Breaking News

စစ်ကောင်စီ တပ်ရဲ့ထိပ်ဆုံးခေါင်းဆောင် ပြောင်းလဲမလား

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၈ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၄


စစ်ကောင်စီ တပ်ရဲ့ထိပ်ဆုံးခေါင်းဆောင် ပြောင်းလဲမလား 

ရှမ်းမြောက်ဒေသမှာ မြို့ ၁၆ မြို့ ၁၇ မြို့ လောက် သိမ်းယူထားချိန်၊ ဒကစ၊ စကခ လို တိုင်းစစ်ဌာနချုပ်ထက် သေးတဲ့ စစ်ဆင်ရေး ဌာနချုပ်တွေ တခုမက သိမ်းယူခံနေရချိန် ဗိုလ်မှူးချုပ် အဆင့် တိုက်ပွဲမှာ ကျသူ၊ ရန်သူ့လက် ဖမ်းဆီးခံရသူနဲ့ နောက်ဆုံး ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင် ဒကစ ဌာနချုပ်က ဒကစမှူး နဲ့အတူအခြား ဗိုလ်မှူးချုပ် ၅ ဦးတို့ လက်နက်ချသွားတဲ့ အဖြစ်အပျက်တွေက လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ ကြီးစိုးလာခဲ့တဲ့ လူတွင်ကျယ်လုပ်ပြီး လက်နက်နဲ့ အနိုင်ယူလာတဲ့ “ မြန်မာတပ်မတော်” ကို အရှက်ကွဲစေခဲ့တာ ဖြစ်ပါတယ်။ 

၁၉၄၉ မှ ၁၉၅၁-၅၂ ခုနှစ်တွေ အထိဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကာလ ပြီးနောက်မှာ မြို့တွေ ဒါဇင်နဲ့ ချီသိမ်းယူနိုင်ခဲ့ခြင်းက စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေကို လိုအပ်တဲ့အချိန်တိုင်း တိုက်ခိုက်အနိုင်ယူနိုင်တယ်ဆိုတဲ့ အယူအဆကို ကြေပျက်စေခဲ့ပြီ ဖြစ်ပါတယ်။  နိုင်ငံရေး အယူဝါဒနဲ့ နိုင်ငံရေး အစဥ်အလာကြီးမားခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီလို လက်နက်ကိုင်အဖွဲ့တောင်မှ မြို့တွေ တောင်ကုန်းတွေ သိမ်းယူဖို့ လနဲ့ချီ တိုက်ယူခဲ့ရတဲ့ မြန်မာစစ်တပ်ကို အခု ၁၀၂၇ စစ်ဆင်ရေး ၂ လကျော် ကာလအတွင်း မြို့ ၁၇ မြို့လောက်နဲ့ တပ်စခန်းပေါင်းများစွာကို တိုက်ခိုက်သိမ်းပိုက်ပြီး အနိုင်ယူနိုင်ခြင်းဟာ စစ်ကောင်စီတပ်တွေ အနေနဲ့ တနိုင်ငံလုံး နေရာအနှံ့အပြား စစ်မျက်နှာတွေ ဖွင့်ထားရသလို၊ မြို့တွေတိုင်းမှာလည်း စစ်တပ်နဲ့ လုံခြုံရေးယူကာ အုပ်ချုပ်နေရတဲ့ အနေအထားက အခုလို  ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၄င်းတို့မမျှော်လင့်ထားတဲ့ အရှုံးတွေနဲ့ ဆက်တိုက်ဆိုသလို ရင်ဆိုင်ရစေတဲ့ အဓိက အကြောင်းတချက် ဖြစ်ပါတယ်။

 ပြည်သူလူထုက ထောက်ခံမှုကို အကြီးအကျယ်ဆုံးရှုံးခြင်း နယ်မြေဒေသတိုင်းနီးပါး ကာကွယ်ရေး တပ်ဖွဲ့ဖွဲ့ကာ ခုခံတိုက်ခိုက်မှုကို ရင်ဆိုင်နေရခြင်းက စစ်ကောင်စီ အဖို့ တနိုင်ငံလုံးမှာ တပ်ဖြန့်ချထားရပြီး ဘယ်နယ်မြေကမှ တပ်ရင်း တပ်မတွေကို ဆွဲထုတ် အသုံးပြုဖို့ မလွယ်ကူတော့တဲ့ အခြေအနေရင်ဆိုင်နေရတာဟာ မြန်မာတပ်မတော် အဖို့ ၁၉၄၉ ခုနှစ်တွေနောက်ပိုင်း ပထမဆုံးကြုံတွေ့ရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်တပ်က နိုင်ငံရေးအာဏာကို ဝင်ရောက်ရယူလာတဲ့ သမိုင်းတလျှောက်မှာ အဆိုးဆုံးအခြေအနေ ရင်ဆိုင်နေရတာလို့ ပြောရင် မမှားပါဘူး။ 

၁၉၅၈ ခုနှစ်ကတည်းက နိုင်ငံရေးသမားတွေရဲ့ အုပ်စုကွဲမှုကို အကြောင်းပြပြီး စစ်တပ်က နိုင်ငံရေးအာဏာကို ရယူလာပြီး တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ အများအပြား တိုးပွားလာအောင် နိုင်ငံရေး ပြဿနာကို လက်နက်အင်အား နဲ့ဖြေရှင်းပြီး တိုင်းပြည်ကို ထိန်းချုပ်ခဲ့ရာမှာ အခုတကြိမ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ခံရ ရာက စစ်တပ်ထောက်ခံသူတွေကပင်လျင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ရာထူးက ဆင်းပေးဖို့ စတင်ပြောဆိုလာကြပြီ ဖြစ်ပါတယ်။ 

စစ်တပ် ထောက်ခံတဲ့ စစ်အရာရှိဟောင်းတွေ၊ အမျိုးဘာသာ သာသနာ အစွန်းရောက် ဘုန်းတော်ကြီးတွေ၊ အမျိုးသားရေးဝါဒီတွေအကြား မင်းအောင်လှိုင်ရဲ့ စစ်တပ်ကို အမိန့်ပေး ညွှန်ကြားနေတာတွေက ပျော့လွန်းတယ်လို့ မြင်လာကြပြီး ဒု ကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့ စိုးဝင်းကို နေရာပေးဖို့ စကားလမ်းကြောင်းပေးတဲ့ လှုံ့ဆော်မှုကို မကြာသေးခင်ရက်ပိုင်း ပြင်ဦးလွင်မှာ လုပ်တဲ့ စစ်တပ်ထောက်ခံသူ လူစုလူဝေးဆန္ဒပြပွဲမှာ ပေါက်ကိုယ်တော်လို့ အများက ခေါ်ကြတဲ့ မဘသ ဆရာတော်က ဟောပြောခဲ့တာ ဖြစ်ပါတယ်။ ခုလို ဟောပြောမှုမတိုင်ခင်ကတည်းက ဆိုရှယ်မီဒီယာမှာ တဦးချင်းအမြင် အယူအဆနဲ့ ရေးသားနေကြတာတွေ ရှိပေမယ့် စစ်အရာရှိတွေ အများစုနေထိုင်ကြတဲ့ ပြင်ဦးလွင်လိုမြို့မှာ လူသိရှင်ကြား လူထုဟောပြောပွဲမှာ ဟောပြောခဲ့တဲ့ အကျိုးဆက်က ဘာတွေ ဖြစ်နိုင်သလဲလို့ မှန်းဆမှုတွေလည်း ရှိလာတာပါ။ 

မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ စိုးဝင်းအနေနဲ့ စစ်တပ်ထဲမှာ လှုပ်ရှားမှု စည်းရုံးမှုတွေ ရှိနေတာလား သို့တည်းမဟုတ် မဘသ နဲ့ စစ်တပ်ထောက်ခံသူတွေထဲက ခုထက်ပိုပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်စေလိုတဲ့ အမြင်ကို ပေါ်လွင်စေရုံလား ဆိုတာတော့ တိတိကျကျ မပြောနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ စိုးဝင်းနဲ့ မင်းအောင်လှိုင်အကြား အုပ်စုဖွဲ့မှု၊ အာဏာပြိုင်မှု ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ လတ်တလော ရှမ်းမြောက်ဒေသက မြို့တွေ စစ်စခန်းတွေ ကျကုန်တဲ့ကိစ္စနဲ့ တပ်အင်အား ထောင်ဂဏန်းနဲ့ ချီ လက်နက်ချတဲ့ အဖြစ်အပျက်အတွက် စစ်တပ်မှာ တာဝန်ခံရမယ့်သူ လိုအပ်နေတာတော့ အထင်အရှားပဲ ဖြစ်ပါတယ်။ ဒီဆုံးရှုံးမှုတွေကို အမိန့်ပေး ကွပ်ကဲသူ၊ ဒီအခြေအနေမျိုးရောက် မလာအောင် ကြိုတင်ကာကွယ်စီမံနိုင်ခြင်း မရှိသူ ခေါင်းခံရမယ့်သူ တဦးဦးရှာဖွေဖို့ ဦးတည်နေတဲ့ သဘောမျိုးလို့ ယူဆရပါတယ်။ 

အဲဒီလို အမိန့်ပေးမှုနဲ့ စီမံကွပ်ကဲမှု အားနည်းချက်တွေအတွက် အပြစ်တင်ရမယ့် တစုံတဦးကို မဖော်ထုတ်နိုင်ခဲ့ရင် တပ်အနေနဲ့ ရော စစ်တပ်ထောက်ခံသူတွေအကြားမှာရော စိတ်ဓာတ်ရေးအရ နိမ့်ကျနေပြီး လက်ရှိ ရင်ဆိုင်တိုက်ခိုက်နေတဲ့ စစ်မျက်နှာတွေမှာပါ အဆုံးအရှုံးတွေ ဆက်လက်ရင်ဆိုင်ရလိမ့်မယ်လို့ စစ်တပ် ထောက်ခံသူတွေက ယူဆကောင်း ယူဆကြပါလိမ့်မယ်။ 

ဒီအခြေအနေတွေက အခုလို စစ်တပ် ထောက်ခံတဲ့ ဘုန်းတော်ကြီး တပါးဖြစ်တဲ့ ပေါက်ကိုယ်တော်က မင်းအောင်လှိုင်ကို စစ်ဦးစီးချုပ် အဖြစ်က အနားယူဖို့ အရပ်ဘက်တာဝန်ပဲ ထမ်းဆောင်ဖို့ စကားလမ်းကြောင်းပေးလိုက်တာ ဖြစ်စေတာပါ။ 

စစ်တပ်အနေနဲ့ စစ်ဦးစီးချုပ်ကို အနားပေးခဲ့တဲ့ သမိုင်းအဖြစ်အပျက်လည်း မဝေးသေးတဲ့ ၁၉၉၃ ခုနှစ်တွေက ရှိခဲ့တာဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကျင်းပပြီးနောက် စစ်တပ်က စစ်တန်းလျားကို ပြန်မယ်လို့ ပြောဆိုခဲ့တဲ့ ထိုစဥ်က ကာကွယ်ရေးဦးစီးချုပ်၊ အာဏာသိမ်း နဝတရဲ့ အမြင့်ဆုံးတာဝန်ယူထားသူ စောမောင်ကို သူ့လက်အောက်က သန်းရွှေက နှစ်အနည်းငယ် အကြာမှာ အနားပေးခဲ့တာ ဖြစ်ပါတယ်။ စောမောင်ဟာ နိုင်ငံရေးအရ သန်းရွှေလောက် အကွက်မမြင်သူ၊ ပရိယာယ်မများသူလို့ အများက ကောက်ချက်ချပြီး စစ်အာဏာသိမ်းမှုကို နေဝင်းက အခါပေး ခွင့်ပြုခဲ့လို့ ၁၉၈၈ မှာ အာဏာသိမ်းခဲ့ပေမယ့် စစ်တပ်အနေနဲ့ အာဏာကို နှစ်ရှည်လများ ဆက်လက် ထိန်းချုပ်ထားဖို့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ကောင်းကောင်း ချမှတ်ထားနိုင်ခြင်း မရှိရာက ဖယ်ရှားခံရတဲ့ သဘောလို့ ယူဆရပါတယ်။ 

အခုအခြေအနေကတော့ စစ်တပ်ရဲ့ အရှုံးတွေ အတွက် တာဝန်ခံရမယ့် လက်သယ် အဖြစ် တာဝန်ခံရမယ့် သူတဦး စစ်တပ်ဖက်မှာ လိုအပ်နေတဲ့ အနေအထားမျိုးကို ဦးတည်နေပြီး မင်းအောင်လှိုင်ထက် ပိုပြီး ကြမ်းကြုတ်တဲ့၊ ပြတ်ပြတ်သားသား တိုက်ခိုက်ဖို့ အမိန့်ပေးမယ့်သူ တဦး စစ်တပ်ထဲက ပေါ်ထွက်လာမလား ဆိုတာ စောင့်ကြည့်ရမယ့် သဘောလည်း ဖြစ်ပါတယ်။ သို့ပေမဲ့ ၂၀၂၁ နောက်ပိုင်း အခြေအနေကတော့ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်းအခြေအနေနဲ့ နှိုင်းယှဥ်လို့မရတဲ့ ကွဲပြားတဲ့ နောက်ခံအခြေအနေ ဆိုတာကိုလည်း ထည့်မတွက်လို့ မရဘဲ စစ်တပ်ဟာ နောက်ဆုံး ချုပ်ငြိမ်းခါနီး ထတောက်တဲ့ မီးတောက်သဖွယ် ဖြစ်ကောင်းလည်း ဖြစ်နေနိုင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar