အဖြစ်အပျက်တွေမှာ မရှိခဲ့ဖူးတဲ့ ညှိနှိုင်းမှု ဖြစ်ပြီး စစ်သားအင်အား ၂၄၀၀ နီးပါးနဲ့ မိသားစုဝင် ၁၆၀၀ ကျော် စုစုပေါင်း ၄၀၀၀ နီးပါးကို ကိုးကန့်ဒေသကနေ ထွက်ခွာခွင့်ပြုဖို့ သွားလာရေး စီစဥ်ပေးဖို့ ကိုကန့်လက်နက်ကိုင် အဖွဲ့က သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။ ကိုးကန့် လက်နက်ကိုင် အဖွဲ့အနေနဲ့ ၄င်းတို့ ရဲ့ ဒေသထဲက ဒကစ ဌာနချုပ်ကို ဖယ်ရှားပစ်လိုက်နိုင်တဲ့ အချက်က ကြီးမားတဲ့ အောင်မြင်မှုတခုဖြစ်လို့ အခုလို အခြားသောအချက်တွေကို သဘောတူလိုက်တာ ဖြစ်နိုင်သလို၊ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် သဘောတူလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ခုအခါမှာတော့ MNDAA အနေနဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်း ကိုးကန့်ဒေသတခုလုံးကို ပြန်လည် ထိန်းချုပ်နိုင်သွားတဲ့ ဖြစ်ရပ်ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့် လက်နက်ကိုင် အဖွဲ့အနေနဲ့ ရည်မှန်းချက် ပြည့်မြောက်သွားပြီလို့ ဆိုနိုင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်အာဏာရှင် စနစ် အမြစ်ဖြတ်ရေး၊ ကျားဖြန့် လို့ခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ရှင်းလင်းဖယ်ရှားရေး စတဲ့အချက်တွေ ဘယ်လိုရေးထားပါစေ တကယ့် ရည်မှန်းချက်က ၂၀၀၉ ခုနှစ်ကတည်းက လက်လွှတ်လိုက်ရတဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက မြို့တွေ စခန်းတွေကို ပြန်လည်ရရှိရေးသာ ဖြစ်တယ်လို့ဆိုရင် မမှားပါဘူး။ ခု ကိုးကန့်ဒေသကို စစ်ရေးအရ ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်မှာ အခြားမဟာမိတ် ၂ ဖွဲ့ရဲ့ ရည်မှန်းချက်တွေ ဆက်လက် အကောင်အထည်ဖေါ်ဖို့ တိုက်ခိုက်မှုတွေမှာ ကိုးကန့် လက်နက်ကိုင် အဖွဲ့အနေနဲ့ ဘယ်လောက်ထိ ပါဝင်ကူညီမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ တိုင်းရင်းသားမဟုတ်တဲ့ ဗမာလူမျိုးတွေ မျှော်လင့်ကြသလို မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့က စစ်အာဏာရှင် စနစ်အပြီးတိုင်ဖယ်ရှားရေးအတွက် စစ်ကောင်စီရဲ့ အခြားသော စစ်စခန်းတွေ၊ မြို့တွေကို ဆက်လက် သိမ်းယူဖို့ တိုက်ခိုက်ဖို့ ရှိသလားဆိုတဲ့ မေးခွန်းကို ဖြေကြည့်ရင် အဲဒါတွေတွက် တာဝန်မရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ၄င်းတို့ရဲ့ နယ်မြေတွေမှာ စစ်ကောင်စီ တပ်တွေကို တိုက်ထုတ်ဖို့ မြို့တွေ သိမ်းယူဖို့ ရည်မှန်းချက်ထားပေမယ့် နေပြည်တော်လို၊ ရန်ကုန်လိုမြို့တွေအထိ မြောက်ပိုင်း ၃ ဖွဲ့အနေနဲ့ တိုက်ခိုက်သိမ်းယူဖို့ ရည်မှန်းထားခြင်း မရှိသလို ဆီလျော်မှုလည်း မရှိဘူးလို့ နားလည်ထားကြမှာ ဖြစ်ပါတယ်။
သို့ပေမယ့် အခုလို ရှမ်းမြောက်ဧရိယာမှာ စစ်ကောင်စီတပ်တွေ ကို အောင်နိုင်လိုက်ခြင်းဟာ ကျန်တဲ့ ဒေသတွေက စစ်ကောင်စီတပ်တွေကို စိတ်ဓါတ်ရေးအရ ကြီးကြီးမားမား ထိခိုက်စေတာဖြစ်ပြီး ကျန်တဲ့ ဒေသတွေမှာ အခြားသော တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ PDF အဖွဲ့တွေက စစ်ကောင်စီတပ်တွေကို တပြိုင်နက်ထဲလိုလို တိုက်ခိုက်မှုတွေအတွက် အထောက်အကူဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ အခုလို ပြိုကျလာတဲ့ တိုက်ခိုက်ရေး စိတ်ဓါတ်၊ စစ်အင်အားအရ တနေရာကတနေရာကို ချက်ခြင်း အကူအညီ ပို့ဆောင်ခြင်း မပြုနိုင်တာတွေအတွက် အချိန်တခုရယူဖို့ ကြိုးစားပြီး ပြန်လည်ဆယ်ယူဖို့ လုပ်ဆောင်လိမ့်မယ်လို့ မှန်းဆရပါတယ်။ ဒီလိုအခွင့်အရေး ရဖို့အတွက်လည်း တရုတ်နိုင်ငံရဲ့ အကူအညီကို ယူပြီးမြောက်ပိုင်း ၃ ဖွဲ့နဲ့ အပစ်ရပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အကြပ်အတည်းက ယာယီထွက်ပေါက်ရပြီး ပြန်လည်အားယူကာ လက်ရှိအနေအထားထက် ဆိုးရွားစွာ ကျဆင်းမသွားဖို့ ကျားကန်တဲ့ လုပ်ဆောင်မှုတွေ လုပ်မယ်ဆိုတာ လွယ်ကူရှင်းလင်းတဲ့ လူပြိန်း စဥ်းစားမှုမျိုးနဲ့တောင် သိရှိနိုင်တာဖြစ်ပါတယ်။
ဒီအခြေအနေမှာ စစ်ကောင်စီဆန့်ကျင်ဖက် အင်အားစုတွေအတွင်း နိုင်ငံရေးအရ ဘုံသဘောတူညီချက်၊ စစ်ရေးအရ ဘုံလှုပ်ရှားမှု၊ ပူးပေါင်းတိုက်ခိုက်မှုတွေ ရရှိနိုင်ရင်တော့ စစ်ကောင်စီကို မြန်မြန်ဆန်ဆန် အနိုင်ယူနိုင်မှာဖြစ်ပြီး အဲလိုမဟုတ်ပဲ တဖွဲ့ချင်းစီရဲ့ အကျိုးစီးပွား၊ လူမျိုးအပေါ် အခြေခံတဲ့ အကျိုးစီးပွား၊ လက်နက်ကိုင် အဖွဲ့တခုချင်းရဲ့ အကျိုးစီးပွားတွေကို ဦးစားပေး ဆုံးဖြတ်ကြရင်ဖြင့် လက်နက်ကိုင် တိုက်ပွဲတွေက ရှည်ကြာနေဦးမယ့် အလားအလာရှိနေတယ်လို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar