Breaking News

၂၀၂၄ ခုနှစ်ရဲ့ အစ NUG ရဲ့ တရုတ်နဲ့ပတ်သက်တဲ့ မူဝါဒ တစိတ်တပိုင်း၊ ရိုဟင်ဂျာဒုက္ခသည်အရေး ဒေသတွင်း ပြဿနာဖြစ်လာ

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၂၄


၂၀၂၄ ခုနှစ်ရဲ့ အစ NUG ရဲ့ တရုတ်နဲ့ပတ်သက်တဲ့ မူဝါဒ တစိတ်တပိုင်း၊ ရိုဟင်ဂျာဒုက္ခသည်အရေး ဒေသတွင်း ပြဿနာဖြစ်လာ

အနောက်တိုင်း ပြက္ခဒိန် ၂၀၂၄ ခုနှစ် အစမှာ မျှော်လင့်ချက်များနဲ့ နှစ်သစ်ကို ကြိုဆိုကြပေမယ့်လည်း ၂၀၂၃ ခုနှစ် နှစ်ဟောင်းက အဆက်အစပ်တွေ၊ ဖြစ်ရပ်တွေက မနေ့က အဖြစ်အပျက်တွေမို့လို့ ရုတ်တရက် ဘယ်လိုမှ ဖြတ်တောက်လို့ရမှာမဟုတ်ဘဲ အတိတ်ရဲ့ ကောင်းကျိုးရော ဆိုးပြစ်တွေပါ ဆက်လက်ဆက်ခံရင်း အနာဂတ်ကို ဖြတ်သန်းရမှာဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ဘေးဒုက္ခရောက်ခြင်းတွေ၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ၊ နေအိမ်တွေ ရပ်ရွာပျက်စီးမှုတွေက ၂၀၂၄ ခုနှစ်ထိတိုင် ဆက်လက်ပါရှိလာနေတာ ဖြစ်ပါတယ်။ အခုရက်ပိုင်း သတင်းတွေထဲ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ ဆက်လက်ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ TNLA က တမြို့ပြီးတမြို့ သိမ်းယူလာတဲ့ သတင်း၊ သိမ်းယူခံရတဲ့ မြို့တွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတဲ့ သတင်း၊ တံတားတွေ ဖျက်ဆီးလိုက်တဲ့ သတင်း၊ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ NUG  က ၄င်းရဲ့ မူဝါဒ တစိတ်တပိုင်းကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ သတင်းတွေက ပရိသတ်ကို စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေ အဖြစ်ရှိနေကြတာ ဖြစ်ပါတယ်။ 

ရှမ်းမြောက်ဒေသမှာ အောက်တိုဘာ ၂၇ ရက်က စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် အတိုင်းအတာတခုထိ စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲဖြစ်ပြီးနောက်မှာ တရုတ်နိုင်ငံက ဒီဒေသရဲ့ ပထဝီနိုင်ငံရေး အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာမယ့် အကျိုးဆက်ကို စိုးရိမ်မှုရှိကောင်း ရှိလာတဲ့ အရိပ်အယောင်တွေ တွေ့လာရပြီး ရှမ်းမြောက်က တိုက်ပွဲတွေကို စားပွဲဝိုင်းမှာ ဆွေးနွေးကြဖို့ စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲ အဆင့်တခုမှာ အနာဂတ်အကျိုးဆက်ကို မှန်းဆလို့ရတဲ့ အနေအထားမှာ ရပ်တန့်စေလိုတဲ့ သဘောမျိုးနဲ့ တွေ့ဆုံဆွေးနွေးရေးကို ဖိအားပေးလာနေတာ တွေ့နေရပါတယ်။ ဒီဇင်ဘာလဆန်းမှာ တကြိမ်၊ လရဲ့ တတိယပတ်မှာ ဒုတိယတကြိမ် တွေ့ ဆုံဖို့ ဖိအားပေးပြီး စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကို တွေ့ဆုံဆွေးနွေးစေခဲ့တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲတွေက အပစ်ရပ်ဖို့ သဘောတူခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ အပစ်ရပ်တဲ့ လက္ခဏာမတွေ့ရဘဲ အချို့ဒေသတွေမှာ ပိုလို့တောင် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာတာ တွေ့ရပါတယ်။ 

ဥပမာအားဖြင့် နမ့်ခမ်းက စခန်းသစ်ကုန်း သိမ်းယူတာ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မူဆယ် ၁၀၅ မိုင် စခန်းတွေသိမ်းယူတာတွေက ဒီဇင်ဘာလထဲမှာ ဖြစ်ပွားခဲ့တာတွေ ဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်း နောက်ဆုံး သိမ်းယူခဲ့တဲ့ တိုက်နယ်မြို့က ကျောက်မဲမြို့နယ်ထဲက မိုင်းငေါ့တိုက်နယ်မြို့ ဖြစ်ပါတယ်။ TNLA အနေနဲ့ တိုက်နိုင်တုန်း၊ အောင်ပွဲရတုန်း မြို့တမြို့ပြီး တမြို့ စစ်စခန်းတခုပြီးတခု သိမ်းယူထားဖို့ ဆုံးဖြတ်ထားတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အပစ်ရပ်ရေး ဆွေးနွေးမှုတွေ လုပ်ခဲ့ရင် တပ်နေရာချထားရေး ဆိုတဲ့ ခေါင်းစဥ်က ပါရှိစမြဲ ခေါင်းစဥ်ဖြစ်ပြီး မိမိနေရာယူထားတဲ့ နေရာအသာရအောင် သိမ်းယူနိုင်သလောက် အားနဲ့ တိုက်ပြီးသိမ်းယူထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

ရှမ်းမြောက်မှာ စစ်ဌာနချုပ် အခြေစိုက် လားရှိုးမြို့ နဲ့ ကွတ်ခိုင်၊ မူဆယ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့လို ပြည်ထောင်စု လမ်းမကြီးပေါ်က မြို့တွေသာ ကျန်ရှိနေပြီး အဲဒီလမ်းပေါ်က မြို့တမြို့ဖြစ်တဲ့ သိန္နီမြို့ကို MNDAA  က နိုဝင်ဘာလကတည်းက သိမ်းယူပြီး ပြည်ထောင်စုလမ်းမကို ဖြတ်တောက်ထားပြီးလည်း ဖြစ်ပါတယ်။ အခုလို အနေအထားမှာတော့ တရုတ်နိုင်ငံက ရှမ်းမြောက်က တိုက်ပွဲတွေရဲ့ အကျိုးရလဒ်တွေအပေါ် သရုပ်ခွဲ တွက်ချက်ကြည့်နေမှာ အသေအချာဖြစ်ပါတယ်။ စစ်ရေး ချိန်ခွင်လျှာ အပြောင်းအလဲ၊ စစ်ကောင်စီ မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ဆက်ဆံရေး၊ နယ်မြေစိုးမိုးမှုနဲ့ အဖွဲ့အချင်းချင်းအကြား နားလည်မှု သို့မဟုတ် အကျိုးစီးပွား ပွတ်တိုက်မှု စတာတွေကို မှန်းဆတွက်ချက်ကြည့်နေမှာ သေချာတဲ့ အနေအထားဖြစ်ပါတယ်။ ရှမ်းမြောက်ကို ဖြတ်သန်းသွယ်ယူထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လိုင်း ရှိသလို အဲဒီလို အလားတူ ရထားလမ်းဖောက်လုပ်ပြီး ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကနေ ယူနန်ပြည်နယ်ကို ဆက်သွယ်မယ့် စီမံကိန်းရဲ့အပေါ် သက်ရောက်နိုင်မှုတွေကိုပါ ထည့်သွင်းစဥ်းစားမှာ သေချာပါတယ်။ ဒီအနေအထားတွေက တရုတ်နိုင်ငံက ရှမ်းမြောက်က တိုက်ပွဲတွေကို အရှိန်လျော့သွားစေချင်ပြီး ရောက်ရှိတဲ့ အနေအထားတခုမှာ ပိုနေမြဲ ကျားနေမြဲနေကြဖို့ ဆွေးနွေးစေချင်ပုံလည်း ရပါတယ်။ 

အခုလို အခြေအနေ နောက်ခံမှာ NUG က တရုတ်နဲ့ ပတ်သက်တဲ့ မူဝါကို ထုတ်ဖော် အသိပေးလိုက်ပါတယ်။ တရုတ်တနိုင်ငံတည်း မူဝါဒကို လက်ခံကျင့်သုံးမယ်ဆိုတဲ့ အချက်၊ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လူမှုစီးပွားလုပ်ငန်းတွေကို ကာကွယ်ပေးမယ်ဆိုတဲ့ အချက်၊ အိမ်နီးချင်းနိုင်ငံရဲ့ လုံခြုံရေးကို ထိပါးစေမယ့် ဘယ်လိုအဖွဲ့အစည်းကိုမှ မြန်မာနိုင်ငံထဲ အခြေစိုက်ခွင့်ပြုမှာ မဟုတ်ဘူးဆိုတဲ့ အချက်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင် စာချုပ်တွေကို လိုက်နာမယ်ဆိုတဲ့ အချက်နဲ့ အွန်လိုင်းငွေလိမ် ဂိုဏ်းတွေ၊ လူကုန်ကူးမှုတွေနဲ့ နယ်စပ်ဖြတ်ကျော် မှုခင်းတွေကို အိမ်နီးချင်းနိုင်ငံနဲ့ ပူးပေါင်းနှိမ်နှင်းသွားမယ် ဆိုတဲ့အချက်တွေ ပါရှိတာ ဖြစ်ပါတယ်။ တရုတ်တနိုင်ငံတည်း မူဝါဒကို ထောက်ခံတယ်ဆိုတဲ့ အချက်က မြန်မာတက်ကြွလှုပ်ရှားသူတွေကို ဝေဖန်စရာဖြစ်စေတဲ့ မူဝါဒဖြစ်ပြီး တရုတ်နိုင်ငံရဲ့ တနိုင်ငံတည်း မူဝါဒကို ထောက်ခံခြင်းအားဖြင့် ထိုင်ဝမ်ရဲ့ လွတ်လပ်တဲ့ နိုင်ငံအယူအဆကို လျစ်လျူရှုလိုက်တဲ့ သဘောလည်း ဖြစ်တယ်လို့ ယူဆကြတာဖြစ်ပါတယ်။ 

NUG အနေနဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ တသမတ်တည်း ဖြစ်ပြီး ကျိုးကြောင်းဆီလျော်တဲ့ မူဝါဒတခု ရှိထားဖို့ အရေးကြီးပြီး အခြားသော ဖိအားတွေထက် မိမိမူဝါဒအပေါ်မှာသာ ခိုင်မြဲစွာ ရပ်တည်ဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားအကြောင်းအရာ တရပ်ကတော့ ရိုဟင်ဂျာ ဒုက္ခသည်အရေးကိစ္စက ဒေသတွင်း ပြဿနာတရပ် ဖြစ်လာနေတာ ပိုထင်ရှားလာပါတယ်။ ၇ နှစ်ထဲရောက်ရှိလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်း ရဲ့ စားဝတ်နေရေး၊ ပညာရေးတွေ နဲ့ အနာဂတ်က မသေချာ မရေရာဖြစ်လာတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ထောင်သောင်းချီတဲ့ သူတွေနှစ်စဥ်နှစ်တိုင်း မုတ်သုန်ရာသီကုန်ဆုံးတာနဲ့ ဘင်္ဂလား ပင်လယ်အော်ကနေ အက်ဒမန် ပင်လယ်အတိုင်း တောင်ဘက်ကို ရေကြောင်းနဲ့ စုန်ဆင်းကြပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ ခိုလှုံဖို့ သွားရောက်ကြတာ ဖြစ်ပါတယ်။ လှေတစီးမှာ လူ ၃၀၀/ ၄၀၀ ကနေ ၇၀၀ ကျော် အထိ စီးနင်းကြပြီး အသက်အန္တရာယ်ကြားထဲက စွန့်စားပြီး သွားရောက်ကြတာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံကို ကုန်းလမ်း ရေလမ်းက ဝင်ရောက်ကာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့ ကြိုးစားကြတာ တတိယနိုင်ငံကို ခိုလှုံသွားရောက်ကြဖို့ ကြိုးစားကြတာတွေက ပြီးခဲ့တဲ့ နှစ်အတော်ကြာကြာကတည်းက ဖြစ်ပွားနေခဲ့တာပါ။ ခုနှစ်ပိုင်းမှာတော့ အင်ဒိုနီးရှားနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်များအတွက် ရည်မှန်းချက် နိုင်ငံတနိုင်ငံဖြစ်လာပြီး လှေတွေနဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေး ပြည်နယ်ကို ဆိုက်ကပ်ရောက်ရှိကြရာက ခုရက်ပိုင်းတွေမှာတော့ ဒုက္ခသည်တွေကို လက်မခံဖို့အာချေး ဒေသခံတွေရဲ့ ဆန့်ကျင်မှုတွေနဲ့ ကြုံတွေ့နေရသလို လှေတစီးကို ပင်လယ်ထဲ ပြန်လည် မောင်းထုတ်ခဲ့တာလည်း သတင်းထဲ ဖတ်ရှုရပါတယ်။ 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက နှစ်ပေါင်းများစွာကတည်းက အခြေချခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာ လူမျိုးတွေ ကို လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်ပွားအပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဒုက္ခသည်ပြဿနာကို အန်အယ်လ်ဒီ အစိုးရအာဏာရှိစဥ် ၃ နှစ်ကျော်ကာလအတွင်းလည်း မရှင်းလင်းနိုင်ခဲ့ရာက စစ်အာဏာသိမ်းပြီးနောက် ပိုမို ဖြေရှင်းရခက်ခဲလာတဲ့ အနေအထားဖြစ်ပါတယ်။ 

ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာဟာ မြန်မာနိုင်ငံနဲ့ လက်ခံထားရှိတဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအတွက် ပြဿနာသာ မဟုတ်တော့ပဲ ဒေသတွင်း ဒုက္ခသည်ပြဿနာ ၊ လူသားချင်းစာနာမှုနဲ့ မိမိတို့ ဒေသမှာ အခြေချလာမယ့်သူတွေ ကို လက်မခံလိုတဲ့ ဒေသခံတွေရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုနဲ့ ကြုံတွေ့ရတဲ့ ဒေသတွင်း ပြဿနာ တရပ်အဖြစ် ပိုမိုထင်ရှားလာနေတာ ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar