Breaking News

နာကျင်စရာ ၂၀၂၃ ခုနှစ်ကို ပြန်ငဲ့ကြည့်ရင်း ၂၀၂၄ ကို မျှော်ကြည့်ခြင်း


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၃၁ မြင်ကွင်း


(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၂၄


နာကျင်စရာ ၂၀၂၃ ခုနှစ်ကို ပြန်ငဲ့ကြည့်ရင်း ၂၀၂၄ ကို မျှော်ကြည့်ခြင်း 

မြန်မာခရော်နီကယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်တွေ၊ လူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခ၊ ဝေဒနာ တွေ၊ ပင့်သက်ရှိုက်မှု၊ မခံစားနိုင်လောက်အောင် ရင်နင့်စရာကောင်းတဲ့ ကြေကွဲစရာ ဖြစ်ရပ်တွေကို နေ့စဥ်မှတ်တမ်းတင်ရင်း နေ့စဥ်ဖြစ်စဥ်တွေကနေ ရှင်သန်နေတဲ့ သမိုင်းကို မတူတဲ့ ရှုထောင့်ကနေ ချဥ်းကပ် သုံးသပ်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ နာကျင်စရာ ကြေကွဲစရာ၊ နာကျည်းစရာ၊ ဒေါသဖြစ်စရာ၊ အားမလိုအားမရ ဖြစ်စရာတွေ အများစုဖြစ်ပြီး အားတက်စရာ၊ မျှော်လင့်ချက်တွေက အနည်းစုမျှသာ ရှိခဲ့တဲ့ နှစ်တနှစ်ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ လက်နက်မဲ့ ဆန္ဒပြမှုတွေ၊ ငြိမ်းချမ်းစွာ တောင်းဆိုမှုတွေကနေ လျင်လျင်မြန်မြန်ပြောင်းလဲသွားတဲ့ အကြမ်းဖက် ဖြိုခွင်းမှု၊ ခုခံမှု၊ တန်ပြန်မှု၊ လုပ်ကြံသတ်ဖြတ်မှုတွေက မြန်မာနိုင်ငံကို စစ်ပွဲတွေထဲ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်တွေနဲ့ ဆန္ဒပြမှုတွေကို ရက်စက်စွာ ဖြိုခွဲခြင်းကို တုံ့ပြန်ဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့စည်းကာ တုံ့ပြန်ဖို့ဆုံးဖြတ်ခဲ့ကြတာ ၂၀၂၁ ခုနှစ်ရဲ့ အလှည့်အပြောင်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ၂၀၂၃ ခုနှစ်ကတော့ အဆိုပါ လမ်းကြောင်းပေါ်မှာ တရစ်ချင်း မြင့်တက်လာတဲ့ ပြည်တွင်းစစ်၊ နကိုကတည်းက လက်နက်ကိုင် တပ်ဖွဲ့တွေရှိတဲ့ တိုင်းရင်းသား အဖွဲ့တွေအတွက် အခြေအနေအခွင့်အလမ်းတခု ဖြစ်လာတဲ့ နှစ်တွေဖြစ်တယ်လို့ ဆိုရင် မမှားပါဘူး။ 

စစ်ပွဲတွေကို အရှိန်မြှင့်တင်ခဲ့ကြရာမှာ လက်နက်အားကိုး နဲ့ မတန်တဆ လက်တုံ့ပြန်မှုတွေ၊ တိုက်ရိုက် မသက်ဆိုင်သူတွေကိုပါ ပြစ်ဒဏ်ခတ်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ လက်စားခြေမှုတွေ မြေလှန်ဖျက်ဆီးမှုတွေက နေ့စဥ် ဖြစ်ရပ်တွေလို ဖြစ်လာနေခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် တနှစ်တာရဲ့ အဖြစ်အပျက်တွေထဲမှာ စစ်ပွဲတွေမှာ တိုက်ခိုက်လို့ သေဆုံးမှု၊ ဖမ်းဆီး သတ်ဖြတ်ခံရမှုတွေသာမက လက်နက်ကိုင်အဖွဲ့ဝင်မဟုတ်တဲ့ အရပ်သားတွေကို သတ်ဖြတ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူတာ၊ လုယူတာ ဖျက်ဆီးတာ၊ မီးရှို့တာ၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်၊ ကလေးသူငယ်တွေမရှောင် သတ်ဖြတ်ကြတာတွေ၊ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူရာချီသေဆုံးမှုတွေ သေဒဏ်ချမှတ်မှုတွေ၊ ထောင်ဒဏ်ချမှတ်မှုတွေ နဲ့ ပြည့်နှက်နေတဲ့ နှစ်တနှစ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

ကုန်ဆုံးတော့မယ့် ၂၀၂၃ ခုနှစ်အတွင်း ဆိုးယုတ်တဲ့ စစ်အာဏာရှင်ကို နိုင်ငံရေးအရ စစ်ရေးအရ အပြီးတိုင် အနိုင်ယူဖို့ ဘယ်လောက်ထိ နီးစပ်လာပြီလဲလို့ ပြန်သုံးသပ်ရင် ၂၀၂၂ ခုနှစ်ထက် အများကြီး နီးစပ်လာတယ်လို့ ဆိုနိုင်တဲ့ နှစ်တနှစ်ဖြစ်ပါတယ်။ တဖက်မှာလည်း စစ်ပွဲတွေရဲ့ အကျိုးဆက် စစ်ဘေးရှောင်ဒုက္ခသည် ၂ ဆ မတိုးရုံတမယ် ၂ သန်းခွဲကျော်ရှိလာသလို ပြည်သူလူထုအနေနဲ့ အသက်ရှင်သန် စားသောက်ဖို့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ စွန့်ထားခဲ့ရပြီး စုဆောင်းထားတာတွေ အကုန်ထုတ်သုံးကြရမယ့် အနေအထား၊ စုဆောင်းထားတာမရှိတဲ့ သူတွေအဖို့ လက်ဖြန့်ခံကာ အသက်ရှင်ကြရမယ့် အနေအထားမျိုး မှာ လူသိန်းဂဏန်း သန်းဂဏန်း ရောက်ရှိနေကြတာလည်း ဖြစ်ပါတယ်။ 

မျှော်မှန်းချက် ပန်းတိုင်တခုအတွက် ပေးဆပ်မှု အရင်းအနှီးတော့ ရှိကြရစမြဲလို့ ဆိုကောင်းဆိုနိုင်ပေမယ့် စစ်ပွဲရဲ့ အောင်မြင်မှုတွေက ဘယ်သူတွေ ဘယ်အဖွဲ့အစည်းတွေ ခံစားကြရမှာလဲ၊ စစ်အာဏာရှင်ကို တိုက်ခိုက်ပြီး စစ်ဝါဒီတွေ ထပ်ဖြစ်လာကြမှာလား ဆိုတဲ့စိုးရိမ်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ စစ်အာဏာရှင်ကို ဖယ်ရှားရင်း နောက်ထပ် မတူတဲ့ စစ်ဝါဒ၊ စစ်အာဏာရှင် အသစ်တွေ မွေးမထုတ်မိဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ တန်းတူညီမျှမှု အယူအဆ၊ အတွေးအခေါ်၊ ယုံကြည်မှုတွေ တန်ဖိုးတွေကို လေးစားတန်ဖိုးထားမှုတွေ မရှိခဲ့ရင် နောက်ထပ် ပဒေသရာဇ်  အသွင်သဏ္ဍာန် နဲ့ စစ်အာဏာရှင် အသွင်သဏ္ဍာန်ဆောင်တဲ့ လက်နက်ကိုင် အင်အားစုတွေ နေရာယူလာမယ့် အရေးလည်း ၂၀၂၄ မှာ ရှိနေနိုင်တာ ဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်ဟာ နှစ်သစ်ဆိုပေမယ့် နှစ်ဟောင်း ၂၀၂၃ က အကျိုးဆက်တွေ၊ လုပ်ဆောင်မှုရဲ့ ရလဒ်တွေ၊ ကောင်းကျိုးဆိုးမွေတွေကို ဆက်ခံရမှာ အသေအချာလည်း ဖြစ်ပါတယ်။ နှစ်သစ်မှာ တန်ဖိုး အသစ်၊ အတွေးအခေါ်အသစ်၊ အတိတ်က အယူအဆဟောင်းတွေ စွန့်ပယ်ပြီး တရားမျှတမှုအပေါ်သာ မူတည်ဆုံးဖြတ်ကြပြီး အင်အားအပေါ်မူတည်ကာ မဆုံးဖြတ်ကြတဲ့ ယဥ်ကျေးမှု၊ ဆင်ခြင်တုံတရား ပြည့်ဝသော၊ အမြှော်အမြင်ရှိသော နိုင်ငံရေး စနစ်၊ အဖွဲ့အစည်း အစဥ်အလာသစ်တွေကို ချမှတ် ကျင့်သုံးနိုင်ကြမှသာ လာမယ့် အနာဂတ်က စနစ်သစ် လူ့ဘောင်သစ်မှာ တန်းတူညီမျှမှုကို ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar