Breaking News

ဒေါ်မာမာအေး၏ ကိုယ်ရေးအကျဉ်း (၁၉၄၂-၂၀၂၄) (မိုးမခ - ၂၀၀၈ )

 (မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၁ (ဓာတ်ပုံ - ခင်မောင်လေး (Fort Wayne))


မာမာအေး (၁၉၄၂ - ၂၀၂၄ )


မြန်မာဂီတ အနုပညာရှင် မိခင်ကြီး၊ ပါရမီရှင်ကြီး၊ ဂန္ထဝင်အဆိုတော်ကြီး မာမာအေး ၂၀၂၄ ခုနှစ်ဇန်နဝါရီ ၈ ရက် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈ ၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈ မှာ ကွယ်လွန်ကြောင်း ကြားသိရပါသည်။

မြန်မာဂီတ အနုပညာရှင် မိခင်ကြီး၊ ပါရမီရှင်ကြီး ဒေါ်မာမာအေး ကွယ်လွန်ကြောင်း ကြားသိရသဖြင့် ဝမ်းနည်းမှတ်တမ်း တင်အပ်ပါသည်။ မိုးမခစာပေအနုပညာရှင်များက မြန်မာပြည်သူများနဲ့အတူ ဝမ်းနည်းကြောင်း တင်ပြအပ်ပါသည်။

ကိုယ်ရေးအကျဉ်း (၂၀၀၈ ခုနှစ်က မှတ်တမ်းကို ပြန်လည် တင်ဆက်ပါသည်)

၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်၊ (မွေးသက္ကရဇ် အမှန်)၊ မြန်မာ သက္ကရာဇ် ၁၃ဝ၄ ခုနှစ် ဒုတိယ ဝါဆိုလတွင် မြောင်းမြမြို့ ရှမ်းကုန်းပိုင်း၌ ဖွားမြင်သည်။ ဖခင် နှဲဆရာ ဦးအေး၊ မိခင် ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း) တို့ ဖြစ်ပြီး အမည်ရင်း မအေးမြင့် ဖြစ်သည်။

အသက် ၃ နှစ်ကျော်မှ စ၍ "ခေတ်သစ် ရာဇဝင် ပြဇာတ်အဖွဲ့" တွင် သီချင်းဆို၊ ပြဇာတ် ကခဲ့သည်။ အသက် ၈ နှစ်တွင် စတင် အသံ လွှင့်ခဲ့သည်။ သန်းသန်းမြင့် အမည်ဖြင့် "စန္ဒရား မြမြအေး အပျော်တမ်း တူရိယာ အဖွဲ့"၊ မြင့်မြင့်အေး အမည် ဖြင့် "ပွင့်ဦး တေးသံ အပျော်တမ်း တူရိယာ အဖွဲ့"၊ "မြင့်သီရိ အပျော်ထမ်း တူရိယာ အဖွဲ့"၊ "ချိုတေးရှင် တူရိယာ အဖွဲ့"၊ မာမာအေး အမည်ဖြင့် "ရဲသီဟ အပျော်တမ်း တူရိယာ အဖွဲ့"၊ "စစ်ရဲ ဂီတ တူရိယာ အဖွဲ့"၊ "ကေသီပန် တူရိယာ အဖွဲ့"၊ "ဂီတ မာလာ သီချင်းကြီး တူရိယာ အဖွဲ့"၊ "စောင်း ဦးခင်မြင့် သီချင်းကြီး တူရိယာ အဖွဲ့"၊ "မန္ဈလေး စန္ဒရား ဦးအုန်းမောင် သီချင်းကြီး တူရိယာ အဖွဲ့" တို့တွင် ပါဝင် ဖျော်ဖြေ ခဲ့သည်။

၁၉၅၅ - "သက်တန့်ပေါ်မှာ ကစားမယ်" သီချင်းဖြင့် နိုင်ငံသိ အဆိုတော် ဖြစ်လာသည်။

၁၉၅၆၊ ၅၇၊ ၅၈ ကျောင်းပေါင်းစုံ ကဗျာရွတ် ပြိုင်ပွဲတွင် အလယ်တန်း ပထမဆု ၃ နှစ် ဆက်တိုက် ရရှိ၍ တံခွန်စိုက်ဆု နှင်းခြင်း ခံရသည်။

၁၉၅၇ - "လေးမာ" ကလောင် အမည်ဖြင့် ကဗျာစာညွန့်၊ သီချင်းများ ရေးခဲ့သည်။

၁၉၆၁ - ၆၄ ဒုတိယ မြန်မာပိုင်း အစီအစဉ် လက်ထောက် ထုတ်လွှင့်ရေးမှူး။

၁၉၆၄ - ၆၅ မြန်မာနိုင်ငံ ခေတ်ပေါ် တေးဂီတ ကောင်စီ အမှုဆောင် အဖွဲ့ဝင်။

၁၉၆၄ - ၇၇ မြန်မာ့အသံ လက်ထောက် ထုတ်လွှင့်ရေးမှူး (အလုပ်သမား ပညာပေး အစီအစဉ်)။

၁၉၆၈ - ၇ဝ မြန်မာနိုင်ငံ ဂီတ ကောင်စီ အမှုဆောင်နှင့် ဂီတ ပဒေသာ မဂ္ဂဇင်း ကော်မတီဝင်။

၁၉၆၉ - ၇၃ ရုပ်ရှင် သရုပ်ဆောင် အဖြစ် "မြခြူသံ"၊ "သူ့ကိုမှ ချစ်သည်"၊ "မန်ဒါလီ" ရိုက်ကူး ခဲ့သည်။

၁၉၇၁ - "တေးသံရှင် ဓာတ်ပြား ထုတ်လုပ်ရေး" တည်ထောင် ခဲ့သည်။

၁၉၇၄ - "သိုးကလေး မေမေ" လုံးချင်း ဝတ္ထု ရေးသား ခဲ့သည်။

၁၉၇၆ - "အေး အဆို လေ့ကျင့်ရေး ကျောင်း" တည်ထောင်ခဲ့သည်။

၁၉၇၇ - "မာမာအေး တေးဂီတ လုပ်ငန်း" တည်ထောင်ခဲ့သည်။

၁၉၈၉ - အမျိုးသား ဂီတ ပညာရှင်များ အဖွဲ့ချုပ် အတွင်းရေးမှူး (၁)။

၁၉၉၅ - ယဉ်ကျေးမှု ဝန်ကြီး ဌာန မဟာဂီတ သီချင်းကြီးများ စိစစ်ရေးနှင့် ဂီတ သင်္ကေတ မှတ်တမ်းပြုရေး ကော်မတီ အဖွဲ့ဝင်၊ စည်းဝါးသံကျ စိစစ်ရေး အဖွဲ့ အတွင်းရေးမှူး။

၁၉၉၅ - ၉၇ ဆိုကရေးတီး ပြိုင်ပွဲ၊ အဆိုအဖွဲ့ အတွင်းရေးမှူး (မဟာဂီတ)။

၁၉၉၇ - Studio-A အသံသွင်းခန်း တည်ထောင် ခဲ့သည်။

၁၉၉၈ ခုနှစ်မှ စ၍ အမေရိကန် ပြည်ထောင်စုတွင် ခေတ္တ နေထိုင်လျက် ဂီတ မှတ်တမ်းများ ရေးသား ပြုစုရင်း၊ ဆေးပညာ သင်တန်းများ တက်ရောက် သင်ကြားရင်း အမေရိကန် ပြည်နယ် များနှင့် အင်္ဂလန်၊သြစတြေးလျ၊ ဂျပန် နိုင်ငံများရောက် မြန်မာ့ ဂီတ ချစ်သူများကို သွားရောက် ဖျော်ဖြေ လည်ပတ်ရင်း လန်ဒန်မြို့ အခြေစိုက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ တဆင့် သောတရှင် ပြည်သူများ အတွက် "ပြောပြစရာ တွေလည်း တပုံကြီး ရှိသေးတယ်" ခေါင်းစဉ်ဖြင့် ရေးသား ပေးပို့ အသံလွှင့်လျက် ရှိသည်။

မိုးမခ Radio and Multimedia ၏ အကြံပေး ဖြစ်သည်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar