Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၉ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၉ )

(မိုးမခ) ဇန်နဝါရီ  ၁၈၊ ၂၀၂၄


18/1/24

Diary in the darkness


ညတစ်နာရီမှာ တရေးနိုးတယ်။  ပြန်အိပ်မပျော်။ ဖုန်းနဲ့ အင်တာနက်ဖွင့်မိ။ ရခိုင်မှာ စစ်ကောင်စီတပ်တွေ အစုလိုက်အပြုံလိုက် လက်နက်ချ အဖမ်းခံရတဲ့ ဗီဒီယိုဖိုင် တက်နေတယ်။ ကျောက်တော် အ‌ခြေစိုက်စခန်း ခမရ ၅၃၉ ကတဲ့။ တချို့က ကုန်းပိုး၊ တချို့ အတွဲလိုက်ကြီးတန်းစီ လက်နှစ်ဖက်မှာ ကြိုးချည်လျက်၊ တချို့က ထော့နင်းထော့နင်း၊ တချို့က မိန်းမကို လက်ချိတ်၊ တချို့က မွေးကင်းစ ကလေးကို အနှီးအုပ်ပွေ့ချီ၊ တချို့က အိပ်ရာဝင်ဂါဝန်ရှည်ကြီးဝတ်ကာ အထုပ်ကလေးပိုက်လို့ လင်တော်မောင်နောက် အပြေးလိုက်၊ တချို့မိခင်တွေက ကလေးကို ခါးထစ်ခွင်လျက်၊ မိသားစုလိုက်၊ တပ်ဖွဲ့လိုက် လက်နက်ချကာ တန်းစီအဖမ်းခံနေတဲ့ မြင်ကွင်းတွေပါ။ 

စစ်ကောင်စီတပ်သားးတွေ ရဲ့ ရုပ်ပျက်ဆင်းပျက်အလောင်းတွေကို တွေ့ရတာထက် တော့ ပိုကောင်းပါသေးတယ်။ တာဝန်ယူမှုရှိတဲ့ လက်နက်ချ တပ်ရင်းမှူးကို လေးစားမိ။ လက်နက်ချအရေအတွက်ကို နောက်နေ့မနက်မှသိရတယ်။ အနည်းဆုံး တစ်ရာ့ငါးဆယ်ကျော်တဲ့။ သတင်းဌာန အများစုက ကြေညာတာ။  ခေတ်သစ်သတင်းဌာနကတော့ ကြေညာတာ၊ သုံးရာကျော်တဲ့။ နည်းနည်းတော့ကွာတယ်။ 

မြဝတီနဲ့ မြန်မာ့ရုပ်သံက‌တော့ ပါးစပ်ပိတ်နေ။  

ရှမ်းမြောက်မှာ ခွက်ခွက်လန်ရှုံးတဲ့ စစ်ကောင်စီတပ်တွေ ရခိုင်မှာလဲ ရုပ်ပျက်ဆင်းပျက် ။ ပြည်သူမထောက်ခံရင် ရှုံးမှာ သေချာတယ်ဆိုတဲ့ စစ်ရေးအခြေခံနိယမကို မချေမငံပြုတဲ့ စစ်ကောင်စီ၊ ခုတော့ အလဲလဲ အကွဲကွဲ။ 

ဟော မနက်စောစော သတင်းတခုတက်လာပြန်ပြီ။ KIA က စစ်ကောင်စီ လေယဉ်ကို ပစ်ချ လိုက်ပြန်ပြီတဲ့။ ဒါနဲ့ဆို စစ်ကောင်စီအပစ်ချခံရတဲ့ လေယာဉ် လေးစင်းလောက်ရှိပြီထင်ရဲ့။ ဒီအထဲမှာ KIA က သုံးစင်းပစ်ချခဲ့တယ်လို့ မှတ်သားမိ။

တနေ့ကပဲ ဖမ်းမိတဲ့လေယဉ်မှူးက လူထုကို တောင်းပန်စကားပြောတဲ့ ရုပ်သံ ၊ သတင်းတွေမှာ အားပေးသူများခဲ့။ 

သူငယ်ချင်းတစ်ယောက်ကပြောတယ် ဒီလိုသာ လေယာဉ်မှူးတွေကို အရှင်ဖမ်းမိနေရင် စစ်ကောင်စီ အခြေအနေမကောင်းဘူး။ သူတို့ရဲ့ ထွက်ချက်တွေကြောင့် စစ်ကောင်စီတဖွဲ့လုံး ကြိုးစင်တက်ရလိမ်မယ်။ နောက်ပိုင်းဆို စစ်လေယဉ်မှူးတွေကို ပျက်ကျတဲ့လေယဉ်နဲ့အတူ တခါတည်းစားရိတ်ငြိမ်း အောင် စီစဉ်ကြလိမ်မယ်လို့ စိုးရိမ်တကြီး ပြောတယ်။ 

မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့သူက ကိုယ့်လူကိုယ်ပြန်လုပ်ကြံဖို့ဆိုတာ ဝန်လေးမှာ မဟုတ်ဘူးလို့ တွေးမိပြန်တယ်။ လူမိုက်နဲ့အတူ ပေါင်းသင်းသူဟာ အချိန်မရွေး ပျက်စီးလေ့ရှိတယ်လေ။ ကြေးစားလူသတ်သမားတွေဟာ နောက်ဆုံးတော့ ကြေးပေးသူက နှုတ်ပိတ်တာ ခံရစမြဲလို့ ထောင်ထဲက ကြေးစားလူသတ်သမားရဲ့ စကားကို ပြန်လည်ကြားယောင်မိ။ 

ဒီစာရေးနေချိန်မှာ ရပ်ကွက်ထဲမှာ စားအုန်းဆီပေးမယ်၊ ဦးရာလူစနစ်တဲ့၊ ရပ်ကွက်လူကြီးတစ်ယောက် လော်စပီကာနဲ့ ဆိုက်တွဲပေါ်က အပြေးအလွှား ကြေညာသွားတာ။

လူတွေက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် လက်နက်ကိုင်တိုက်‌ပွဲတွေကို ကိုစိတ်ဝင်စားနေချိန်မှာ သူတို့က စားအုန်းဆီရမယ် ဦးရာလူစနစ်တဲ့။ 

မောင်မင်းကြီးသားတို့ သက်ဆိုးရာကျော် ရှည်ပါဦးမယ်။

အန်ကယ် တူမီး

18/1/24


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar