Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၃ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၃ )

(မိုးမခ) ဇန်နဝါရီ  ၂၊ ၂၀၂၄


30/12/23

Diary in the darkness


လောက်ကိုင်မှာ စစ်ကောင်စီတပ်တွေ အုပ်စုလိုက် လက်နက်ချနေပြီ။ 

မြောက်ဦး ရှစ်သောင်းဘုရား ဗုံးဒဏ်ကြောင့် ပျက်စီး။

မနက်လင်းကတည်းက စစ်သတင်းတွေ တက်လာတယ်။ အများအားဖြင့် စစ်ကောင်စီဘက်က ရှုံးတဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

ကျနော်ကတော့ မီးပျက်နေလို့ အလုပ်ရှုပ်နေရပါတယ်။ ရပ်ကွက်လျှပ်စစ်စတိုးဆိုင်ကြီးက ဝယ်ခဲ့တဲ့ တရုတ်လုပ် ဆိုလာ မီးလုံးက တလ မပြည့်ခင် မီးမလင်းတော့ပါဘူး။ မီးလုံးတလုံး နှစ်သောင်းခွဲပေးခဲ့ရတာ။ ခုတော့ "ပလုံ" ပြီပေါ့။ 

ဖုန်းအားသွင်းဖို့ ဝယ်ခဲ့ရတဲ့ ပါဝါဘဏ် ကလည်း မီးအားမဝင်တော့ဘူး။ လွန်ခဲ့တဲ့ တလ ကမှ ရှိစုမဲ့စု ငွေ ခြောက်သောင်းနဲ့ဝယ်ခဲ့ရတာ။ သုံးသောင်းတန်ဆို ခဏလေးနဲ့ပျက်မယ် ဈေးကြီတာ ဝယ်ပါလို့ အရောင်းစာရေးက အကြံပေးလို့ ဝယ်လိုက်မိတယ်။ ခုတော့ သွားပြီ။ ဒီပစ္စည်းကလည်း တရုတ်လုပ်ပဲ။ 

"တရုတ်လုပ် ၊ တရက်စုတ်" ဆိုရိုးစကား ဟာ မှန်လွန်းလှတယ်။ 

သူငယ်ချင်းတစ်ယောက်က အားပေးတယ်။ တရုတ်လုပ်ရင် ငြိမ်းချမ်းရေးတောင် ရက်ပိုင်းပဲ ခံတယ်တဲ့။ 

ဟုတ်ပ ဗျာ၊ လောက်ကိုင်မြို့တိုက်ပွဲရလဒ်ကို အကြောင်းပြု လုပ်ခဲ့တဲ့ MNDAA နဲ့ စစ်ကောင်စီ ယာယီငြိမ်းချမ်းရေး ပျက်ခဲ့ပြီ။ လောက်ကိုင်မြို့လဲ စိစိညက်ညက် ကြေခဲ့ပြီ။ တရုတ်လုပ်ငြိမ်းချမ်းရေးမို့ ကြာကြာမခံတာပေါ့တဲ့။ တရုတ် မုန်းတီးသူတွေရဲ့အမြင်က ခုအချိန်မှာ တောက်ပလာတယ်။ 

ခင်ဗျားတို့ တရုတ်တွေက ကျွန်တော်တို့ မြန်မာနိုင်ငံကို အရည်အသွေးနိမ့်တဲ့ပစ္စည်းသွင်းပြီး ဆင်းရဲသည်ထက် ဆင်းရဲအောင်လုပ်နေတာ ၊ မိတ်ဆွေကောင်း မပီသဘူးလို့ တရုတ်ကုန်သည်ကြီးတစ်ယောက်ကိုကား ရန်ထောင်ခဲ့ဖူးတယ်။

သူ ပြန်ပြောတာက ခင်ဗျားတို့နိုင်ငံက ကုန်သည်တွေ မှာတဲ့ အရည်အသွေးနဲ့ ဈေးနှုန်းအတိုင်း ကျုပ်တို့က ရောင်းရတာပါ။ အနောက်နိုင်ငံကိုလည်း အနောက်ကုန်သည်တွေမှာတဲ့ ဈေးနဲ့ အရည်အသွေးတိုင်း ထုတ်လုပ်ပေးရတာပါ  ပဲတဲ့။

ဒီလိုဆို ကျနော်တို့ မြန်မာကုန်သည်တွေက ဘာကြောင့် အရည်အသွေးနိမ့်တဲ့ပစ္စည်းတွေကို သွင်းရပါသလဲ။ မြန်မာကုန်သည်ကြီးတွေကို မေးကြည့်တော့ ကျွန်တော်တို့ နိုင်ငံခြားသွင်းကုန် လိုင်စင်ယူတဲ့အခါ တရားဝင်အခွန်ပေးရတာက နည်းသလောက် တရားမဝင် ပေးရတဲ့ငွေက အဆမတန်များနေတယ်။ ကုန်သွယ်ရာလမ်းကြောင်းတွေမှာလည်း တရားမဝင်ဂိတ်ကြေးတွေ အဆင့်ဆင့်ပေးရပါတယ်။ အဲဒါတွေကို တွက်ခြေကိုက်အောင် တရုတ်က ပစ္စည်အပေါစား အညံ့စားတွေ သွင်းမှ ကျွန်တော်တို့ ရပ်တည်နိုင်မှာလေ တဲ့။ ကုန်ထုတ် တရုတ်လည်း နာမည်ပျက်။ မြန်မာ ကုန်သည်လည်း နာမည်ပျက်။

အာဏာရှင် စစ်ယန္တရားနဲ့ ပူးတွဲလုပ်ကိုင် မိသူတိုင်းဟာ နာမည်ပျက်။ 

တရုတ်ပြည်ဟာ မြန်မာပြည်မှာ စီးပွားရှာတာ မသာအိမ် ဖဲဒိုင်ခံသူအဖြစ် နာမည်ဆိုးရခဲ့တယ်။ မြန်မာပြည်သူတွေရဲ့ မုန်းတီးတာကို ခံရတယ်။ မြန်မာစစ်တပ်ကတော့ လာဘ်ငွေတွေလည်း ရ၊ သူတို့ ဖြစ်စေချင်တဲ့ တရုတ် မုန်းတီးရေး နဲ့ မြန်မာမျက်ကန်းမျိုးချစ်စိတ်ဓာတ်လည်း မြင့်တက်ခဲ့ရတယ်။ အနစ်နာဆုံးကတော့ ကုန်ပစ္စည်း အညံ့စားတွေကို မတန်တဆ ဈေးပေးပြီး သုံးစွဲနေရတဲ့မြန်မာပြည်သူတွေပါ။ 

သူယုတ်မာနဲ့ ထိတွေ့ရသူတိုင်း အကျိုးစီးပွားပျက်ရတာ သဘာဝပါပဲ။

ဒါကို ကျနော်တို့ပြည်သူတွေ ဘယ်လို ကျော်လွှားမလဲ။ ကိုယ့်ဘက်က ရပ်တည်မယ့် အစိုးရကောင်းကျွန်တော်တို့မှာ မရှိပါဘူး။ အခြားအစိုးရဆီက အကြင်နာတရား ဆိုတာအဝေးကြီးမှာ။ 

အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေ အချင်းချင်းကာကွယ်စောင့်ရှောက်ကြမယ်။ နည်းလမ်းတခုတော့ စဉ်းစားမိတယ်။ 

ပစ္စည်း အရည်အသွေးကောင်းမကောင်း ဘယ်လို သိနိုင်မလဲ။ တစ်ယောက်ကို တစ်ယောက် အသိပေးမယ်။ ပစ္စည်းမကောင်းတာ ဝယ်မိရင် အဲဒီပစ္စည်းကို ဘယ်ဆိုင်မှာ ဝယ်ခဲ့ရသလဲ ဆိုတာ အချင်းချင်း အသိပေးမယ်။ အဲဒီလိုမကောင်းတဲ့ပစ္စည်တွေ တင်ရောင်းတဲ့ဆိုင်ကို သတိပေးမယ်။ 

အဲဒါဆို တာဝန်မဲ့တဲ့ကုန်သည်တွေလဲ ဝယ်သူမကြိုက်တဲ့ပစ္စည်းမို့ ကုန်မသွယ်ရဲတော့ဘူး။ ပစ္စည်းထုတ်လုပ်သူတွေလည်း ထုတ်မှာမဟုတ်တော့ဘူး။ 

တနည်းပြောရရင် ဝယ်သူက ညံ့ဖျင်းတဲ့ ကုန်ပစ္စည်းတွေကို မဝယ်မိဖို့ပါပဲ။ အဲဒီတော့ ကျွန်တော်တို့ဟာ တပါးသူကို အပြစ်တင်နေတာထက် မိမိကိုယ်မိမိ အရည်အချင်းမြင်တင်တတ်တဲ့ သူတွေဖြစ်အောင်လုပ်ဖို့ပါပဲ။

တရုတ် ဦးဆောင်ကျင်းပပေးတဲ့ လောက်ကိုင်အရေး ဆွေးနွေးပွဲ အရာမထင်ဖြစ်ခဲ့လို့ ကျွန်တော်တို့ တရုတ်ကို အပြစ်မတင်ဘဲ မိမိအရည်အချင်းကိုသာ ယုံကြည်ခဲ့တာကြောင့် စစ်ကောင်စီထောင်ခြောက်ထဲက ဂုဏ်သိက္ခာရှိရှိ လွတ်မြောက်ခဲ့တယ် မဟုတ်လား။ 

ကျွန်တော်တို့အတွက် ကျွန်တော်တို့သာ အားကိုးရာဖြစ်တယ်ဆိုတာ နွေဦးတော်လှန်ရေးက ပြနေပြီလေ။ 

ကျွတော်တို့ဟာ အင်အားကြီးတွေကို ဆန့်ကျင်နေတာ မဟုတ်၊ အိမ်နီးချင်းတွေကို ဆန့်ကျင်နေတာမဟုတ်။ မတရားတဲ့ စနစ်တွေကို ပြောင်ပြောင်မြောက်မြောက် ဆန့်ကျင်တဲ့ နိုင်ငံသားတွေပါ။

ဒီည မအိပ်ခင် အလံဖြူကိုင်ရင်း ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်တွေရဲ့ ရုပ်သံတွေကို အားပေးလိုက်ပါဦးမယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar