Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈

(မိုးမခ) ဇန်နဝါရီ ၁၈ ၊ ၂၀၂၄


စစ်ရေးချိုပြီး ထူထောင်ရေးလုပ်ရတဲ့ ကာလ

ရှန်းခေတ်ကို ဘယ်လိုထူထောင်သလဲ လို့ ပြောကြတဲ့အခါ ရှဧကရာဇ် ကျယ်ကို ထန် က စစ်အနိုင်တိုက် ဖြုတ်ချပြီး ရှန်းခေတ်ကို ထူထောင်လိုက်တယ်လို့ ပြောရုံနဲ့ မပြည့်စုံပါဘူး။ 

စစ်ပွဲတစ်ပွဲကို နိုင်ပြီး နယ်မြေ သိမ်းယူရုံနဲ့ ကိစ္စက မပြီးပြတ်ပါဘူး။ ပြန်လည်ထူထောင်ရေး လုပ်ကို လုပ်ရပါတယ်။ ဒါမှ နယ်မြေကို တည်တည်ငြိမ်ငြိမ်နဲ့ ရေရှည် ထိန်းသိမ်းနိုင်မှာပါ။ ပြည်သူရဲ့ ထောက်ခံမှုကို ရရှိမှာပါ။ အဲဒီလို တည်ငြိမ်‌အေးချမ်းပြီး ပြည်သူတွေ ပျော်ရွှင်ချမ်းမြေ့မှ၊ ပြည်သူ့ဘဝတွေ တိုးတက်မြင့်မားလာမှလည်း စစ်အနိုင်တိုက်ရတာ က အဓိပ္ပာယ် ရှိမှာပါ။ 

ရှန်းခေတ်ကို စတင်ထူထောင်ပြီ ဆိုတာနဲ့ ထန်ဧကရာဇ်ဟာ ပြည်သူတွေထံက ကောက်ယူတဲ့ အခွန်နှုန်းထားတွေကို လျှော့ချခဲ့ပါတယ်။ 

စစ်ပွဲတွေ လျော့နည်းသွားပြီမို့ စစ်သားစုဆောင်းမှုကိုလည်း လျှော့ချပါတယ်။ စစ်မှုထမ်းရမယ့်သတ်မှတ်ချက်တွေကို ဖြေလျှော့ပေးလိုက်လို့ ပြည်သူတရပ်လုံး ဝမ်းသာကြရပါတယ်။ 

စစ်တပ်ကို လျှော့ချခဲ့ပေမယ့် တိုက်ပွဲတွေက ဆက်ပြီး နိုင်ခဲ့တယ်လို့ ပြောရမှာပါ။ ထန်ရဲ့ ကျင့်သုံးပုံကို နှစ်သက်ကြလို့ အနီးအနားက တိုင်းငယ်ပြည်ငယ်အချို့ဟာ ရှန်းအင်ပါယာထဲကို အလိုအလျောက် ခိုလှုံလာကြပါတယ်။ ထန်ကို မကြိုက်လည်း ခိုလှုံရမယ့် အခြေအနေပါ။ တိုင်းပြည် ပြန်တည်ငြိမ်ရင် ထန်ဟာ နယ်မြေဆက်ချဲ့ထွင်မှာပဲ မဟုတ်ပါလား။ အဲဒီအခါကျရင် အင်အားကြီးတဲ့ ထန်ကို နိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့် ကြိုပြီး ထန်နဲ့ ဆက်ဆံရေးကောင်းအောင် နေကြပြီး ပဏ္ဏာဆက်နိုင်ငံတွေအဖြစ် အခြေအနေကို ထိန်းသိမ်းကြရမှာပါပဲ။  ဒီလိုနဲ့ ထန်ရဲ့ ဩဇာဟာ မြစ်ဝါမြစ်တကြောမှာ ပိုမိုကျယ်ပြန့်လို့ လာပါတယ်။ ဒါကြောင့် စစ်မတိုက်ဘဲ စစ်နိုင်တယ်လို့ ဆိုရမှာပါ။ 

နောက်တစ်ချက် ထည့်တွက်ရတာက လက်နက်ဆန်းတွေ လုပ်လာနိုင်တဲ့ အချက်‌ဖြစ်ပါတယ်။ ကြေးသွန်းအတတ် အဆင့်မြင့်မားလာပြီမို့ ကြေးနဲ့လုပ်တဲ့ လက်နက်တွေ ပိုသုံးလာနိုင်သူက စစ်ရေးဩဇာ ပိုကြီးမှာ သဘာဝပါ။ 

ထူးခြားတာလေး နောက်တစ်ခုက ထန်ဟာ ရှရှစ် (夏社 Xia She) ဆိုတဲ့ နန်းဆောင်တစ်ခုကို ဆောက်လုပ်ခဲ့တာပါ။ ရှခေတ်ကို ဂုဏ်ပြုဖို့၊ ရှခေတ်ဘိုးဘေးတွေကို အရိုအသေပြုဖို့ ဖြစ်ပါတယ်။ ဒါက အတော်အရေးကြီးပါတယ်။ ရှခေတ်ကို တမ်းတနေသူတွေက အတွင်းကျိတ် ကျိတ်ကြံပြီး ဆန့်ကျင်ပုန်ကန်မယ့်အရေးကို ကာကွယ်ဖို့လည်း ရည်ရွယ်တာ ဖြစ်နိုင်တာပါပဲ။ ဒီလို ရှရှစ် ဆောက်ပြီး အလေးအမြတ်ပြုတဲ့အတွက် သူ့အပေါ် အငြိုးထားသူတွေက "မဆိုးလှတဲ့လူပါလား" လို့ စိတ်ပြေပြီး ကျေနပ်သွားနိုင်ပါတယ်။ ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုတာမျိုး မတွေးဘဲ ကျန်တဲ့ ကျူငုတ်တွေနဲ့ အလုပ်ဖြစ်အောင် သွားတဲ့သဘောပဲလို့ မြင်မိပါတယ်။ 

ထန်ဧကရာဇ် နန်းတက်ပြီး ရှေ့ဆုံး ၅ နှစ်အတွင်း မိုးခေါင်လို့ အစာရေစာ ပြတ်လပ်ကြပါတယ်။ တချို့မိသားစုတွေက ဆင်းရဲလွန်းလို့ စားနပ်ရိက္ခာရဖို့အ‌ရေး ကိုယ့်ကလေးတွေကို ကိုယ်တိုင် ရောင်းစားရတဲ့ အဖြစ်မျိုးတောင် ဖြစ်ပါသတဲ့။ ဒီအခါမှာ ထန်ဧကရာဇ်က ရွှေဒင်္ဂါးတွေ သွန်းစေပြီး၊ အဲဒီလောက် ဆင်းရဲတဲ့ မိသားစုတွေဆီ ဝေငှစေတယ်လို့ ဆိုပါတယ်။ ကလေးတွေကို ပြန်ဝယ်ယူဖို့ပါ။ 

မျက်မှောက်ခေတ် သမိုင်းပညာရှင်အချို့က ထန်ဧကရာဇ်ကို သုံးသပ်ရာမှာ ထူးခြားချက်လေးတစ်ခုက ထန်အနေနဲ့ သူဟာ မိုးနတ်မင်းရဲ့ ‌ဗျာဒိတ်ကို ရရှိထားသူဖြစ်ကြောင်း သက်သေပြဖို့ ကြိုးစားရုန်းကန်ခဲ့ရတယ် ဆိုတဲ့အချက်ပါ။ သူက မိုးနတ်မင်းဗျာဒိတ် ရထားသူလို့ အနှစ် ၄၇၀ လောက်လူ့အဖွဲ့အစည်းက လက်ခံထားတဲ့ ရှဧကရာဇ်ကို ဖြုတ်ချခဲ့သူ မဟုတ်လား။ ဒါကြောင့် သူ့အနေနဲ့ "ကျယ်ဧကရာဇ်ဟာ မိုးနတ်မင်းရဲ့ ဗျာဒိတ် ရုပ်သိမ်းခံရသူ ဖြစ်ကြောင်း" နဲ့၊ "သူဟာ မိုးနတ်မင်းရဲ့ ဗျာဒိတ် ရရှိသူဖြစ်ကြောင်း" လူ့အဖွဲ့အစည်း တရပ်လုံးက ယုံကြည်လာအောင် သက်သေပြဖို့ လိုလာပါတယ်။ ဒါကြောင့် တိုင်းပြည်ထူထောင်ရေးကို စိတ်နှစ် လုပ်ရတာလည်း ဖြစ်နိုင်ပါတယ်။ 

ဒီအချက်ကို ပံ့ပိုးပေးတဲ့ ဖြစ်ရပ် ရှိပါသေးတယ်။ ထန်ဟာ သူ့ရဲ့ နန်းသက် ၉ နှစ်အရောက်မှာ ရှခေတ်ထူထောင်သူ ယွီ (Yu the Great) သွန်းလုပ်ခဲ့တဲ့ အခြေသုံးချောင်းထောက် ကြေးအိုးကြီး ၉ လုံး (Nine Tripod Cauldrons) ကို ရှန်းပြည်ရဲ့ မြို့တော်ဆီ ယူဆောင်လာတယ်လို့ ဆိုပါတယ်။ အဲဒီကြေးအိုးကြီးတွေဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အခွင့်အာဏာကို မိုးနတ်မင်းက ဗျာဒိတ်ပေး ခွင့်ပြုတဲ့ အမှတ်အသား ဖြစ်လို့ပါ။ 

တကယ်တော့ ပြည်သူရဲ့ လက်ခံမှုရအောင် လုပ်တာဟာ မိုးနတ်မင်းရဲ့ ဗျာဒိတ် ရအောင် လုပ်တာပါပဲ။ စစ်မာချန်းတို့လို တရုတ် ရာဇဝင်ဆရာတွေနဲ့ ရှေးခေတ် တရုတ်လူ့အဖွဲ့အစည်းတွေဟာ ဧကရာဇ်တွေကို ထိန်းကျောင်းဖို့ ပြည်သူရဲ့ အသိအမှတ်ပြုမှု၊ ထောက်ခံမှု ဆိုတာကို မိုးနတ်မင်း ရဲ့ ဗျာဒိတ်ရယ်လို့ တင်စားသုံးနှုန်းခဲ့လေသလားလို့ အတွေးပွားမိပါတယ်။  

ဘယ်လိုပဲဖြစ်ဖြစ် ရှန်းခေတ်ကို ထူထောင်တဲ့ ထန်ဧကရာဇ်ဟာ ပြည်သူ့အကျိုးကို ဆောင်ရင်း၊ ပြည်သူချစ်တဲ့ မင်းဧကရာဇ်အဖြစ် မှတ်တမ်းရေးထိုးခံခဲ့ရပါတယ်။ 

~~~~~~~~~~~~~~~~~~~~~

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar