Breaking News

ညိုထွန်းလူ - ပိုက်ဆံ

Image - Google
ပိုက်ဆံ
ညိုထွန်းလူ
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၂၄

တရုတ်နိုင်ငံရဲ့ Betavolt ကုမ္ပဏီက နှစ်ငါးဆယ်တိတိ ပြန်အားသွင်းစရာမလိုတဲ့ နျူကလီးယား စွမ်းအင်သုံး ဘက်ထရီကို တီထွင်လိုက်ပြီတဲ့။ အရွယ်အစားက ငွေဒင်္ဂါးပြား သေးသေးအရွယ်လောက်ပဲရှိမတဲ့။ လာမယ့်2025ခုနှစ်ထဲရောက်ရင် အသုံးပြုနိုင်တော့မယ်လို့ လူမှုကွန်ယက်ထဲမှာ ဖတ်လိုက်ရတယ်။

လူသားတွေရဲ့ တီထွင်ကြတဲ့ဉာဏ်စွမ်းရည်က အံ့မခန်းပါပဲ။ သဘောကျစရာ အင်မတန်မှကောင်းပါပေတယ်။ လွန်ခဲ့တဲ့လေးငါး‌ခြောက်လလောက်တုန်းက AI (ဉာဏ်ရည်တု)နည်းပညာပေါ်ထွက်လာလို့ ငြင်းကြခုန်ကြ။ အနာဂတ်အတွက် ဖြစ်လာနိုင်စရာတွေကိုခန့်မှန်းကြနဲ့ပေါ့။ အတတ်ပညာရှင်များက လူသားတွေရဲ့ကောင်းကျိုးအတွက် အမျိုးမျိုးတီထွင်ကြတယ်။ 
ဒါပေမယ့် လက်ခံအသုံးပြုတဲ့သူအပေါ်မူတည်ပြီးဆိုးကျိုးကိုလည်း သက် ရောက်သွားနိုင်ပြန်ရော။ ဥပမာပြုရရင် အဲလ်ဖရက်နိုဘယ်ပေါ့။ ပညာရှင်ကြီးကအများအကျိုးအတွက်ရည်ရွယ်ပြီး ဒိုင်းနမိုက်ကို တီထွင်လိုက်တာဖြစ်ပေမယ့် အဲ့ဒီပစ္စည်းကို စစ်ပွဲတွေမှာ အသုံးပြုကုန်ကြလို့ ဆရာကြီးလည်းရင်ကျိုးမတတ်ခံစားရင်း နောင်တတွေရသွားရှာတယ်။ 

ဒါကြောင့်မို့ သူကွယ်လွန်သွားတဲ့အခါ သူ့ပိုက်ဆံတွေကို နိုဘယ်ဆုတွေပေးဖို့စီစဉ်သွားခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ရှာဖွေ တီထွင်ဖန်တီးနိုင်ကြတဲ့ပညာရှင်‌တွေကို ရွေးချယ်ပြီးဆုတွေချီးမြှင့်ပေးတယ်။ အလားတူပဲကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးကိုအားသွန်ခွန်စိုက် ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်ကြီးများကိုလည်းနိုဘယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ပေးခဲ့တယ်။ ခက်တာကအဲလ်ဖရက်နိုဘယ်တီထွင်ခဲ့တဲ့ ဒိုင်းနမိုက်ကတော့ ရပ်တန့်လို့မရတော့တဲ့အပြင်နောက်လူများက ဆက်ကာဆက်ကာတီထွင်ခဲ့ကြလို့ ပိုပြီးအစွမ်းထက်လာခဲ့သလိုစစ်ပွဲတွေမှာပါဝင်ပြီး ပွဲကြမ်းနေလျက်ရှိတယ်တယ်ဗျ။ ဒီလိုပစ္စည်းတွေက လောဘ ဒေါသမာန်မာနတွေခက်ထန်နေကြသူတွေအတွက်အကြိုက်‌တွေ့စရာဖြစ်ကုန်လို့ ကိုယ်ကျိုးနဲရတာပေါ့ဗျာ။
ကျွန်တော်က တီထွင်ဖန်တီးခဲ့ကြတာကို အပြစ်ပြောလိုခြင်းမဟုတ်ပါဘူး။ လူ့သမိုင်းတလျောက်လုံးမှာ မနားမနေတီထွင်ခဲ့ကြလို့သာ လူ့အဖွဲ့အစည်းဟာ တိုးတက်ဖွံ့ဖြိုးလာခဲ့တယ်။ 
မီးရထားတွေ မော်တော်ကားတွေ လေယာဉ်ပျံတွေသင်္ဘောတွေကို တီထွင်ပေးခဲ့ကြလို့ ခရီးသွားလာရေးမှာသဘောရှိကလောဟိပေါ့။ သောမတ်အယ်ဒီဆင်ရဲ့ကျေးဇူးကြောင့် ကမ္ဘာဦးလူသားတွေလို နေနဲ့လကို တောင့်တစရာမလိုပဲ လျှပ်စစ်မီးတွေနဲ့ လင်းလို့ထိန်လို့(မှတ်ချက်-သူများနိုင်ငံတွေများ‌ ပြောပါတယ်)။ ‌လောကနယ်ပယ်တိုင်းမှာ အများအတွက်အကျိုးရှိစေမယ့်အရာမှန်သမျှကို တီထွင်ဖန်တီး‌ပေးနိုင်ခဲ့ကြလို့ ကျေးဇူး တင်ရပါတယ်။ ခေတ်အဆက်ဆက်တိုင်းမှာ တီထွင်ဖန်တီးခဲ့ကြတဲ့ အတတ်ပညာရှင်များအားလုံးကို လေးစားစွာနဲ့ အလေးပြုလိုက်ရပါတယ်။
ဒါပေသိ ချွင်းချက်အနေနဲ့ ပိုက်ဆံ (သို့မဟုတ်) ငွေစက္ကူတွေ၊ငွေဒင်္ဂါးပြားတွေ တီထွင်သွားကြတဲ့သူတွေကိုတော့ ကျွန်တော်က လုံးဝကိုကျေးဇူးမတင်နိုင်ဘူးဗျ။ ခပ်ရှင်းရှင်းပဲ။ 
သူ့ကြောင့်ရှာရဖွေရတာ အမောဖေါက်လုမတတ်ပါပဲဗျာ။  

သူသာမရှိခဲ့ရင် လိုအပ်တာမှန်သမျှကို ဘာတာစနစ်နဲ့ ကုန်ပစ္စည်းချင်း လဲလိုက်ကြရင်ဘယ်လောက်အဆင်ပြေလိုက်မလဲ။ ဓါးပြတိုက်ခံရမှာကိုလည်း စိတ်ပူစရာမလိုတော့ဘူးပေါ့။
ပိုက်ဆံငါးပြားနဲ့မုန့်ပျားသလက်တစ်ချပ်ရတဲ့ခေတ်မှာ လူဖြစ်လာခဲ့ရတယ်။ ကျွန်တော့်ကို ကျောင်းအပ်တော့ အမေကငှက်ပျောတစ်ဖီးကိုင်ပြီး  ဆရာကြီးဆီကိုလက်ဆွဲခေါ်သွားတယ်။ငှက်ပျောဖီးကိုစားပွဲပေါ်တင်လိုက်ပြီး ဆရာကြီး ကျွန်မသားကို ကျောင်းအပ်မလို့ဆိုလိုက်တော့ စာရင်းစာအုပ်ကိုငုံ့ကြည့်နေတဲ့ဆရာကြီးက မော့ပြီးတောင်မကြည့်။ အေး ထားခဲ့လိုက်တဲ့။ ပြီးရောဗျာ။ ဒီခေတ်လို ကျောင်းဝင်ကြေးတွေ ဘာတွေညာတွေနဲ့ မိဘတွေဆီက ရှိသမျှပိုက်ဆံကို ညှစ်ထုတ်ခံရမယ့်ဘေးနဲ့လည်းကင်းဝေးသွားတယ်။အဲလိုနဲ့ ငှက်ပျောတစ်ဖီးကိုအရင်းပြုပြီး စာသင်ရမယ့်မောင်ကျောင်းသားဖြစ်သွားခဲ့တယ်။ စကားမစပ် ဟိုတစ်နေ့တုန်းက အော်
ဂဲနစ် ဖီးကြမ်းငှက်ပျောဖီးတစ်ဖီး လေးထောင်ဆိုလို့ စားရမှာမျိုမကျဘဲဖြစ်သွားခဲ့ရတယ်ဗျ။

အဲတော့ ခေတ်နောက်ပြန်ဆွဲတဲ့ ရှေးအဘိုးကြီးလို့ပဲပြောပြောပိုက်ဆံတွေ၊ ငွေစက္ကူတွေကိုအသုံးမပြုဘဲကုန်ပစ္စည်းချင်းဖလှယ်ကြရင် ဘယ်လိုနေမလဲလို့တွေးကြည့်ပါတယ်။ သေချာတာကတော့ ရွှေ ဒေါ်လာ ယွမ် ဘတ် စတဲ့ပေါက်ဈေးတွေကို သိစရာမလိုတော့ဘူး။ ပြီးခဲ့တဲ့ခေတ်တုန်းကလို ကိုယ့်ရှိတဲ့ပိုက်ဆံတွေ တရားမဝင်ကြေညာမှာကိုလည်းစိုးရိမ်စိတ်ပူနေရတာမျိုးလည်းမရှိတော့။ ဘဏ်တွေလည်းပျောက်ကွယ်သွားပြီး ကိုယ့်ပိုက်ဆံလေးပြန်ထုတ်ဖို့ မျက်နှာငယ်ရတဲ့အဖြစ်နဲ့လည်းကင်းဝေးသွားမယ်။ လာဘ်ပေးလာဘ်ယူလည်းကင်းရှင်းသွားမယ်။ အွန်လိုင်းက မလိမ့် တပတ်နဲ့ငွေလိမ်လည်တာလည်း ပျောက်ကွယ်သွားမယ်။ ဆိုတော့ လူတွေရဲ့ လောဘတွေလည်း အော်တိုမစ်တစ်ငြိမ်ကျသွားပြီး လောကကြီးလည်းအေးချမ်းသွားမယ်။ ကျေနပ်စရာကောင်းလိုက်ပါဘိ။
မည်သို့ပင်ဖြစ်စေကာမူပေါ့လေ။ သေချာပြန်တွေးကြည့်လိုက်တော့လည်း ပိုက်ဆံက တော်တော်တန်ခိုးကြီးတာကိုးဗျ။ သူမရှိလို့မှမဖြစ်ဘဲ။ သက်ဦးဆံပိုင်ပဒေသရာစ်ခေတ်မှ အခုချိန်အထိ ခေတ်တွေဘယ်လိုပဲပြောင်း လဲပြောင်းလဲ ပိုက်ဆံကတော့ ထိပ်ဆုံးနေရာမှာတည်ရှိပြီး အရေးပါအရာရောက်နေဆဲပဲ။။ ရှင်ဘုရင်တွေလည်း ပိုက်ဆံရှိပြီး ‌ရတနာပစ္စည်းအမျိုးစုံနဲ့ကြွယ်ဝမှ တန်ခိုးထွားနိုင်မှာမဟုတ်ပါလား။
ကမ္ဘာမှာ သက်ဦးဆံပိုင်ရှင်ဘုရင်အုပ်ချုပ်တာတွေချုပ်ငြိမ်းသွားတော့ အရင်းရှင်စနစ်ပေါ်ထွက်လာတယ်။ အမှန်တော့ပိုက်ဆံကနေပြီး အရင်းရှင်စနစ်ကို မွေးဖွားပေးလိုက်တာပဲ။

အဲသမှာတင် အရင်းရှင်စနစ်ကိုတိုက်ဖျက်ဖို့ ကွန်မြူနစ်စနစ်ပေါ်လာခဲ့တယ်။ နို့ပေမယ့် တိုင်းပြည်ရဲ့အရေးအတွက် ကွန်မြူနစ်ဆရာများလည်း ပိုက်ဆံတွင်းထဲကိုသက်ဆင်းသွားကြရပြန်တယ်။ ပိုက်ဆံမရှိလို့ ပြည်သူ လူထုက ဆူပူအုံကြွကုန်ရင်မခက်ပါလား။ 
လူတွေနေ့စဉ်ပိုက်ဆံရှာနေကြရတယ်။ ယဉ်ယဉ်ကျေးကျေးပြောရရင် စီးပွားရှာကြရတာပေါ့။ စီးပွားရှာတယ်ဆိုတာက တစ်ယောက်အိပ်ကပ်ထဲက ပိုက်ဆံကိုတစ်ယောက်က တနည်းတဖုံနဲ့ နှိုက်ယူကြဖို့ကြိုးစားခြင်းပဲ။ ကုန်ပစ္စည်းတွေကိုအရောင်းအဝယ်ပြုကြပြီဆိုကတည်းက အမြတ်ရအောင်လုပ်ကြရစမြဲပေကိုး။
နိုင်ငံတွေက အစိုးရတွေလည်းဒီလိုပဲ‌ပေါ့။ နိုင်ငံအချင်းချင်းကြီးတာငယ်တာတွေ၊ အိမ်နီးချင်းဖြစ်တာ မဖြစ်တာတွေ။ မူဝါဒမတူတာ တူတာတွေကိုဘေးချိတ်။ ပိုက်ဆံရှာလို့ရနိုင်ရင်လက်ဆွဲနှုတ်ဆက်ပြီး ဟေ့သူငယ်ချင်းရေပေါ့ဗျာ။ အပြန်အလှန်ကုန်သွယ်မှုပြုလုပ်ပြီး ပိုက်ဆံတွေရှာကြတယ်။ ကိုယ်ကျိုးစီးပွားကာကွယ်မှုကို လက် ကိုင်ထားကြတယ်။ 
ရပေါက်ရလမ်းရှိရင် ဘယ်နေရာမဆို သွားရောက်ရင်းနှီးမြှုပ်နှံကြတယ်။ နိုင်ငံတိုင်းလိုလို သူ့နိုင်ငံ ကိုယ့်နိုင်ငံကို အလည်အပတ်လာကြဖို့ ဖိတ်ခေါ်ကြတယ်။ ဒါမှလည်း ပိုက်ဆံတွေရပြီးကိုယ့်နိုင်ငံချမ်းသာမှအုပ်ချုပ်တဲ့အစိုးရဟာ တည်မြဲမှာမဟုတ်လား။ ပိုက်ဆံမရှာတတ်ရင် တိုင်းပြည်လည်းဆင်းရဲပြီး ဘယ်လိုအစိုးရဖြစ်ဖြစ် ကြာကြာမခံပါဘူး။ ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံတွေ၊ ကွန်မြူနစ်နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေနဲ့ဘုရင်အုပ်ချုပ်တဲ့နိုင်ငံတွေစသဖြင့် အမျိုးအစားတွေ ဘယ်လိုပဲကွဲပြားကွဲပြား အရေးကြီးတာက ပိုက်ဆံရှိပြီးကြွယ်ဝချမ်းသာနေဖို့ပါပဲ။ 

ပိုက်ဆံတကာ့ပိုက်ဆံတွေထဲမှာ ဒေါ်လာကတော့ ခေါင်ဖြစ်နေပြီး အင်မတန်မှတန်ခိုးကြီးသဗျ။ တစ်ခြားပိုက်ဆံတွေက ဒေါ်လာကိုဖြုတ်ချပြီး သူ့နေရာကို ဗိုလ်ဝင်ခံဖို့ကြိုးစားကြပေမယ့် အခုထိတော့ အောင်မြင်မှုမရကြသေးဘူး။ ဒါကြောင့်မို့ ဒေါ်လာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်ရှာဖွေနေကြရတယ်။ ကျွန်တော်ကတော့ ဒေါ်လာဆိုတာ ကိုယ်နဲ့မအပ်စပ်လို့ သိပ်စိတ်မဝင်စားပါဘူး။ ဒေါ်လာနဲ့မြန်မာကျပ်ငွေဟာ တန်ဖိုးချင်းတော်တော်လေးကွာဟနေလည်း ကိုယ့်ပိုက်ဆံကလေးကိုပဲ မက်မောနေပြီး  ဖောဖောသီသီများရှိရင် ကောင်းလေစွလို့ တမ်းတမိလိုက်တယ်။ ပိုက်ဆံတီထွင်တဲ့သွားတဲ့သူ‌တွေကို မကျေမနပ်ဖြစ်ခဲ့ပေမယ့် နောက်ဆုံးတော့ ကျွန်တော်လည်းသူ့အောက်ကို ရောက်သွားရတော့တယ်။ မန်းနီးအစ်စ်ရဲဗရီးသင်းပါပဲဗျာ။

(ဤတွင်ပြီး၏) ပုံ -အင်တာနက်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar