မင်းညွန့်လှိုင် - ဆောင်းမနက်ခင်း ကမ်းပါးစွန်းမှာရပ်မိခြင်း
ကမ်းပါးစွန်းမှာရပ်မိခြင်း
မင်းညွန့်လှိုင်
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၄
အခုတော့
ပွဲခင်းထဲအိပ်ပျော်သူလို
ကမ်းပါးစွန်းမှာ
ငါတခုတည်းရပ်နေပြီ ။
ဆောင်းအိပ်မက်ထဲ
လျှောက်မိသူလို
ငါရပ်နေတယ်။
နှင်းလိုလာပြီး
နှင်းလိုပြန်တဲ့
ပျော်ရွှင်မှုတွေရယ်...။
တိုးတိုးဖွဖွ ငါ့အော်သံကို
ဟင်းလင်းပြင်က
တိတ်ဆိတ်မှုနဲ့ပဲ့တင်တယ် ။
အေးလေ
နှင်းစက်တွေနဲ့
လေးလံနေတဲ့
လမ်းလျှောက်ဝတ်စုံထဲက
ဘာကိုများ
မျှော်လင့်လို့ရမှာလဲ ။
ကျေးဇူးပြု၍
မရုပ်သိမ်းလိုက်ပါနဲ့
ချောက်ထဲဝဲဖို့
လေတဝေ့အလို...။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar