Breaking News

မိုးချိုသင်း - လမ်းဆက်လျှောက်နေတယ် အဖေ


မိုးချိုသင်း - လမ်းဆက်လျှောက်နေတယ် အဖေ

(မိုးမခ) ဇန်နဝါရီ ၂၃ ၊ ၂၀၂၄


ဒီနေ့ဆို အဖေ ဆုံးတာ ၁၇ နှစ် ပြည့်ပြီဆိုတော့ အဖေထားခဲ့လို့ ကျန်နေခဲ့ရတဲ့ဘဝမှာ နေသာအောင် ကြိုးစားနေနေပါတယ်။ တခါတခါ အခက်အခဲတွေ ကြုံရရင် ဘဝကြီးက ခက်ခဲတယ် မောလိုက်တာ လို့ အပူအပင်မသိခဲ့တဲ့ မိဘအရိပ်အောက်က ငယ်ဘဝကို တမ်းတမိတတ်တယ်။ တခါတခါ ပျော်စရာ ကြုံရပြန်တော့ အဖေနဲ့အမေသွားတာ စောလိုက်တာလို့ ဖြစ်မိပြန်တယ်။ ပြန်တွေးကြည့်ရင် ဒီ ၁၇ နှစ်အတွင်းမှာ ရွှေဝါရောင် သံဃာ့အရေးအခင်းကြီး လှိုင်းထ သလို မြင်ဖူးခဲ့ပြီ။ ပြည်သူ့အစိုးရ တက်လို့ အဖေ့အရိုးပြာအိုးလေးကိုလဲ မြန်မာပြည် ပြန်ပို့နိုင်ခဲ့ပြီ။ တကမ္ဘာလုံး ဂျွမ်းထိုးမှောက်ခုံ ကိုဗစ် ကပ်ဆိုးကြီးနဲ့ ကြုံခဲ့ရပြီးပြီ။ အမိမြေမှာ အာဏာရူးတစု အာဏာလု လို့  အေးအေးမနေနိုင် နိုင်ရာဝန် ထမ်းရင်း ဘဝခရီးကို ဆက်လျှောက်နေကြရပါတယ်။ 

အဖေရှိစဉ်က အဖေက ကိုယ့်ကို သိပ်ကျန်းမာစေချင်တယ်။ နေမကောင်းလို့ လှဲပြုနေရင် ကိုယ့်ဆံပင်လေးတွေ သပ်ပြီး နေသာရဲ့လား သမီးလို့ မေးတဲ့အခါ အဖေ့စိုးရိမ်တဲ့ အမူအရာကို လွမ်းမိတယ်။ ဆေးမတိုက်တတ် အဖျားမတိုင်းတတ်။ ဘေးနားမှာ အောင်ခြင်းရှစ်ပါး ကို သမီးဝေဒနာသက်သာ ကျော်လွှားနိုင်အောင် အော်ဂင် တီးပြတတ်သူ။ အဖေ သမီးနားမှာ တယောထိုးပြမယ် ပြောတတ်သူ။ ကျန်းမာရေးဟာ နံပါတ် ၁၊ ကျန်းမာရေးဟာ နံပါတ် ၂၊ ကျန်းမာရေးဟာ ဘာလဲ သမီး လို့ ခဏခဏ စိတ်ပူတိုင်း မေးနေလို့ ကျန်းမာရေးဟာ နံပါတ် ၃ ပါ အဖေလို့ ဝေဒနာကြားက ဖြေခဲ့ရသေးတယ်။ အဖေက အင်မတန်လဲ ဖျားနာခဲပါတယ်။ 

အဖေဟာ သူကိုယ်တိုင်လဲ ကျန်းမာရေး ဂရုစိုက်ပါတယ်။ အပြောပေါ့။ လက်တွေ့မှာတော့ နိုး ပါ။ ဆန်ပြုတ်သောက်ရင် ပေါ့လို့တဲ့ ပဲငံပြာရည်တွေ လောင်းထည့်တာ ဆန်ပြုတ် မဲမဲကြီး ဖြစ်နေတယ်။ ဆေးလိပ်ဝယ်ရင် သူများတွေလို တဗူး နှစ်ဗူး မဝယ်၊ ကာတွန်းလိုက် ဝယ်တတ်တယ်။ အိမ်နားက ဆေးလိပ်ဆိုင်က ဆိုင်ရှင်က စကဒ်လိုလို ဘာလိုလိုကြီး (ပုဆိုးစည်းထားတာကို ပြောချင်တာ) ဝတ်ပြီး အဖေ ဆိုင်ထဲ ဝင်လာရင် ဆိုင်ရှင်က ပြုံးသွားတာ။ အမှန်အကန် ဖောက်သည်ကြီး လာပြီဆိုပြီး မီးခြစ်လေးတွေ ရက်ရက်ရောရော လက်ဆောင်ပေးတယ်။  ပြောပုံကလဲ ဘော့စ် လာပြီဟေ့ တဲ့။ 

LA က နေရာတွေ ကျွမ်းကျင်လာတော့ မြန်မာပြည်က လက်ဖက်ရည်နဲ့တူတာ ရတဲ့ ဆိုင်တွေကို မှတ်တတ်လာတယ်။ Milk tea မှာပြီး နို့ဆီဗူးလိုက်ချပေးတဲ့ ဆိုင်တွေကို သဘောကျတတ်လာတယ်။ တခါသားမှာ ကျောက်ပန်းတောင်း ကျောက်ပန်းတောင်းဆိုပြီး ပြုံးပြီး နို့ဆီတွေ လောင်းနေတုန်း နောက်မှာ အဖေ့ဆရာဝန် မမ ရောက်နေလို့ ဘရိတ်အုပ်ရသေးတယ်။ ဒါနဲ့ တမနက်မှာ အစာမစားခင် ဆီးချို ဖမ်းတိုင်းလိုက်တော့ အတော်ကြီးကို မြင့်နေတာမို့ ဆီးချိုဆေး စ သောက်ရပါတယ်။ အဲဒါကို အဖေ စိတ်ညစ်ပုံက ချိုသင်းတိုင်းလို့ ဆီးချိုရှိသွားတာ ဆိုပဲ။ 

ဆရာဝန်က ပြောတယ်။ ဆီးချိုရှိရင် moderate exercise အနေနဲ့ လမ်းလေးဘာလေး လျှောက်ပါဆိုလို့ အဖေ လမ်းလျှောက်တယ်။ တရက်မှာ အဖေက အပြင်က လမ်းလျှောက်ပြန်လာတယ်၊ ငါ့သမီး လမ်းလေးဘာလေးလျှောက်မှပေါ့ အိမ်ထဲချည်း နေမနေနဲ့တဲ့။ အဖေတော့ လျှောက်ခဲ့ပြီ တဲ့။ ဟ တယ်ဟုတ်ပါလား ပေါ့။ ဘယ်ကို လျှောက်သလဲ အဖေ ပေါ့။ Clark လမ်းထိပ်ကို တဲ့။ Clark Street ဆိုတာ ကိုယ်တို့နဲ့ တအိမ်ကျော်သာ။ ၆ လှမ်းလောက် သွားရင် ရောက်တဲ့နေရာ။ အဖေ အတော်ကြီးကို အားထုတ်လိုက်တယ် ပြောရမှာပေါ့။ 

ဒီလိုနဲ့ အဖေ့သမီးဖြစ်တဲ့ကိုယ်ဟာလဲ ကျန်းမာရေးကို အဖေ့နည်းတူ လိုက်စားပါတယ်။ နံမည်မှာလဲ ချို ကပါပြန်၊ မျက်နှာချိုချိုနဲ့မို့ ထင်ပါရဲ့ အချို ကြိုက်တယ် (ဘာမှတော့ မဆိုင် 😁)။ သူများတွေ ကိတ်မုန့်စားတာ ကလေးဘဝမှာ ပြီးခဲ့ပြီ။ ကိုယ့်မှာတော့  ခုထိ အချစ်အခင်မပျက်ခဲ့ဘူး။ ကိတ်မုန့်ဆိုတဲ့အသံကြားရင် ခုထိ ပလပ် ပလပ် ဖြစ်တုန်း။ မြန်မာပြည်မှာ နေစဉ်က ဆရာဝန်က gym ဆော့ပါဆိုလို့ သွားရတာ အဝ ကနေ ပြန်လှည့်လာမစိုးလို့ အဖေက အပေါက်ဝ ထိ ကလေးကျောင်းပို့သလို အပို့ခံခဲ့ရသူ။ 

အခုတော့ အသက်ကလေးက ရလာပြီဆိုတော့ အတော် ဟုတ်လာပါပြီ။ အင်မတန် စိတ်ရှည်တဲ့ သူငယ်ချင်း အဖော်လေးရှိလို့ Yoga သွားလုပ်နေပြီ။ အရင်က လမ်းလျှောက်တာ self torture လို့ ပြောခဲ့ပေမယ့် အခု တပတ် တရက်ကြီးများတောင် လျှောက်နေပြီ။ လမ်းတဝက်မှာ မောတယ် မလျှောက်တော့ဘူးဆိုပြီး ပြန်ကွေ့သွားလို့ ချိုသင်းကွေ့လို့ နံမည်တွင်သွားတာတော့ ရှိတာပေါ့။  ပြည်သူ့ဂုဏ်ရည်အဖွဲ့က လူကြီးတွေနဲ့ အတူလျှောက်တာမို့ သူတို့က မနက်လမ်းလျှောက်ပြီးရင် မုန့်ကျွေးမယ် ဆိုလို့ စားတဲ့အပိုင်း အမြန်ရောက်အောင် လမ်းလျှောက်တဲ့အပိုင်းကို တိပ်ခွေများ ရစ်သလို ရစ်ချင်စိတ် ဖြစ်နေတာလေးတော့ ရှိတာပေါ့။ 

ဒါပေမယ့်ပေါ့လေ၊ အဖေတို့လက်ထက်မှာ မပြီးပြတ်ခဲ့သေးတဲ့ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် Long Beach က ပစိဖိတ်သမုဒ္ဒရာဘေးမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ ၃ မိုင် လမ်းလျှောက်မယ်။ Freedom Walk for Burma ပါ။ LA to VICTORY ပါ။ ရရှိတဲ့ အလှူငွေ အားလုံးကို ပြည်တွင်းက လိုအပ်တဲ့နေရာတွေဆီ တင်းပြည့်ကျပ်ပြည့် သွားမှာပါ။ လမ်းလျှောက်ရမှာ အင်မတန် ပျင်းတဲ့ ကိုယ် အခု ကတည်းက ကျင့်နေပါပြီ။ လူအများရှေ့မှာ လေးဖက်ထောက် ပန်းဝင်လာရမစိုးလို့။ သူများတွေ လှလှပပ ဓာတ်ပုံရိုက်နေချိန်မှာ အမောဆို့ပြီး စကား မပြန်နိုင် လက်ကာ ပြနေရမစိုးလို့။ 

ကျန်းမာအောင် လမ်းလေးဘာလေး လျှောက်အုံးလေ ဆိုလို့ သမီး လျှောက်မယ်။ အဖေတို့ သမီးတို့ အားလုံး စက်ဆုပ် ရွံရှာတဲ့ အာဏာစနစ်ဆိုး အမြစ်ပြတ်ရေးအတွက် တထောင့်တနေရာက ပါဝင်တဲ့အနေနဲ့ အဖေ့သမီး လမ်းလျှောက်မယ်။ အဖေတို့ အမေတို့သာရှိရင် ကျေနပ်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar