Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၀ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၀ )

(မိုးမခ) ဇန်နဝါရီ  ၂၄၊ ၂၀၂၄


23/1/24

Diary in the darkness


လားရှိုး - မူဆယ် လမ်းပိတ်လိုက်ပြီ။ ကား ရာနဲ့ချီပိတ်မိနေတယ်။ တလမ်းလုံး မိုင်းတွေထောင်နေပြီ။ ဘယ်အဖွဲ့ မိုင်းထောင်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောမထားဘူး။အဖမ်းခံရာက ပြန်လွတ်လာတဲ့ ဒရိုင်ဘာက fb ပေါ်တင်ထားတာပါ။ 

မိုးကုတ်မြို့မှာ ဆိုင်တွေ ပိတ်နေပြီ။ မကြာခင် တိုက်ပွဲဖြစ်တော့မယ်လို့ သတင်းတွေ ပျံ့နေတယ်။ ဒီမနက် သူငယ်ချင်း ဖုန်းဆက်ပြောတာ။

မိုးမိတ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ရဲစခန်း အပါအဝင် နေရာအတော်များများကို တော်လှန်ရေးတပ်တွေက ထိမ်းထားတယ်။ စစ်ကောင်စီက ဗုံးတွေ အဆက်မပြတ်ကြဲနေတယ်။ မိုးမိတ်က ကျွန်တော့်မိတ်ဆွေက ဗုံးကြဲခံထားရတဲ့ သူ့အိမ်ကို ဗီဒီယိုရိုက်ပြီးပို့လိုက်တယ်။ သူတို့ မြို့ပြင်ကို ထွက်လို့မရဘူးတဲ့။ ပိတ်မိနေတယ်။ 

နောက်ဆက်တွဲသတင်းကတော့ မိုးမိတ်နားက မဘိန်းမြို့‌ လေးကို တော်လှန်ရေးတပ်တွေက သိမ်းလိုက်တဲ့ သတင်းပါ။ ဒီသတင်း နောက်ဆက်တွဲကတော့ တောင်ပေါ်ဒေသက သိမ်းစည်းမိတဲ့လက်နက်‌ ‌‌ တွေကို စစ်ကိုင်း မြေပြန့် တော်လှန်ရေးတပ်တွေဆီ ပို့ဖို့လမ်းပွင့်သွားပြီဆိုတဲ့ သတင်းပါပဲ။

စစ်ကောင်စီတပ်တွေကလည်း အုပ်စုလိုက် လက်နက်ချနေကြတာ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။

တနေ့က အိန္ဒိယဘက်ကို ထွက်ပြေးခဲ့တဲ့  စစ်ကောင်စီတပ်သား နှစ်ရာကျော်ကို  မြန်မာပြည် စစ်တွေလေဆိပ်ထိ အရောက်ပြန်ပို့မှာတဲ့။ 

အိန္ဒိယ - မြန်မာ နယ်စပ် ခြံစည်ရိုးခတ်တော့မယ်လို့ အိန္ဒိယအစိုးရက ကြေညာနေတယ်တဲ့။

ဒီနေ့လည်း တရုတ်ဘက်ကို စစ်ကောင်စီတပ်သားတွေ ထွက်ပြေးကြပြန်ပြီ။ တရုတ် ဘာပြောမလဲ မသိ။ 

ပေါက်ကိုယ်တော် ဦးဆောင်တဲ့ စစ်ကောင်စီ ထောက်ခံသူတွေ (အများက ဘောမ လို့ အခေါ်ခံနေရသူတွေ) ကလည်း မင်းအောင်လှိုင် နုတ်ထွက်ပေးဖို့ လူစုလူဝေးနဲ့ တောင်းဆိုနေကြပြန်ပါပြီ။ 

တချိန်တည်းမှာပဲ မြောက်ပိုင်း အဖွဲ့ ၇ ဖွဲ့ (MNDAA, UWSA, TNLA, SSPP, KIA, AA) တပ်ပေါင်းစု ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ထွက်လာပြန်တယ်။ 

ဒီရက်ပိုင်အတွင်း သတင်းတွေက စစ်ကောင်စီကို အသက်ရှူကြပ်စေတယ်။

ကျွန်တော်တို့ အဖိုးကြီးတွေကလည်း မြန်မာပြည်တောင်ပိုင်း၊ မြောက်ပိုင်းကွဲသွားမလား ? မြောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေက သူတို့လွတ်မြောက်ပြီးရင် တောင်ပိုင်းက တော်လှန်ရေး အဖွဲ့တွေကို မကူညီတော့ဘူးလား? လို့ စိုးရိမ်မိကြတယ်။

ဒါပေမဲ့ အသေအချာ စဉ်းစားကြည့်တော့ စစ်ကောင်စီ လုံးဝ ချုပ်ငြိမ်းမှသာ တော်လှန်ရေး အောင်မြင်မှုက စိတ်ချရမယ်။ ဒါလောက်တော့ တော်လှန်ရေးတပ်တွေအားလုံး သိပြီးသားဖြစ်မယ်လို့ ယုံကြည်မိတာကြောင့် စိတ်အေးရပါတယ်။ 

သူငယ်ချင်းတွေ စုပြီးစကားပြောဖြစ်ကြတဲ့အခါ ဒီအကြောင်းကိုပဲ ဦးတည်ပြောဖြစ်ကြပါတယ်။

နောက်ဆုံး ပြောဖြစ်ကြတာက ပထမဆုံး အနေနဲ့ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ မိမိဒေသကို မိမိ စစ်ကောင်စီကင်းစင်နယ်မြေ အဖြစ် ပြုလုပ်နိုင်ရမယ်။ စစ်ရေး၊နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွား၊ယဉ်ကျေးမှု တွေ အားလုံး လွတ်မြောက်တဲ့ လွတ်မြောက်နယ်‌ မြေအဖြစ်ကြေညာနိုင်ရမယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိအောင်လုပ်ရမယ်။ နောက်တဆင့် လွတ်မြောက်နယ်မြေ အချင်းချင်း လေးစားချစ်ခင် ယိုင်းပင်းကူညီ တဲ့ စုစည်းမှုရှိလာအောင်လုပ်ရမယ်။ အဲဒီက တဆင့် ပြည်ထောင်စု စစ်စစ်အဖြစ် တည်ဆောက်ကြမယ်။ 

ကျွန်တော်တို့ အဖိုးကြီးတွေရဲ့ အိပ်မက်ပါ။ ရိုးရိုးရှင်းရှင်း  တွေးမိတာပါ။ လက်တွေ့မှာတော့ နည်းနာတွေ၊ မာယာတွေ၊ ဒုနဲ့ဒေး။ 

သံရည်ပူနေချိန်မှာ ပုံကောင်းသွန်းရသလို တော်လှန်ရေး မီးရှိန်ပြင်းနေချိန်ဟာ နိုင်ငံတော်ကောင်းတရပ်အဖြစ် ပုံသွန်းလောင်းဖို့ အခါအခွင့် အသင့်ဆုံးပါ။ 


အန်ကယ် တူမီး

23/1/24



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar