ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၄
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၄
(မိုးမခ) ဇန်နဝါရီ ၂၄ ၊ ၂၀၂၄
ကျန်းဇစ်ယာ ရဲ့ လျှို့ဝှက်သင်ကြားချက် ၆ ရပ်
ကျို့(Zhou) နိုင်ငံငယ်ရဲ့ ဘုရင် ဝူ က အင်အားကြီးမားတဲ့ ရှန်းအင်ပါယာ ရဲ့ဧကရာဇ် ရှင်း ကို တွန်းလှန်ပြီး ကျိူ့ခေတ်ကို ထူထောင်ရာမှာ သူ့ရဲ့ အကြံပေး အတိုင်ပင်ခံ အမတ်ကြီး ကျန်းဇစ်ယာ(姜子牙 Jiang Ziya) ဟာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။
ကျန်းဇစ်ယာ ကို ကျို့ဘုရင် ဝမ် နဲ့ ဝူ တို့ရဲ့ မင်းတိုင်ပင်အမတ်ကြီး အဖြစ်သာမကဘဲ၊ စစ်ဗိုလ်ချုပ်၊ အုပ်ချုပ်ရေးသမား၊ စစ်ရေးဗျူဟာ ကျွမ်းကျင်သူ၊ စာရေးဆရာ စတဲ့ ဂုဏ်ပုဒ်တွေနဲ့လည်း သမိုင်းမှတ်တမ်း ရေးထိုးကြပါတယ်။ (အဲဒီလို ဂုဏ်ပုဒ်များသလို၊ ဂုဏ်ပုဒ်နဲ့တွဲပြီး ဖြစ်လာတဲ့ နာမည်လည်း များပါတယ်။)
ကျန်းဇစ်ယာ ဟာ ကျို့ နဲ့ ရှန်းကြားက နောက်ဆုံးတိုက်ပွဲကို ဗျူဟာခင်းပေးခဲ့သူပါ။
သူဟာ တကယ်တော့ ရှန်းဧကရာဇ် ရှင်း ရဲ့ အကြံပေး ဖြစ်ခဲ့ဖူးပါတယ်။ ရှင်းရဲ့ လက်အောက်မှာ အနှစ် ၂၀ လောက် အမှုထမ်းပြီးတဲ့နောက် ကျန်းကျိယာ သိလာတာကတော့ ရှင်း ဟာ တိုင်းပြည်ကို မှန်မှန်ကန်ကန် ဦးဆောင်နိုင်တဲ့ ဧကရာဇ်မဟုတ်ဘူး ဆိုတဲ့အချက်ပါပဲ။
စစ်ရေးအမြင်ကျယ်သူ ကျန်းကျိယာ ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တစ်စုံတစ်ယောက်သောသူကတော့ ရှင်း ဧကရာဇ်ကို ဖြုတ်ချမှာပဲလို့ ကြိုပြီး တွေးနိုင်၊ သိနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ရှန်း နန်းတော်ကို စွန့်ခွာသွားပါတယ်။ သူ ပျောက်ဆုံးသွားတယ်လို့သာ သိရပြီး ဘယ်ကို ရောက်သွားမှန်း ဘယ်သူမှ မသိကြပါဘူး။တကယ်တော့ သူဟာ ကျို့ပြည်ကို ထွက်သွားပြီး ဝေမြစ်ဝှမ်းက ကျို့ ကျေးတောရွာလေး တစ်ခုမှာ သာမန်ပြည်သူတစ်ယောက်အဖြစ် နေထိုင်နေခဲ့ပါတယ်။ မင်းဆိုးမင်းညစ်အောက်မှာ အမှုထမ်းရတာ စိတ်ကုန်ပြီး၊ ထွက်သွားတာ ဖြစ်နိုင်ပါတယ်။ တစ်နေ့နေ့မှာ ရှန်းပြည်ကို ပြန်တိုက်မယ့်သူ တစ်ယောက်ယောက်က သူ့ဆီ အကူအညီလာယူမှာကို သိနေခဲ့လို့ သွားစောင့်နေတာလို့လည်း ပုံပြင်တချို့က ဆိုကြပါတယ်။ အဲဒီကာလတွေမှာ ကျန်းဇစ်ယာ ဟာ ဝေမြစ်ထဲမှာ ငါးမျှားရင်းနဲ့ ဘဝကို ဖြတ်သန်းနေတာလို့ ဆိုကြပါတယ်။
ကျန်းဇစ်ယာ အသက် ၇၂ နှစ် ရောက်လာတဲ့အချိန်မှာ ကျို့ဘုရင် ဝမ် က သိသွားပြီး ကျို့နန်းတော်အတွက် အကြံပေးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ရန်သူ့ လက်အောက်က ထွက်လာတဲ့ စစ်ရေးကျမ်းကျင်သူ ကို ကျို့ က ရလိုက်တာပါ။
ဝမ် မရှိတော့တဲ့နောက် ဝူ ကိုလည်း သူကပဲ ဆက်ပြီး ကူညီပေးခဲ့ပါတယ်။ ရှန်းနန်းတော်ရဲ့ အကြောင်း၊ ရှင်းဧကရာဇ်ရဲ့ အကြောင်း အသေးစိတ်သိသလို၊ စစ်ရေးကို ပိုင်နိုင်ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ကျန်းဇစ်ယာ ကို ကျို့နိုင်ငံက ရထားလိုက်တာဟာ ရှန်းပြည်အတွက် တစ်ဝက်ရှုံးပြီးသား ဖြစ်နေတယ်လို့ ဆိုရမှာပါပဲ။
ကျန်းဇစ်ယာ က ကျို့ဘုရင် ဝမ် နဲ့ ဝူ တို့ကို သင်ကြားပို့ချပေးခဲ့တဲ့ လျို့ထောင်း (六韜 Liu tao) ဟာ တရုတ်သမိုင်းမှာ အရေးပါတဲ့ စစ်ရေးကျမ်းတစ်စောင် ဖြစ်ပါတယ်။ လျို့ထောင်း ကို တိုက်ရိုက်ဘာသာပြန်ရင်တော့ လျှို့ဝှက်ချက် ၆ ခု လို့ ပြန်ရမှာပါ။ မျက်မှောက်ခေတ်သမိုင်းပညာရှင်တွေက တော့ လျို့ထောင်း ကို “လျှို့ဝှက်သင်ကြားချက် ၆ ချက် (Six secret teaching)” လို့ ဘာသာပြန်ကြပါတယ်။ အဲဒီ ကျမ်းထဲမှာ နိုင်ငံရေး၊ စစ်ရေး ဗျူဟာ ၆ ရပ်ကို အသေးစိတ်ရှင်းပြထားတယ်လို့ ဆိုပါတယ်။
တရုတ်ရာဇဝင်မှာ စစ်ရေးနဲ့ ပတ်သက်ပြီး ကျမ်းကြီး ၇ ကျမ်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ ၇ ကျမ်းထဲမှာ ကျန်းဇစ်ယာ ရဲ့ လျို့ထောင်း ဟာ အစောဆုံး စစ်ရေးဗျူဟာ ကျမ်းတစ်စောင် ဖြစ်ပါတယ်။ မြန်မာအများစုက ဆွန်ဇူး (Sun Tsu) ရဲ့ ဆွန်းဇီပင်းဖာ (孫子兵法 sun zi bing fa) လို့ ခေါ်တဲ့ “စစ်သေနကဗျူဟာ (The art of war)” ကို သိကြပါတယ်။ ကျန်းဇစ်ယာ ရဲ့ လျို့ထောင်း ကို သိပ် မပြောဖြစ်ကြပါဘူး။ ဆွန်ဇူးက ဘီစီ ၅၄၄ မှာ မွေးခဲ့တာမို့ ကျန်းဇစ်ယာရဲ့ လျို့ထောင်း ထက် အနှစ် ၅၀၀ ကျော်လောက် နောက်ကျပြီးမှ ပေါ်လာတယ်လို့ ပြောရမှာပါ။
လျို့ထောင်း မှာ နာမည်နဲ့လိုက်အောင် အဓိက ဗျူဟာ ၆ ချက် ပါဝင်ပါတယ်။
အုပ်ချုပ်ရေးဗျူဟာ (Civil strategy)
ပထမဗျူဟာကတော့ အုပ်ချုပ်ရေး ဗျူဟာ (Civil strategy) ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေး ဗျူဟာ လို့လည်း ဆိုနိုင်ပါလိမ့်မယ်။ အဲဒီဗျူဟာအရ “နိုင်ငံကို ဖွဲ့စည်းတည်ဆောက်ရာမှာ အနာဂတ်မှာ လိုအပ်လာမယ့် စစ်ရေးတိုးချဲ့မှုတွေ ဆောင်ရွက်နိုင်ဖို့ လက်တွေ့ဆောင်ရွက်နိုင်မယ့် အခြေခံကောင်းတွေ ဖြည့်ဆည်းပေးနိုင်မယ့် ရေခံမြေခံကောင်းတွေ ပါရှိရမယ်” လို့ ဆိုပါတယ်။ အဲဒီ အခြေခံကောင်းတွေကို ကျန်းဇစ်ယာ က ရှင်းပြထားပါတယ်။
• ကျန်းဇစ်ယာက စစ်ရေးအောင်မြင်ဖို့ အခြေခံအကျဆုံး လိုအပ်ချက်က ကိုယ်ကျင့်သီလကောင်းမွန်ပြီး ထိရောက်တဲ့ အုပ်ချုပ်ရေး ရှိခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ (ဒီခေတ်စကားနဲ့ ဆိုရင်တော့ Clean government, Good governance လို့ ဆိုကြမယ် ထင်ပါတယ်။)
တိုင်းပြည်ဟာ အသုံးစရိတ်တွေကို အတတ်နိုင်ဆုံး ချွေတာနေတဲ့တပြိုင်နက်တည်းမှာ စီးပွားရေးကလည်း ရှင်သန်နေဖို့ လိုတယ်လို့ ဆိုပါတယ်။ (မလိုအပ်ဘဲ ဖြုန်းတီးတာမျိုး မလုပ်သင့်သလို၊ ငွေမသုံးဘဲချွေတာရင်း စီးပွားရေးသေနေတာလည်း မမှန်ဘူးလို့ ဆင့်ပွား နားလည်ကြည့်မိပါတယ်။)
လူထုကြားမှာ မှန်ကန်တဲ့ တန်ဖိုးထားမှုတွေနဲ့ အမူအကျင့်တွေ ရှင်သန်ခိုင်မာနေအောင် ပျိုးထောင်ပေးရမယ်လို့ ဆိုပါတယ်။ ဒီအတွက် ဆုပေး၊ ဒဏ်ပေးစနစ်ကို ကျင့်သုံးဖို့ လိုတယ်လို့ သူက အကြံပြုထားပါတယ်။ ထိုက်တန်တဲ့သူတွေကို နေရာပေးချီးမြှောက်ရမယ်လို့ ဆိုပါတယ်။ (လူမှန် နေရာမှန် ရှိနေဖို့ လိုတယ်လို့ ပြောတာပါပဲ။
ပြည်သူကို အနှောင့်အယှက်ပြုတာ၊ ရန်မူတာမျိုးကို ရှောင်ကြဉ်ရမယ်လို့ တားမြစ်ပါတယ်။
စစ်ရေးဗျူဟာ (Military strategy)
ဒုတိယဗျူဟာကတော့ စစ်ရေးဗျူဟာ (Military strategy) ဖြစ်ပါတယ်။ တကယ်တော့ စစ်ရေးဟာ အရှေ့ကပြောခဲ့တဲ့ အုပ်ချုပ်ရေးဗျူဟာ (တနည်း နိုင်ငံရေးဗျူဟာ) နဲ့ ဆက်စပ်နေပါတယ်။
ကျို့ပြည်ရဲ့ လက်ရှိအခြေအနေ နဲ့ ရှန်းအင်ပါယာကို ဖြိုချပြီးနောက် ရရှိလာနိုင်မယ့် အကျိုးအမြတ်ကို စေ့စေ့စပ်စပ် သုံးသပ်ရမယ်လို့ သူက လမ်းညွှန်ပါတယ်။
ရန်သူကြောင့် ဒုက္ခရောက်နေရသူတွေကို စွဲဆောင်စည်းရုံးခြင်းဟာ ရန်သူကို အင်အားယုတ်လျော့စေပြီး၊ မိမိတိုင်းပြည်အတွက် အင်အားဖြစ်စေတယ် လို့ ကျန်းဇစ်ယာ က ဆိုပါတယ်။
စစ်ပရိယာယ်တွေ၊ စိတ်ဓာတ်စစ်ဆင်ရေးတွေက ရန်သူကို ထိထိရောက်ရောက် စွက်ဖက်နိုင်ပြီး၊ ကိစ္စမြန်မြန်တုံးသွားအောင် လုပ်နိုင်တယ်လို့ အကြံပြုပါတယ်။
စစ်ဆင်သူတွေဟာ သူတို့ရဲ့ ကိုယ်ကျင့်သီလ (virtue) ကို ပြည်သူက ထင်ထင်ရှားရှား မြင်သာအောင် တည်ဆောက်ယူထားရမယ်လို့ ဆိုပါတယ်။ ပြည်သူ့နှလုံးကို သိမ်းကြုံးစွဲဆောင်နိုင်မယ့် မူဝါဒတွေကိုလည်း ချမှတ်ထားရမယ်လို့ ဆိုပါတယ်။ အဲဒီ ကိုယ်ကျင့်သီလ နဲ့ မူဝါဒ နှစ်ခုကို ကောင်းမွန်အောင် ပျိုးထောင်ပြီး ထင်ထင်ရှားရှား သက်သေထူပြနိုင်မယ်ဆိုရင် တိုက်ပွဲတွေကို မတိုက်ဘဲ အောင်နိုင်မယ်လို့ သူက လမ်းညွှန်ပါတယ်။
စစ်ရေးဗျူဟာရဲ့ အဓိက သင်ကြားချက်ကတော့ “စစ်ရေးအမိန့်ပေးသူတွေဟာ ဖြစ်နိုင်မယ်ဆိုရင် စစ် တကယ်မတိုက်ဘဲ ဂရုဏာတရားနဲ့ ဉာဏ်ပညာကို အသုံးချပြီး အောင်မြင်မှုကို အရယူရမယ်။ သံတမန်ရေး ဆက်ဆံမှုတွေ၊ စွက်ဖက်မှုတွေကို အသုံးချပြီး ရန်သူကို မတိုက်ဘဲ နိုင်အောင် လုပ်ရမယ်” ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
နဂါးဗျူဟာ (Dragon strategy)
တတိယဗျူဟာကတော့ နဂါးဗျူဟာ (Dragon Strategy) ဖြစ်ပါတယ်။ နဂါးဗျူဟာ ကတော့ စစ်တပ်နဲ့ စစ်ရေးဆိုင်ရာ ယန္တရားတွေအတွက် အဓိက ရည်ရွယ်တဲ့ ဗျူဟာပါ။ စစ်တပ်အရာရှိတွေရဲ့ အရည်အသွေးတွေက ဘာတွေရှိသင့်တယ်၊ အဲဒီအရည်အသွေးတွေကို ရရှိနိုင်ဖို့ ဘယ်လို စီစစ်ရွေးချယ်မယ် စတာတွေကို ဆွေးနွေးထားတယ်လို့ ဆိုပါတယ်။
စစ်တပ်အကြီးအကဲ တစ်ယောက်အနေနဲ့ တပ်က သူ့အပေါ် လေးစားကြည်ညိုမှုရှိနေဖို့နဲ့၊ အမိန့်နာခံမှု ရှိနေဖို့အတွက် တပ်တွင်း ဆုပေး၊ ဒဏ်ပေး စနစ်တွေကို ဘယ်လိုထူထောင်ရမလဲဆိုတာကို ဆွေးနွေးထားတယ်လို့ သိရပါတယ်။
တပ်သားတွေအချင်းချင်းကြား သစ္စာရှိမှုနဲ့ စည်းလုံးညီညွတ်မှုကို ဘယ်လိုဖော်ဆောင်ရမလဲ ဆိုတာကိုလည်း နဂါးဗျူဟာမှာ ဆွေးနွေးထားတယ်လို့ ဆိုပါတယ်။
နဂါးဗျူဟာမှာ နောက်ထပ်အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ကတော့ တပ်တွင်းဆက်သွယ်ရေး နဲ့ လျှို့ဝှက်ချက် ဆိုင်ရာ ကိစ္စတွေအကြောင်း ပဲ ဖြစ်ပါတယ်။
ဒီအပိုင်းမှာတော့ ကျန်းဇစ်ယာ က ဆက်သွယ်ရေးလုပ်ဆောင်တဲ့အခါ လိုက်နာဆောင်ရွက်သင့်တဲ့ အခြေခံစည်းမျဉ်းတွေကို သင်ကြားပို့ချထားတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ အသေမဆုပ်ကိုင်ဘဲ ပြင်လွယ်ပြောင်းလွယ်ပြုလုပ်နိုင်မှု (flexibility) နဲ့ အစဉ်အလာကနေ ခွဲထွက်နိုင်မှု (unorthodoxy) တို့ကို အလေးပေးတယ်လို့ ဆိုပါတယ်။
စစ်ရေးအမိန့်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မှားယွင်းမှုတွေနဲ့ အဲဒါတွေကို ရှောင်လွှဲရမယ့် နည်းလမ်းတွေကိုလည်း သင်ကြားပေးထားတယ်လို့ ဆိုပါတယ်။
ရန်သူရဲ့ အခြေအနေကို အကဲခတ်နိုင်မယ့် သဲလွန်စ အချက်အလက်တွေ အကြောင်းလည်း ဆွေးနွေးထားတယ်လို့ သိရပါတယ်။
နဂါးဗျူဟာရဲ့ အဆုံးမှာတော့ စစ်လက်နက်တွေအကြောင်းနဲ့ လိုအပ်တဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုတွေအကြောင်းကို ဆွေးနွေးထားတယ်လို့ သိရပါတယ်။
နဂါးဗျူဟာဆိုတဲ့ နာမည်နဲ့လိုက်အောင် စစ်ရေးကို ဗဟိုက မှန်မှန်ကန်ကန် ကြပ်မတ်နိုင်ဖို့ ဒီဗျူဟာက ရည်ရွယ်တယ်လို့ သုံးသပ်ကြပါတယ်။ အရေးပေါ်အခြေအနေမှာ ဗဟိုရဲ့ ကွပ်ကဲမှု ပျောက်ဆုံးမသွားအောင်၊ အမိန့်ပေးစနစ်အတွင်း မှားယွင်းမှုတွေ မရှိရအောင် ကျင့်သုံးရမယ့် ဗျူဟာ ဖြစ်တယ်လို့ ဆိုပါတယ်။
နဂါးဗျူဟာက ပေးတဲ့ သင်ကြားချက်ကတော့ “အစိုးရ ဟာ ဗဟိုဦးစီးကွပ်ကဲမှုကို တည်ဆောက်ထားရမယ်၊ အဲဒီ ဗဟိုဟာ မှန်ကန်လုံလောက်တဲ့ သတင်းအချက်အလက်တွေ ရရှိနေပြီး၊ အဲဒီအချက်အလက်တွေကို ခြုံငုံသုံးသပ်နိုင်ရမယ်၊ ဒါမှ မှန်ကန်တဲ့ စစ်ရေးဖော်ဆောင်မှုတွေ ဆောင်ရွက်နိုင်မယ်” ဆိုတဲ့အချက်ကို အာရုံစိုက်ပါတယ်။
ကျားဗျူဟာ (Tiger strategy)
စတုတ္ထဗျူဟာ တစ်ခုကတော့ ကျားဗျူဟာ (Tiger strategy) ဖြစ်ပါတယ်။ ဒါကတော့ တကယ့်တိုက်ပွဲအတွင်းမှာ ကျင့်သုံးရမယ့် နည်းလမ်းတွေကို ဆွေးနွေးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲရဲ့ အရှိန်ကို ထိန်းကျောင်းခြင်း၊ လိုအပ်တဲ့အခါ ဘေးလွတ်ရာကို တိမ်းရှောင်တတ်ခြင်း၊ စုစည်းတိုက်ခိုက်ခြင်း၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ပြတ်သားခိုင်မာစွာ ချမှတ်ခြင်း၊ ရန်သူကို လမ်းလွဲအောင် ပြုလုပ်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း၊ မတူညီသော တပ်များကို မှန်ကန်စွာ နေရာချ အသုံးပြုခြင်း စသည်ဖြင့် တိုက်ပွဲထဲမှာ ကျင့်သုံးရမယ့် နည်းလမ်းတွေကို ကျားဗျူဟာ မှာ ခင်းပြထားတယ်လို့ ဆိုပါတယ်။
ကျားဗျူဟာမှာ အသားပေးဖော်ပြတာကတော့ “စစ်မိန့်ပေးသူ တစ်ယောက်ဟာ ပေါ့လျော့မှု လုံးဝမရှိရဘူး ဆိုတဲ့အချက်နဲ့ ပြောင်းလဲလာတဲ့ အခြေအနေတွေကို လိုက်လျောညီထွေစွာ အသုံးချပြီး တိုက်ပွဲဝင်ရမယ်” ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ လူတွေရဲ့ စိတ်နေစိတ်ထား၊ ရာသီဥတု၊ လမ်းခရီးအခြေအနေ၊ မြေမျက်နှာသွင်ပြင်အနေအထား စတဲ့ ပြောင်းလဲမှုတွေကို အဆက်မပြတ် လေ့လာနေပြီး၊ အဲဒီအချက်တွေကို မှန်မှန်ကန်ကန် အသုံးချနိုင်ရမယ်လို့ ဆိုပါတယ်။
ချုပ်ပြောရရင်တော့ ကျားဗျူဟာ ဆိုတဲ့အတိုင်း ရန်သူကို ကျားတစ်ကောင်လို ချောင်းပြီး၊ ကျားတစ်ကောင်လို အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုက်ခိုက်နိုင်ဖို့ သင်ကြားပြသပေးထားတာလို့ နားလည်မိပါတယ်။
ကျားသစ်ဗျူဟာ (Leopard strategy)
ပဉ္စမမြောက် ဗျူဟာကတော့ ကျားသစ်ဗျူဟာ (Leopard strategy) ဖြစ်ပါတယ်။ ကျားသစ်တွေဟာ သားကောင်ကို ရဖို့ ကိုယ်ယောင်ဖျောက်ပြီး မသိအောင် ချောင်းနေတတ်ပါတယ်။ သားကောင်က ထင်မှတ်မထားတဲ့ သစ်ပေါ်ပေါ်လို နေရာမှာလည်း ပုန်းအောင်းနေတတ်ပါတယ်။ သားကောင်တွေ့ပြီဆိုရင်လည်း အင်မတန် လျင်မြန်တဲ့ အရှိန်နဲ့ နောက်ကနေ ပြေးလိုက်နိုင်ပါတယ်။
ဒီသဘောကိုယူပြီး တောင်တန်းတွေ၊ မြစ်ချောင်းအင်းအိုင်တွေ၊ မတ်စောက်တဲ့ ချောက်ကမ်းပါးတွေ စသဖြင့် ခက်ခဲတဲ့ မြေမျက်နှာသွင်ပြင်အနေအထားတွေမှာ ရန်သူကို ဘယ်လိုတိုက်ခိုက်မလဲ ဆိုတဲ့ နည်းလမ်းတွေကို သင်ကြားပြသထားတဲ့အတွက် ကျားသစ်ဗျူဟာ လို့ ခေါ်တာ ဖြစ်ပါတယ်။
ကျားသစ်ဗျူဟာအရ “စစ်မိန့်ပေးသူ တစ်ယောက်ဟာ မိမိရဲ့ အားသာချက် (strength) ကို သေသေချာချာသိပြီး၊ အဲဒီ အားသာချက်ကို အသုံးချပြီး ရန်သူရဲ့ အားနည်းချက် (weakness) ကို ဘယ်လိုတိုက်မလဲဆိုတာ ဆုံးဖြတ်ရမယ်” လို့ ဆိုထားပါတယ်။
ခွေးဗျူဟာ (Dog strategy)
နောက်ဆုံးဗျူဟာကတော့ ခွေးဗျူဟာ (Dog strategy) ဖြစ်ပါတယ်။ ဒီဗျူဟာထဲမှာတော့ အထက်မှာ ပြောခဲတဲ့ ဗျူဟာတွေနဲ့ ဆက်စပ်နေတဲ့ အခြား အချက်အလက်တွေကို စုစည်းဖော်ပြထားတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ အဲဒီခေတ်က အသုံးများတဲ့ ခြေလျင်တပ်တွေ၊ ရထားတပ်တွေ၊ မြင်းတပ်တွေကို ဘယ်အချိန်မှာ ဘယ်လိုသုံးရမယ်ဆိုတဲ့ အသေးစိတ် သဘောတရားတွေကို သင်ကြားပို့ချထားပါတယ်။
အရေးအကြီးဆုံးအချက်ကတော့ ရန်သူ့ရဲ့ အားနည်းချက်၊ မှားကွက်တွေကို စောင့်ကြည့်သုံးသပ်နေပြီး ဘယ်အဆင့်ရောက်ရင် ဝင်တိုက်ရတော့မယ် ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ သင်ကြားပေးတာ ဖြစ်ပါတယ်။
ခွေးဗျူဟာ က အဓိကပေးချင်တဲ့ စစ်ရေးသဘောတရားကတော့ “ရန်သူ စိတ်အားတက်ကြွနေချိန်မှာ လုံးဝ သွားမတိုက်ခိုက်ပါနဲ့။ အချိန်တစ်ခုကို စောင့်ပါ။ အချိန်ကျလာပြီဆိုရင် တိုက်ရမယ့်နေရာကို စိတ်နှစ်ပြီး စုစုစည်းစည်းနဲ့ အင်အားပြင်းပြင်း တိုက်ပါ” ဆိုတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။
အထက်မှာ တင်ပြခဲ့တာတွေက ကျန်းဇစ်ယာ ရဲ့ လျို့ထောင်း ကျမ်းရင်းထဲက မဟုတ်ဘဲ၊ တဆင့်ပြောတွေထဲက ဖတ်ထား၊ မှတ်သားရတာတွေ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စာဖတ်သူအတွက် ကျန်းဇစ်ယာ အကြောင်း လုံးဝ မဖတ်ဖူးတာနဲ့ နှိုင်းယှဉ်ရင် တစုံတရာ အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပြီး လျို့ထောင်း အနှစ်ချုပ်လေးကို မျှဝေခြင်း ဖြစ်ပါတယ်။
ကျန်းဇစ်ယာရဲ့ လျို့ထောင်းကို မျက်မှောက်ခေတ်မှာ စီးပွားရေးဗျူဟာတွေ အဖြစ်တောင် အသု့းချလာကြပါတယ်။ ကပမာအားဖြင့် Frank Romans ရေးတဲ့ The Six Secret Teaching of Jiang Ziya ဟာ စွန်းဦးတီထွင်လုပ်ငန်းရှင် (entrepreneur) တွေအတွက် လက်စွဲ စာအုပ်ဖြစ်ပြီး လျို့ထောင်း နဲ့ ခေတ်သစ်စီးပွားရေးဗျူဟာတွေ ချိတ်ဆက်ပြထားတာ ဖြစ်ပါတယ်။
ကျန်းဇစ်ယာ ရဲ့ လျှို့ဝှက်သင်ကြားချက် ၆ ရပ်ကို လေ့လာကြည့်ရင် စစ်ပွဲတစ်ပွဲကို အောင်နိုင်ဖို့ဆိုရင် စစ်ရေးသတ်သတ်နဲ့တင် မရဘဲ၊ စစ်ရေးနဲ့ နိုင်ငံရေး တွဲနေတဲ့အကြောင်း ရှင်းရှင်းလင်းလင်း တွေ့ရပါလိမ့်မယ်။ တကယ်မတိုက်ဘဲ သက်တောင့်သက်သာနဲ့ အောင်ပွဲရနိုင်ဖို့ (တနည်းအားဖြင့် နိုင်ငံရေးနဲ့ စစ်နိုင်အောင်လုပ်ဖို့) သင်ကြားပြသထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးနည်းနဲ့ မရလို့ စစ်တိုက်ရမယ်ဆိုရင်လည်း တရားသေမကျဘဲ ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်ဖို့ လမ်းညွှန်ထားတာ တွေ့ရမှာပါ။ ရန်သူ့အခြေအနေ၊ မိမိအခြေအနေကို ချိန်ဆပြီး စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ဖို့ လိုတယ်ဆိုတာကလည်း လျို့ထောင်း မှာ တွေ့ရတဲ့ အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
ကျန်းဇစ်ယာ ရဲ့ လျို့ထောင်းကို အမြည်းမျှ လေ့လာကြည့်ပြီးတဲ့အခါ တရုတ်ပြည်ရဲ့ အတိတ်နဲ့ မျက်မှောက်ခေတ် စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ တိုင်းပြည်တည်ဆောက်ရေး တွေကို လျို့ထောင်း ၆ ချက်နဲ့ ချိန်ထိုးကြည့်သင့်တယ်လို့ မြင်လာမိပါတယ်။
တပြိုင်နက်တည်းမှာ တွေးနေမိတာကတော့ လွန်ခဲ့တဲ့ အနှစ် ၃၀၀၀ ကျော်က ကျန်းဇစ်ယာ ရဲ့ လျို့ထောင်း စစ်ဗျူဟာ ကျမ်းကြီးက မျက်မှောက်ခေတ်၊ ၂၁ ရာစုမှာ စစ်တိုက်နေသူတွေအတွက်ဆိုရင်ရော ဘယ်လောက်အတိုင်းအတာအထိ ခေတ်မီနေသေးသလဲ ဆိုတဲ့အချက်ပါ။
~~~~~~~~~~~~~~~~~~~~~
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁ 👉https://www.moemaka.com/2024/01/blog-post_872.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂ 👉https://www.moemaka.com/2024/01/blog-post_8245.html
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar