Breaking News

အိန္ဒိယဘက်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ ခေါ်ယူတဲ့လေယာဥ် ပြေးလမ်းချော်၊ မြို့တွေ ပျက်စီးကုန်တဲ့ မြို့တွေ


မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၃ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၄

အိန္ဒိယဘက်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ ခေါ်ယူတဲ့လေယာဥ် ပြေးလမ်းချော်၊ မြို့တွေ ပျက်စီးကုန်တဲ့ မြို့တွေ

ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ်ထဲက ပလက်ဝ ဒေသမှာ စစ်ကောင်စီရဲ့ ဗျူဟာစခန်းတွေ၊ တောင်ကုန်းတွေနဲ့ ပလက်ဝမြို့တို့ကိုပါ Arakan Army က သိမ်းယူခဲ့ရာက နယ်စပ်မှာ ပိတ်မိသွားတဲ့ စစ်ကောင်စီတပ်တွေ ဖောက်ထွက်ဖို့ ဒါမှမဟုတ် လေကြောင်းကနေကယ်ထုတ်ဖို့ နည်းလမ်းတခုခု နဲ့ မထွက်နိုင်တော့ရာက အိမ်နီးချင်း အိန္ဒိယနိုင်ငံထဲ ဝင်ရောက်သွားကြပြီး မြန်မာနိုင်ငံဘက် ပြန်ဖို့ စစ်ကောင်စီ အနေနဲ့ တဖက်နိုင်ငံနဲ့ ဆက်သွယ်လုပ်ဆောင်ခဲ့တာတွေ ခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်အင်အား အရေအတွက်က တကြိမ်မှာ ရာဂဏန်းချီရှိပြီး လတ်တလော ပလက်ဝဒေသက ထွက်ပြေးရောက်ရှိသူ ၈၀၀ ထက်မနည်းရှိပြီလို့ ချင်းမီဒီယာ သတင်းဌာနတွေရဲ့ ပြောဆိုမှုအရ သိရတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ စစ်အာဏာသိမ်းပြီး နောက်မှာလည်း အာဏာသိမ်းစစ်အစိုးရနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိတဲ့နိုင်ငံဖြစ်ပါတယ်။ စစ်ပွဲကြောင့် အိမ်နီးချင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ဒုက္ခသည်တွေကို ကူညီတာတွေ ရှိပေမယ့် လက်နက်ကိုင် PDF အဖွဲ့တွေအနေနဲ့တော့ အိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်နိုင်တာမျိုး မရှိပေမယ့် စစ်ကောင်စီတပ်တွေ အနေနဲ့ အခုလို တိုက်ပွဲမှာပိတ်မိပြီး အိန္ဒိယနိုင်ငံဘက် ဝင်ရောက်ပြီး အသက်ဘေးလွတ်အောင် အကူအညီတောင်းခံ နိုင်ခွင့်ရှိတဲ့အနေအထားလည်း ဖြစ်ပါတယ်။ ခု လပိုင်းတွေအတွင်း ပလက်ဝ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံထဲ တကြိမ်ကို ၂၀၀ မှ ၃၀၀ အထိရှိတဲ့ စစ်ကောင်စီတပ်တွေ ထွက်ပြေးခိုလှုံခဲ့ကာ ပထမပိုင်းအသုတ်တွေတုန်းက လက်နက်ပစ္စည်းတွေနဲ့ မဟုတ်ပေမယ့် နောက်ပိုင်း အသုတ်တွေ ဝင်ရောက်ရာမှာ လက်နက်ငယ်တွေ၊ ၄င်းတို့ရဲ့ တကိုယ်စာသယ်ဆောင်တဲ့ပစ္စည်းတွေနဲ့ အတူဝင်ရောက်သွားကြတာ ဖြစ်ပါတယ်။

အခုလိုဝင်ရောက်သွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို စစ်ကောင်စီဘက်က စစ်လေယာဥ်တွေနဲ့ သွားရောက်ခေါ်ဆောင်ရာမှာ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သွားရောက်ခေါ်ဆောင်တဲ့ စစ်ကောင်စီပိုင် Y-8 လေယာဥ်က ပြေးလမ်းချော်ပြီး လေယာဥ်ပြေးလမ်းပြင်ပ ကို ရောက်ရှိရာက ထက်ပိုင်းကျိုးကာ လေယာဥ်ပေါ်ပါလာသူ ၈ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေကို ကိုးကားပြီး ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါဒဏ်ရာရသူတွေကို သယ်ဆောင်လာတဲ့ ကားက လေဆိပ်မှာ မတော်တဆမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ သတင်းဌာနအချို့က ဖေါ်ပြထားတာလည်း တွေ့ရပါတယ်။

အခုလို အိန္ဒိယနိုင်ငံဘက် ထွက်ပြေးကာ မြန်မာနိုင်ငံဘက်ပြန်ပို့ဖို့ တောင်းခံခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ဆောင်လာပြီးနောက် စစ်ဆေးမေးမြန်းတာ အနားပေးတာမျိုးထက် လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် စစ်မြေပြင်ကိုပဲ ပြန်လည်ပို့ဆောင်ပြီး တိုက်ပွဲတွေမှာ ဆက်လက်ပါဝင် စေတယ်လို့ AA ဘက်က ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွေမှာ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ ဒီအနေအထားကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီအနေနဲ့ တပ်အင်အား ကြီးကြီးမားမား မလုံလောက်တဲ့ အနေအထားဖြစ်နေတာ ထင်ရှားနေတာတွေ့နေရတဲ့ သဘောဖြစ်ပါတယ်။ AA အနေနဲ့ ပထဝီအနေအထားအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ နှစ်ဖက်နောက်ခံထားပြီး တောင်တန်းထူထပ်တဲ့ ဒေသ တဖက်မြန်မာနိုင်ငံထဲမှာ ချင်းပြည်နယ်ရဲ့ တောင်တန်းထူထပ်တဲ့ ဒေသတွေနဲ့ ထိစပ်နေတဲ့ ပလက်ဝကို စစ်ရေးအမြင်အရ ခြေကုပ်စခန်းအဖြစ် ရည်ရွယ်ပြီး ပထမဆုံး သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ သတင်းအကြောင်းအရာတွေထဲက ဒုတိယ အကြောင်းအရာ အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နဲ့ တမင်ရည်ရွယ် ဖျက်ဆီးမှုတွေ၊ အချိန်ကြာရှည်လာပြီး တမြို့လုံးကို သိမ်းယူဖို့ အပြင်းအထန် တိုက်ခိုက်ကြရတဲ့ အနေအထားမှာ မြို့ရဲ့ စျေးတွေ၊ နေအိမ် အဆောက်အဦ၊ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးရတာ မြင့်တက်လာနေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ခုရက်ပိုင်း သတင်းဖေါ်ပြမှုတွေမှာ ပျက်စီးဆုံးရှုံးတဲ့ သတင်းတွေတက်လာတဲ့ မြို့တွေကတော့ ထီးချိုင့်၊ ကော့ကရိတ်၊ ပေါက်တော၊ မင်းပြား၊ မိုးမိတ် တို့ပဲ ဖြစ်ပါတယ်။

ဧရာဝတီ သတင်းဌာနက ဖေါ်ပြထားတဲ့ သတင်းမှာ ၃ လနီးပါးကြာလာပြီ ဖြစ်တဲ့ ထီးချိုင့်မြို့သိမ်းတိုက်ပွဲတွေကြောင့် မြို့ရဲ့ ၉၀ ရာနှုန်း ပျက်စီးသွားပြီလို့ ဖေါ်ပြထားတာတွေ့ရပါတယ်။ မြို့ထဲမှာ နေရာယူပြီးတဖက်နဲ့ တဖက် တိုက်ခိုက်မှုတွေက မြို့ကို ပျက်စီးစေသလို စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်တာတွေကြောင့်လည်း ပိုမိုပျက်စီးစေတာလို့ သတင်းဖေါ်ပြမှုတွေအရ သိရပါတယ်။ စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့နဲ့ သိပ်မဝေးလှတဲ့ ရှမ်းပြည်နယ် အနောက်မြောက်ဘက်က မြို့နယ်တွေဖြစ်တဲ့ မိုးမိတ်နဲ့ မဘိမ်းတို့ကိုလည်း KIA လက်နက်ကိုင် အဖွဲ့က တိုက်ခိုက်သိမ်းယူဖို့ ကြိုးစားနေရာမှာ မိုးမိတ်မြို့ကို သိမ်းယူနိုင်ခြင်း မရှိသေးပဲ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး မိုးမိတ်မြို့မစျေး မီးလောင်သွားတဲ့ သတင်းလည်း ဖေါ်ပြထားကြတာတွေ့ရပါတယ်။ ရှမ်းပြည်နယ် အနောက်မြောက် မြို့နယ်ဒေသတွေ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသတွေက ကေအိုင်အေ လှုပ်ရှားရာ ဒေသတွေနဲ့ ထိစပ်နေပြီး စစ်မဟာဗျူဟာအရ အရေးပါတဲ့ ဒေသတွေ အနေနဲ့ သော်လည်းကောင်း မြစ်ကြီးနား -မန္တလေး ကားလမ်းပေါ်မှာ ကျရောက်နေတာကြောင့် တကြောင်း KIA အနေနဲ့ ဒီနေရာကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ရှမ်းမြောက်ဒေသပြီးနောက် မြို့သိမ်းတိုက်ပွဲ ရှည်ကြာနေတဲ့ မြို့ကြီးတမြို့ကတော့ လွိုင်ကော်မြို့ဖြစ်ပါတယ်။ နိုဝင်ဘာလဆန်းကတည်းက KNDF က ဦးဆောင်ပြီး တိုက်ခိုက်နေရာမှာ လွိုင်ကော်တက္ကသိုလ်နေရာ ခရိုင်တရားရုံးအပါအဝင် ပြည်နယ်ရုံးတွေကို သိမ်းယူနိုင်သော်လည်း လွိုင်ကော်ထောင် နဲ့ ရပ်ကွက်အချို့တို့က စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ လွိုင်ကော်မြို့ က တောင်စျေးလို့ ခေါ်ဆိုတဲ့ စျေးကြီးလည်း မကြာခင် လပိုင်းက မီးလောင်ပျက်စီးခဲ့ပြီး လူနေအိမ် အဆောက်အဦး အများအပြားလည်း ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားချက်အရ သိရပါတယ်။

အဲဒီနောက် ပျက်စီးဆုံးရှုံးရတဲ့ မြို့အချို့က ရခိုင်ပြည်နယ်က မြို့တွေဖြစ်ပါတယ်။ ပထမဆုံး AA က မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ မြို့ဖြစ်တဲ့ ပေါက်တောမြို့ဖြစ်ပြီး အဲဒီနောက်မှာ မင်းပြားမြို့ တို့ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၃ ရက်က စလို့ တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့ ပေါက်တောမြို့ကို ၂ လကျော်အကြာ ဇန်နဝါရီ ၁၉ ရက်နေ့မှာတော့ AA က သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ လနဲ့ချီတဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ပေါက်တောမြို့ ဟာ ပျက်စီးဆုံးရှုံးမှုများပြားလိမ့်မယ်လို့ မှန်းဆရပါတယ်။

နိုဝင်ဘာလကတည်းက မြို့ကို စတင်တိုက်ခိုက်ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်ထဲက မြို့တမြိုက ကော့ကရိတ်မြို့ဖြစ်ပြီး ခုရက်ပိုင်းမှာ ထပ်မံ မီးလောင် ပျက်စီးမှုတွေ ရှိနေတာကြောင့် ကော့ကရိတ်မြို့မှာ လူနေအိမ် အနည်းဆုံး ၆၀ လောက်မီးလောင်ပျက်စီးခဲ့ရပြီးဖြစ်တယ်လို့ သတင်းဖေါ်ပြမှုတွေအရ သိရတာဖြစ်ပါတယ်။

တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ မြို့တွေကို သိမ်းယူတဲ့ ရည်ရွယ်ချက်ဟာ စစ်ကောင်စီ အုပ်ချုပ်ရေးကို ဖယ်ရှားဖို့ ရည်ရွယ်ချက်၊ ထင်ရှားတဲ့ အောင်မြင်မှုကို ပြသဖို့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ကြတာလို့ နားလည် မှန်းဆကြည့်ရပြီး လူထု အနေနဲ့တော့ မိမိတို့မြို့မှာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ရင် နေအိမ်တွေ၊ စျေးတွေ မီးလောင်ပျက်စီးဆုံးရှုံးမယ့် အရေးကို တွေးကာ စိုးရိမ်ကြမှာ အမှန်ပဲဖြစ်ပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar