ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၈
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၈
(မိုးမခ) ဇန်နဝါရီ ၂၈ ၊ ၂၀၂၄
ကျို့ - ချူ စစ်ပွဲ (နောက်ခံအကြောင်းအရင်း)
ကျို့ပြည်ရဲ့ ပြည်တွင်းစစ် ပြီးသွားတဲ့နောက် အုပ်ချုပ်ရေးပုံစံ အပြောင်းအလဲတွေ ဖြစ်ပေါ်ပြီး အတော်လေး တည်ငြိမ်သွားပါတယ်။ ဒါပေမယ့် စတုတ္ထမြောက် ဧကရာဇ် ကျောက် (昭Zhao) လက်ထက်မှာာကြီးမားတဲ့ စစ်ပွဲကြီး တစ်ခု ကြုံတွေ့ရပါတယ်။ အဲဒါကတော့ ဘီစီ ၉၆၁ နဲ့ ဘီစီ ၉၅၇ ကြားမှာ ဖြစ်ပွားခဲ့တဲ့ ကျို့ နဲ့ ချူတို့ရဲ့ စစ်ပွဲ (Zhou - Chu War) ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ ကောင်းတာက အဲဒီစစ်ပွဲဟာ ဩဇာအာဏာအတွက် နယ်မြေချဲ့ထွင်ရင်း ဖြစ်တဲ့ စစ်ပွဲမဟုတ်ဘဲ၊ သယံဇာတအရင်းအမြစ် ထုတ်ယူသုံးစွဲမှုအတွက် နယ်မြေလုရင်း ဖြစ်တဲ့ စစ်ပွဲ တစ်ရပ် ဖြစ်နေတဲ့ အချက်ပါ။ ကျို့ - ချူ စစ်ပွဲဖြစ်ပွားဖို့ အခြေတည်လာခဲ့တဲ့ နောက်ခံကားချပ်ကို လေ့လာကြည့်ရအောင်ပါ။
ရှခေတ်မှာ တရုတ်သမိုင်းရဲ့ ကြေးခေတ် အစပြုပြီး၊ ရှန်းခေတ်ဟာ ကြေးခေတ် အထွတ်အထိပ်ရောက်တဲ့ ကာလဖြစ်ပါတယ်။ မြစ်ဝါမြစ်ဝှမ်းကို အခြေစိုက်တဲ့ ရှန်းမင်းဆက်လက်ထက်၊ ကြေးခေတ် လူ့ယဉ်ကျေးမှုကိုတော့ အာ့လီကန် (二里岗) ယဉ်ကျေးမှု လို့ခေါ်ပါတယ်။ အာ့လီကန်ယဉ်ကျေးမှု (Erligang culture) ဟာ ဘီစီ ၁၆၀၀ နဲ့ ၁၄၀၀ အကြားလို့ ဆိုနိုင်ပါတယ်။
ရှန်းခေတ် နှောင်းပိုင်းမှာ ကြေးသတ်သတ်မဟုတ်ဘဲ ခဲ၊ သံဖြူ အစရှိတဲ့ အခြားသတ္တုတွေနဲ့ ရောစပ်ထုတ်လုပ်တဲ့ ပစ္စည်း (alloys) တွေ စတင်ထုတ်လုပ်နေပါပြီ။ ဒါကြောင့် ကြေးခေတ်ကနေ သံခေတ်ကို ကူးပြောင်းလာပြီလို့ အကြမ်းသဘော မှတ်ယူနိုင်ပါတယ်။ ကျို့ခေတ်ကိုတော့ သံခေတ် လို့ မှတ်ယူနိုင်ပါတယ်။ အဓိက ဆိုလိုရင်းကတော့ ခေတ် သုံးခေတ်မှာ နည်းပညာဟာ တဆင့်ချင်း ဖွံ့ဖြိုးတိုးတက်လာတယ် ဆိုတာပါပဲ။ နည်းပညာတိုးတက်လာတာနဲ့အမျှ ကုန်ထုတ်လုပ်ရေးကလည်း ဖွံ့ဖြိုးလာမှာပါ။ နောက်ဆက်တွဲကတော့ ကုန်ကြမ်းပစ္စည်း လိုအပ်ချက် မြင့်မားလာခြင်းပါပဲ။ ကြေးခေတ်၊ သံခေတ်တွေရဲ့ ကုန်ထုတ်လုပ်ရေးမှာ အဓိကလိုအပ်တဲ့ ကုန်ကြမ်းဟာ တွင်းထွက် သတ္တုရိုင်းတွေပဲ ဖြစ်ပါတယ်။ ရှန်း နဲ့ ကျို့ မင်းဆက်တွေဟာ သတ္တုရိုင်း ကုန်ကြမ်းတွေ ရှာဖွေဖို့၊ တနည်းအားဖြင့် သတ္တုရိုင်း တူးဖော်နိုင်တဲ့ နယ်မြေတွေကို နယ်ချဲ့ဖို့ လိုအပ်လာပါတယ်။
အဲဒီခေတ်ကာလမှာ နယ်ချဲ့ကြသူတွေ မျက်စိကျစရာကတော့ ယန်စီမြစ် (Yangzi) အလယ်ပိုင်းဒေသတွေ ဖြစ်ပါတယ်။ (ယန်စီမြစ်ဟာ ဥရောပ- အာရှ ဒေသတစ်ခုလုံးမှာ အရှည်ဆုံးမြစ်ဖြစ်ပြီး ကမ္ဘာ့တတိယ အရှည်ဆုံးမြစ်ပါ။
မြစ်ဝါမြစ်လိုပဲ အနောက်ဘက်ကနေ အရှေ့အရပ်ကို စီးဆင်းသွားတဲ့ ယန်စီမြစ်ဟာ အရှေ့ပင်လယ်ထဲကို စီးဝင်ပါတယ်။ မြစ်ဝါမြစ်နဲ့ ယန်စီက မျဉ်းပြိုင် သွားနေတာလို့ အကြမ်းဖျဉ်း ပြောလို့ရပါတယ်။ မြစ်ဝါမြစ်က မြောက်ဘက်မှာ ရှိပြီး ယန်စီမြစ်ကတော့ တောင်ဘက်ကျပါတယ်။ ရှ၊ ရှန်း၊ ကျို့ တို့ဟာမြစ်ဝါမြစ်ဝှမ်းကို အခြေတည်ပြီး စတင်ခဲ့သလို၊ ကြီးမားပြန့်ကားလာတဲ့ ပြည်ထောင်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ယန်စီမြစ်ကို ကျော်ပြီးတော့ အာဏာဖြန့်ကြက်နိုင်ခြင်း မရှိသေးပါဘူး။
အဲဒီလို စီးဆင်းနေတဲ့ ယန်စီမြစ်အလယ်ပိုင်း (ယနေ့ ဟူဘေးပြည်နယ် ဝန်းကျင်ဒေသ) မှာ ဟန်မြစ်က မြစ်လက်တက်တစ်ခုအဖြစ် ယန်စီမြစ်ထဲကို မြောက်ဘက်ကနေ စီးဝင်နေပါတယ်။ အဲဒီဝန်းကျင်ဒေသတွေဟာ တောင်တန်းတွေ ထူထပ်ပေမယ့် တောင်ကြားဒေသတွေဟာ ရွှံ့ ညွန် ထူထပ်ပြီး ရေဝပ်တဲ့ဒေသတွေ ဖြစ်ပါတယ်။ မြေဆီလွှာ အထူးကောင်းမွန်လို့ စိုက်ရေးပျိုးရေး ထွန်းကားပါတယ်။ ဒါကြောင့် ကျောက်ခေတ်လွန်ကာလ၊ လူ့ယဉ်ကျေးမှု အစပြုကတည်းက တောက်လျှောက် ဖွံ့ဖြိုးစည်ပင်နေတဲ့ဒေသတွေလို့ ဆိုနိုင်ပါတယ်။
တပြိုင်နက်တည်းမှာ ယန်စီမြစ်အလယ်ပိုင်းဒေသရဲ့ မျက်စိကျစရာ တစ်ကွက်က အဲဒီဒေသရဲ့ မြေအောက်မှာ ရွှေ၊ ကြေးနီ နဲ့ သံဖြူ လို သတ္တုရိုင်းတွေ ပေါကြွယ်ဝနေတာပါပဲ။ ဒါကြောင့် မြောက်ပိုင်းသားတွေက ရရင်ရသလို ယန်စီမြစ်ဝှမ်းနယ်မြေတွေကို ကျူးကျော်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒါပေမဲ့ မြစ်ဝါမြစ်ဝှမ်းမှာ အခြေတည်ခဲ့တဲ့ ရှန်း နဲ့ ကျို့ မင်းဆက်တွေက အဲဒီဒေသတွေအထိ ဩဇာဖြန့်ကြက်လာခဲ့ပါတယ်။ အထူးသဖြင့် ရှန်းခေတ်အတွင်း (ဘီစီ ၁၆၀၀ - ဘီစီ ၁၀၄၆) မှာ ယန်စီမြစ် မြောက်ဘက်၊ ဖန်းလုံရေကန်ကမ်းကို မေးတင်ပြီး ပေါ်ထွန်းခဲ့တဲ့ ဖန်းလုံမြို့ (盘龙城 Panlongcheng) ကို ဗဟိုပြုပြီး မြောက်ပိုင်းသား (မြစ်ဝါမြစ်ဝှမ်းသား) တွေက တောင်ပိုင်းသား (ယန်စီမြစ်ဝှမ်းသား) တွေအပေါ် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုအရ လွှမ်းမိုးနိုင်ခဲ့ကြပုံရပါတယ်။
ကြေးခေတ်ရဲ့ ဗဟိုချက်ဖြစ်တဲ့ ရှန်း နန်းတော်ဟာ ကြေးသွန်းပစ္စည်းတွေ၊ လက်နက်တွေ ထုတ်လုပ်ဖို့ ကြေးနီကုန်ကြမ်းတွေကို အဲဒီ ယန်စီမြစ်အလယ်ပိုင်း မြစ်ဝှမ်းဒေသတွေမှာရှိတဲ့ သတ္တုတွင်းတွေကနေ ထုတ်ယူခဲ့တာ ဖြစ်ပါတယ်။ အဓိကအကျဆုံး သတ္တုတွင်း သုံးတွင်းဟာ ယန်စီမြစ် တောင်ပိုင်းမှာ ရှိနေတာပါ။
ဒါပေမဲ့ အရှေ့မှာ လေ့လာခဲ့သလိုပဲ ရှန်းခေတ်ရဲ့ နောက်ပိုင်းကာလတွေမှာ ဧကရာဇ်တွေရဲ့ အရည်အချင်း ညံ့ဖျင်းလာပြီး၊ တိုင်းပြည်က အင်အားနည်းလာတာမို့ နေပြည်တော်တည်ရှိရာ မြစ်ဝါမြစ်ဝှမ်းနဲ့ အလှမ်းကွာဝေးတဲ့ ယန်စီမြစ်ဝှမ်းဒေသအပေါ် ဩဇာသက်ရောက်မှု ကျဆင်းလာပါတယ်။ တဖြည်းဖြည်းနဲ့ ယန်စီမြစ်ဝှမ်းဒေသက ရှန်းအင်ပါယာ လက်အောက်ခံနယ်မြေလေး အချို့ဟာ လွတ်မြောက် နယ်မြေလေးတွေ ဖြစ်လာပါတယ်။
ယန်စီမြစ်ရဲ့ အောက်ပိုင်း (အရှေ့ဘက်)မှာ တောင်ဘက်ခြမ်းကနေ ယန်စီမြစ်ထဲ စီးဝင်တဲ့ မြစ်လက်တက် တစ်ခုရှိပါတယ်။ ကန်းမြစ် (Gan) လို့ ခေါ်ပါတယ်။ ကန်းမြစ်ရဲ့ မြစ်ဝှမ်းမှာလည်း၊ ရှန်းခေတ် (အာ့လီကန် ယဉ်ကျေးမှု) နဲ့အပြိုင် ဝူချန် (吳城 Wucheng) ယဉ်ကျေးမှု ထွန်းကားနေခဲ့ပါတယ်။ ဒီနေ့ တရုတ်ပြည်ရဲ့ ကျန်းရှီးပြည်နယ် (Jiangxi) ပြည်နယ်ထဲမှာလို့ အကြမ်းဖျင်း မှတ်သားနိုင်ပါတယ်။
အဲဒီ ဝူချန် လူ့ယဉ်ကျေးမှုဟာ ယန်စီမြစ်အောက်ပိုင်း (အရှေ့အရပ်) ကနေ အလယ်ပိုင်း (အနောက်အရပ်) ကို တိုးချဲ့ ရောက်ရှိလာပါတယ်။ ဒါပေမဲ့ ရှန်း တွေလိုတော့ ယန်စီမြစ်အလယ်ပိုင်းကို နိုင်ငံရေးအရ လွှမ်းမိုးနိုင်ခြင်း မရှိခဲ့ပါဘူး။
တစ်ဖက်က ရှန်းရဲ့ အင်အား ကျဆင်းလာချိန်မှာ ဝူချန်ယဉ်ကျေးမှုနဲ့အတူ ရောက်ရှိလာတဲ့သူတွေဟာ ယန်စီမြစ်အလယ်ပိုင်းမှာ ထွန်းတောက်လာပါတယ်။ အဲဒီအင်အားတွေကို စုစည်းမိပြီး ဗဟိုအင်အားတစ်ရပ်တော့ ဖြစ်မလာပါဘူး။ ဒါပေမဲ့ ဗဟိုဖြစ်တဲ့ ရှန်းရဲ့ အာဏာစက် အဲဒီဒေသမှာ လျော့လာတာနဲ့အမျှ ဒေသတွင်းက နယ်မြေလေးတွေဟာ လွတ်လပ်မှုတွေ ရလာပြီး၊ ကိုယ်စီကိုယ်စီ ဆိုသလို နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတွေအရ တိုးတက်ထွန်းကားလာပါတော့တယ်။
အဲဒီလို ကဏ္ဍစုံမှာ အင်အားကြီးလာတာနဲ့အမျှ ယန်စီမြစ်ဝှမ်းက နယ်မြေ(နိုင်ငံငယ်)တွေဟာ ရှန်း နန်းတော်ကို ဆန့်ကျင်လာကြပါတယ်။
ဘီစီ ၁၀၄၆၊ ရှန်းအင်ပါယာ အဆုံးသတ်သွားချိန်မှာ ယန်စီမြစ်ဝှမ်းဒေသတွေမှာ ဗဟိုအာဏာချုပ်ကိုင်မှု လုံးဝ ကင်းလွတ်သွားပါတယ်။ အသစ်ပေါ်ထွန်းလာတဲ့ ကျို့မင်းဆက်ကလည်း အစောပိုင်း ထန်ဧကရာဇ် လက်ထက်မှာ တိုက်းပြည်တည်ငြိမ်ဖို့ အရင် လုပ်နေရပြီး၊ သူ့နောက်က ချန်းဧကရာဇ်ကတော့ အရှေ့ဘက်က နယ်စောင့် ဦးရီးတော် သုံးယောက်ရဲ့ ပုန်ကန်မှုနဲ့ အလုပ်များနေခဲ့ပါတယ်။ ဒါကြောင့် ယန်စီမြစ်ဝှမ်းဟာ ဗဟိုအာဏာ ဖြည့်စွက်ဖို့ လိုအပ်တဲ့ နယ်မြေ ဖြစ်လာပါတယ်။
အဲဒီ အာဏာဟာကွက်ကို ဖြည့်ဖို့ ကျို့နန်းတော် နဲ့ ယန်စီမြစ်ဝှမ်းက ချူနိုင်ငံငယ် ဦးဆောင်တဲ့ မဟာမိတ်နိုင်ငံငယ်တွေ ယှဉ်ပြိုင်ကြရင်း ဘီစီ ၉၆၁ မှာ ကျို့ - ချူ စစ်ပွဲ စတင် ဖြစ်ပွားခဲ့ရပါတော့တယ်။
~~~~~~~~~~~~~~~~~~~~~
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁ 👉https://www.moemaka.com/2024/01/blog-post_872.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂ 👉https://www.moemaka.com/2024/01/blog-post_8245.html
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar