Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၅

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၅

(မိုးမခ) ဇန်နဝါရီ ၂၅ ၊ ၂၀၂၄


ကျို့ခေတ်ရဲ့ ကာလသုံးပါး

ကျို့ခေတ်ဟာ တရုတ်ရာဇဝင်မှာ သက်တမ်းအရှည်ဆုံး ခေတ်တစ်ခေတ် လို့ ဆိုရပါလိမ့်မယ်။ ဘီစီ ၁၀၄၆ မှာ ဝူဘုရင်ဟာ ကျို့ခေတ် ကို စတင်ထူထောင်ပြီး ဘီစီ ၂၅၆ မှာ ကျို့ခေတ် ကုန်ဆုံးပါတယ်။ ဒါကြောင့် ကျို့ခေတ်ဟာ နှစ်ပေါင်း ၈၀၀ နီးပါး (အတိအကျပြောရရင် ၇၈၉ နှစ်) ကြာမြင့်ခဲ့တဲ့ ခေတ်တစ်ခုလို့ ဆိုရမှာပါ။ 

သူ့ရှေ့က ရှခေတ် နဲ့ ရှန်းခေတ်တွေက အနှစ် ၅၀၀ ဝန်းကျင် စီလောက် သက်တမ်းရှည်ကြာခဲ့ပါတယ်။ အလွယ်မှတ်ချင်ရင် ဘီစီ ၂၀၀၀ နဲ့ ဘီစီ ၁၀၀၀ အကြား ထောင်စုနှစ်တစ်ခုစာကို ရှ နဲ့ ရှန်းက တစ်ဝက်စီ ခွဲပြီး အုပ်ချုပ်သွားတယ်လို့ မှတ်သားနိုင်ပါတယ်။ 

ကျို့ခေတ်ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၈၀၀ လောက် ကြာတယ်ဆိုပေမယ့် တကယ်တမ်းတော့ အဲဒီ သက်တမ်းကာလ ကို အဓိက အစိတ်အပိုင်း နှစ်ခုပြန်ပြီး ခွဲခြားထားပါတယ်။ 

ဘီစီ ၁၀၄၆ ကနေ ဘီစီ ၇၇၁ အထိ ပထမနှစ်ပေါင်း ၂၇၅ နှစ်ကို အနောက်ဘက်ကျို့ (Western Zhou) ခေတ် လို့ ခေါ်ပြီး ဘီစီ ၇၇၂ ကနေ ဘီစီ ၂၅၆ အထိ နှစ်ပေါင်း ၅၁၆ နှစ်ကို အရှေ့ဘက် ကျို့ (Eastern Zhou) ခေတ် လို့ ခေါ်ပါတယ်။ 

ရာဇဝင်ဆရာတွေက ကျို့ခေတ်ရဲ့ နောက်ပိုင်း ၅၁၆ နှစ် ဖြစ်တဲ့ အရှေ့ဘက်ကျို့ ခေတ်ကို နှစ်ပိုင်း ပြန်ခွဲပြန်ပါတယ်။ 

ပထမပိုင်းကတော့ ခြွင်ချိုး(春秋 Chunque) ဆိုတဲ့ ကာလဖြစ်ပြီး အနှစ် ၃၀၀ နီးပါး (ဘီစီ ၇၇၂ နဲ့ ဘီစီ ၄၇၆ ကြား) ကြာမြင့်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီကာလအပိုင်းအခြားထဲက ကျို့ခေတ်သမိုင်းကို ကျို့အင်ပါယာလက်အောက်ခံ လူ (Lu) နိုင်ငံက မှတ်တမ်းတင်ထားတဲ့ ခြွင်ချိုး ရာဇဝင်မှတ်တမ်း ကို အစွဲပြုပြီး အဲဒီကာလအပိုင်းအခြားကိုလည်း ခြွင်ချိုး ခေတ်ကာလ လို့ ခေါ်ဆိုကြတာပါ။ လူ နိုင်ငံဟာ ကွန်ဖြူးရှပ် (Confucius) ပေါ်ထွန်းရာ ဒေသ ဖြစ်ပါတယ်။ 

ရာဇဝင်ဆရာတွေက ခြွင်ချိုး ကို "နွေးဦးဆောင်းဦးကာလ (Spring and Autumn Period)" လို့ ဘာသာပြန်ကြပါတယ်။ 

အရှေ့ဘက်ကျို့ ခေတ်ရဲ့ ဒုတိယ ကာလအပိုင်းအခြားကိုတော့ ကျန့်ကော်ရှီတိုင့် (战国时代 Zhànguó Shídài) လို့ ခေါ်ပါတယ်။ အတိုချုပ်ပြီး ကျန့်ကော် (战国 Zhànguó) လို့လည်း ခေါ်ကြပါတယ်။ စစ်မက်ထူပြောသောကာလ (Warring states period) လိူ့ ဘာသာပြန်ကြပါတယ်။ ဒီကာလက အနှစ် ၂၅၀ ကျော် (ဘီစီ ၄၇၅ ကနေ ဘီစီ ၂၂၁ အထိ) ကြာမြင့်ခဲ့ပါတယ်။ 

မှတ်ရလွယ်ရအောင် အကြမ်းသဘော မှတ်သားချင်ရင်တော့ ဒီလို မှတ်ကြည့်နိုင်ပါတယ်။ 

"ကျို့ခေတ် ဟာ အနှစ် ၈၀၀ နီးပါးကြာတယ်။ အနှစ် ၈၀၀ ကို သုံးပုံ ခွဲကြည့်နိုင်တယ်။ 

ရှေ့ဆုံး သုံးပုံ တစ်ပုံ ကို အနောက်ဘက် ကျို့ခေတ် လို့ ခေါ်တယ်။ 

ကျန်တဲ့ သုံးပုံ နှစ်ပုံ ကို အရှေ့ဘက် ကျို့ခေတ် လို့ ခေါ်တယ်။ 

အလယ် သုံးပုံ တစ်ပုံ နွေးဦးဆောင်းဦးကာလ လို့ခေါ်တယ်။ 

နောက်ဆုံး သုံးပုံ တစ်ပုံ ကို စစ်မက်ထူပြောသောကာလ လို့ ခေါ်တယ်။" 

ဒါကြောင့် ကျို့ခေတ် (ကျို့မင်းဆက်) လို့ ပြောလိုက်ရင် ခေတ်ကာလ သုံးခု အကြောင်းကို ပြောရမှာ ဖြစ်ပါတယ်။ ကျို့ခေတ်ကို အဲဒီလို သုံးပိုင်း ခွဲထားကြောင်း မသိထားဘဲ တရုတ်သမိုင်းစာပေတွေ၊ ဆောင်းပါးတွေ ဖတ်တဲ့အခါ ရှုပ်ထွေးနေတတ်ပါတယ်။ 

ကျို့ခေတ်လို့ ပြောလိုက်၊ အရှေ့ဘက်ကျို့၊ အနောက်ဘက်ကျို့လို့ ပြောလိုက် နဲ့မို့ ရှုပ်ကုန်ပါတယ်။ သတိမထားရင် အနောက်ဘက်ကျို့ နဲ့ အရှေ့ဘက်ကျို့ ဟာ မတူတဲ့ ခေတ်ကာလ နှစ်ခုလို့ မမြင်ဘဲ၊ တူညီတဲ့ခေတ်ကာလတစ်ခုတည်းမှာ အနောက်နဲ့ အရှေ့ ပထဝီအနေအထားအရ ကွဲပြားနေတာလို့ ယူဆမိပြီး ပို ရှုပ်ထွေးကုန်ပါတယ်။ အဲဒီအထဲ နွေဦးဆောင်းဦးကာလ၊ စစ်မက်ထူပြောသောကာလ တွေပါ ဝင်လာရင် ခေါင်းထဲ တော်တော်နဲ့ ရှင်းလို့ မရတော့ပါဘူး။ သမိုင်းစိတ်ဝင်စားသူတွေ အဲဒီလို စိတ်မရှုပ်ရစေဖို့ ကျို့ခေတ်ရဲ့ ခေတ်ကာလ သုံးပိုင်းကို သီးသန့်မှတ်စုထုတ်ပြီး တင်ပြလိုက်ရပါတယ်။ 

ကျို့ခေတ်နဲ့ ပတ်သက်ပြီး ထူးခြားချက်အနေနဲ့ ကတော့ ကျို့ခေတ်အတွင်း သံခေတ်ယဉ်ကျေးမှု ထွန်းကားလာတာကို မှတ်သားရပါတယ်။ အတွေးအခေါ်ပညာရပ်တွေ ထွန်းလင်းလာပြီး ကွန်ဖြူးရှပ်လို ပညာရှင်တွေ ပေါ်ထွက်လာပါတယ်။ အတွေးအခေါ်အသစ်တွေနဲ့အတူ ကိုးကွယ်ယုံကြည်မှုတွေ ပြောင်းလဲပြီး ဘာသာအသစ်တွေ ထွန်းကားလာပါတယ်။ အဲဒီအပြောင်းအလဲကနေ နိုင်ငံရေး အယူအဆသစ်တွေ ပေါ်ထွန်းလာစေခဲ့ပါတယ်။ နောက်ထပ် ထူးခြားမှုကတော့ စာပေအရေးအသား ဖွံ့ဖြိုးတိုးတက်လာခြင်းပါ။ 

ကျို့ခေတ် ကျဆုံးသွားပြီးတဲ့နောက် ချင်(秦Qin) ခေတ် ပေါ်ထွန်းလာပါတယ်။ (တရုတ်သမိုင်းရဲ့ နောက်ဆုံးမင်းဆက် ဖြစ်တဲ့ ချင်(Qing) မင်းဆက်နဲ့ မမှားစေချင်ပါဘူး။ Qin နဲ့ Qing အသံထွက် အနည်းငယ် ကွာပါတယ်။ Qing က မန်ချူးမင်းဆက် ဖြစ်ပါတယ်။) 

ကျို့ခေတ်ရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းကို ဆက်လက်လေ့လာဖို့ အဆင်သင့်ပဲလား ခင်ဗျား။ 

~~~~~~~~~~~~~~~~~~~~~

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁ 👉https://www.moemaka.com/2024/01/blog-post_872.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂ 👉https://www.moemaka.com/2024/01/blog-post_8245.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၃ 👉https://www.moemaka.com/2024/01/blog-post_308.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၄ 👉https://www.moemaka.com/2024/01/blog-post_799.html



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar