Breaking News

အမေရိကန် ၂၀၂၄ ရွေးကောက်ပွဲမှာ နိုင်မယ့်သူပဲရွေးဖို့ လိုအပ်တယ် … တဲ့


အမေရိကန် ၂၀၂၄ ရွေးကောက်ပွဲမှာ နိုင်မယ့်သူပဲရွေးဖို့ လိုအပ်တယ် … တဲ့

နိုင်ငံတကာသာဂိ၊ မိုးမခ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၄


Electability လို့ ဗိုလိုပြောတယ်။ ရွေးချယ်ရန် အခွင့်သာသောလို့ ဘာသာပြန်မလားမသိ။ ပြောချင်တာက ဘယ်သူရွေးရွေး ကိုယ်ရွေးတဲ့လူ အနိုင်ရဖို့ အရေးကြီးတယ်လို့ ဆိုချင်တာပါ။

နိုင်တဲ့မြင်းပဲ လောင်းမယ်ပေါ့။ လောင်းတဲ့မြင်းက နိုင်ကိုနိုင်ရမယ်လို့လဲ ပြောချင်ပြောကြလိမ့်မယ်။

အမေရိကန်ရွေးကောက်ပွဲ ၂၀၂၄ မှာ နိုင်မယ့်သူကိုပဲ ရွေးချယ်မယ်လို့ သမ္မတလောင်းအကြိုရွေးပွဲတွေမှာ (Primary) တွေမှာ မဲဆန္ဒရှင်တွေက ဆန္ဒပိုရှိကြတယ်။ ကိုယ်ကြိုက်တာ ကိုယ်နဲ့ တူတာ ဘာညာကို မစဉ်းစားကြတော့ဘူး၊ ဘယ်သူကို ရွေးရင် ရွေးကောက်ပွဲမှာ နိုင်ဖို့ ပိုအခွင့်အလမ်းရှိ မလဲ။ ဒါကိုပဲ စဉ်းစားကြတော့တယ်။

အရင်တုန်းက ၄ နှစ်သက်တမ်းတကြိမ် သမ္မတရွေးရင် နောက်သက်တမ်းမှာ အတိုက်အခံပါတီက လူကို ရွေးချယ်ဖို့ အာသီသရှိကြတယ်။ သည်လို ဖြစ်မလာလို့ ၈ နှစ် ဆက် သက်တမ်း ၂ ခု ဆက်တိုက်နိုင်ထားတဲ့ သမ္မတနဲ့ ပါတီဆိုရင် နောက်သက်တမ်းမှာ သူတို့ကို မဲဆန္ဒရှင်တွေက ထပ်မရွေးချင်တော့ဘူး။ ၂၀၀၈ အိုဘားမားနီုင်ပြီး ၂၀၁၂ ဒုတိယသက်တမ်းမှာ ပြိုင်ဘက်ပါတီတွေက အိုဘားမားကို မရွေးဖို့ ကြွေးကြော်ကြတယ်။ သို့သော် အိုဘားမားပဲနိုင်လို့  ၈ နှစ် နဲ့ သက်တမ်း ၂ ခု အုပ်ချုပ်ပြီးတော့ ၂၀၁၆ ကျတော့ အိုဘားမား၏ပါတီ ဒီမိုကရက်တွေရဲ့ ဒီမိုကရက်သမ္မတ မဟုတ်ရင် ပြီးရောလို့ မဲဆန္ဒရှင်တွေကို လှုံ့ဆော်ကြတယ်။ ဒါနဲ့ ရီပတ်ဘလစ်ကန်သမ္မတ ထရန့်တက်လာတယ်။ ထရန့် ၄ နှစ်လည်း ပြည့်ရော ထရန့် ဆက်ပြီး သမ္မတမလုပ်ရင်ပြီးရောလို့ လူတွေက တွန်းလှန်ကြတယ်။ ဒါနဲ့ ဒီမိုကရက် ဘိုင်ဒင် သမ္မတ ဖြစ်လာတယ်။ 

အခု ၂၀၂၄ ဘိုင်ဒင် ဒုတိယသက်တမ်း ရွေးကောက်ပွဲမှာ ဘိုင်ဒင်ဆက် ဖြစ်ရင်ပြီးရောက တဖက်နဲ့ ထရန့်နိုင်ရင် ပြီးရောဆိုတဲ့ တဖက် ဆိုပြီး လူတွေထဲမှာ စိတ်အားထက်သန်မှုတွေ တွေ့ရတယ်လို့ ဆိုတယ်။

တကယ်တမ်းကတော့ ဘိုင်ဒင် ရှုံးရင်ပြီးရော သူ့ကိုနိုင်မယ့်သူက ထရန့်ပဲ လို့ သူ့လူတွေက ရွေးကြတာ ဖြစ်ပုံရလာသလို ထရန်မနိုင်ရင်ပြီးရော သူ့ကိုနိုင်မယ့်သူက ဘိုင်ဒင်လို့ တဘက်လူတွေက မျက်စိမှိတ်ရွေးနေကြသလိုပဲလို အကဲခတ်တွေက မှတ်ချက်ပေးကြတယ်။

မြန်မာပြည်က ဥပမာမျိုးပေးရင် ဒေါ်အောင်ဆန်းစုကြည် မနိုင်ရင်ပြီးရော ကြံ့ဖွတ်ကိုပဲ မဲပေးမယ်လို့ လူတချို့က ရွေးချယ်ကြသလို၊ စစ်ခွေးတွေ အာဏာမရဖို့ လက်ရှိမှာ အင်အားအကောင်းဆုံး ဒေါ်အောင်ဆန်းစုကြည်ပါတီက အမတ်တွေဖြစ်ရင် အကုန်မဲပေးပစ်မယ်လို့ လူအများစုက ဆုံးဖြတ်ကြတာမျိုးပေါ့။

အခု အမေရိကားက မဲဆန္ဒရှင်တွေ စဉ်းစားနေပုံက electability  ရွေးဖို့အဖြစ်နိုင်ဆုံးကိုပဲ စဉ်းစားကြတာ။ နိုင်မယ့်သူပဲ ရွေးကြတာ။ ဖြစ်ချင်တာ ဖြစ်သင့်တာ အတွေးအခေါ် အယူအဆ ဝါဒ နှစ်သက်မှု ဘာဘာ ညာညာ တွေးခေါ် ချင့်ခြိန် စဉ်းစား သုံးသပ် ဆုံးဖြတ်ကြတာမျိုး မဟုတ်ဘူးလို့ ဆိုတာ။ မြန်မာပြည်မှာကတော့ စစ်ခွေးတွေဘက်က သူတို့နီုင်ဖို့ ကြံ့ဖွတ်တွေချည်း ရွေးခိုင်းကြတယ်။ မဲဆန္ဒရှင်အများစုက စစ်ခွေးတွေနဲ့ သူတို့ပါတီကို ငြင်းပြီး ဒေါ်အောင်ဆန်းစုကြည်ပါတီက အမတ်တွေကိုချည်း ဖိရွေးလိုက်ကြတယ်။ 

သည်တော့ မနိုင်လို့ ရှုံးမဲမဲလာတဲ့ မင်းအောင်လှိုင်တို့ စစ်အာဏာသိမ်းတာနဲ့ ဇာတ်သိမ်းတော့တာပဲ။ အဲသည်မှာ ရွေးကောက်ပွဲကို ပစ်ပယ်သူတွေကို နွေဦးတော်လှန်ရေးအင်အားစုတွေက လက်နက်နဲ့ပဲ ခုခံတွန်းလှန် ဖယ်ရှားနေရတော့တယ်။ အမေရိကန်မှာကတော့ မဲလက်နက်နဲ့ မဖြေရှင်းနိုင်ကြရင် သေနတ်လက်နက်တွေ ဆွဲကြ အနိုင်ထက်လုပ်ကြ မဖြစ်ဘူးလို့ မျော်လင့်ရမှာပါပဲ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar