ရဲဘော်တေး - ပြောတတ်ပါစေ
ရဲဘော်တေး - ပြောတတ်ပါစေ
(မိုးမခ) ဇန်နဝါရီ ၉ ၊ ၂၀၂၄
အပြောမတတ်ရင် တုတ်နဲ့ရိုက်တာထက် နာတယ်ဆိုတဲ့ စကားရှိတယ်။
ဥပမာ “လက်နက်ချတယ်” ဆိုတဲ့ စကားကြည့်။ ကဲ တဖက်လူ ဘယ်ကလောက် ဂုဏ်ပျက်မလဲ၊ စဉ်းစားကြည့်။ အဲဒီလိုပြောမယ့်အစား “ လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတာဟာ တိုင်းပြည်မွဲကြောင်းဖြစ်” လို့ပြောရင် ကဲ ဘယ့်ကလောက် အနှစ်သာရရှိလဲ။ သူ့လောက် စည်းရုံးရေးဆန်တာတောင် သူ့ထက် စည်းရုံးရေးမဆန်ဘူးမဟုတ်လား။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးထိ ရောက်သွားတော့တာနော်။
“ကံဇာတာ ညှိုးလာတယ်” ပြောရင် ဘယ်ကြိုက်မလဲ၊ တုန်လှုပ်ရှာမှာပေါ့။ “ဖနောင့် သံဆူးတယ်” ဆိုတော့ ဟော ကရုဏာတောင် သက်ချင်စရာ ဖြစ်သွားတာလေ။ “ လောက်ကိုင်ကျတဲ့နေ့” ဆိုတာလဲ မပြောဖို့ လိုတယ်။ သူတို့ခံသာအောင် “ လွတ်လပ်ရေးနေ့” လို့ ပြောနော်။ “ဒကစကြီးတွေ ကျသွားတယ်” တို့၊ “စကခ စခန်းကြီး ပါသွားပြီ” တို့၊ “ဗျူဟာကုန်းတွေ လစ်သွားပြီ” တို့ မရေး မပြောသင့်ဘူးလေ။ သူတို့ခမျာ လူကြားထဲ ဘယ်လို မျက်နှာပြမလဲ၊ တပ်မိသားစုတွေထဲ ဘယ့်နှယ် ဖြေသိမ့်ပေးမလဲ၊ သူတို့ စကားပြောစရာလဲ ချန်ရသေးတာပေါ့။ “ ပွဲလန့်တုန်း ဖျာခင်းသွားတယ်” လို့ ပြောနော်။ သိကြပါတယ်။
“သူတော်ကောင်းယောင် ဆောင်တယ်” တို့၊ “သိုးယောင်ဆောင်တဲ့ ဝံပုလွေ” တို့၊ “ဒေါင်းယောင်ဆောင်တဲ့ ကျီး” တို့၊ “မင်းသားခေါင်း ဆောင်းတဲ့ဘီလူး” “ဒေဝဒတ်နဲ့ အဇာတသတ် ဆပ်ကျထားတဲ့ကောင်” တို့၊ “ခွေးပါးစပ်က နတ်စကားထွက်” တို့ဆို မသုံးသင့်ဘူး။ ပိဿာလေးနဲ့ နံဘေးပစ်သလိုနေမှာပေါ့။ “ဒီကောင်က မင်းအောင်လှိုင်” လို့ ပြောလိုက်။ ကဲ ဘယ်လောက် လူကြီးလူကောင်းဆန်လဲ။ ဗိုလ်ချုပ်မှူးကြီးလို့ မြှောက်စားရာလည်း ရောက်တယ်။ မြန်မာ့တပ်မတော်ကာချုပ်ကြီးလိုလူလို့ ချီးမွမ်းရာလည်း ရောက်တယ်။
အဲ တခုတော့ ရှိတယ်။ “မင်းအောင်လှိုင်” လို့ အပြည့်အစုံပြော။ “မအလ” လို့တော့ အတိုကောက် သွားမပြောမိစေနဲ့။ မင်းကို ဒီတသက် ခွင့်လွှတ်မှာ မဟုတ်တော့ဘူး။ ကမ္ဘာမကျေ နာတာရှည်ဘဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar