ကုလသမဂ္ဂညီလာခံနဲ့ မြန်မာ့အရေး
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၂ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၂၃ ၊ ၂၀၂၆
ကုလသမဂ္ဂညီလာခံနဲ့ မြန်မာ့အရေး
နှစ်စဥ် စက်တင်ဘာလမှာ ကျင်းပလေ့ရှိတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အထွေထွေညီလာခံကို စက်တင်ဘာလ ၈ ရက်နေ့ကစလို့ လကုန်ခါနီး ၂၉ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂအဆောက်အဦမှာ ကျင်းပနေပါတယ်။ စက်တင်ဘာ ၁၈ ရက်ကနေ ၂၈ ရက်အထိကတော့ နိုင်ငံခေါင်းဆောင်တွေကိုယ်တိုင် တက်ရောက်ကြမဲ့ အစီအစဥ်တွေ ရှိတဲ့ သီတင်းပတ်တွေ ဖြစ်ပြီးခုရက်ပိုင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် မိန့်ခွန်းပြောတာ၊ အမေရိကန်ပြည်ထောင်စု သမ္မတ မိန့်ခွန်းပြောတာ အခြားသော ကမ္ဘာ့နိုင်ငံက ခေါင်းဆောင်တွေ မိန့်ခွန်းပြောတဲ့ အစီအစဥ်တွေ ပါဝင်တာဖြစ်ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ရဲ့ မိန့်ခွန်းထဲမှာ မြန်မာ့အရေးဟာ ကမ္ဘာ့အာရုံစိုက်မှုကနေ လွတ်သွားမဲ့ အနေအထားရောက်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း မြင့်တက်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုတွေနဲ့ နယ်စပ်ကို ကျော်လွန်လာတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားနေတဲ့တိုင် မြန်မာ့အရေးကိစ္စကို နိုင်ငံတကာက အာရုံစိုက်မှုမရှိတော့တဲ့ အနေအထားလည်း ရှိနေတာကို တွေ့ရကြောင်း ပြောဆိုသွားပါတယ်။
ကမ္ဘာကြီးမှာ အီရန်-အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေးလ် တဖက်ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲ၊ ဥရောပက ယူကရိန်း-ရုရှား စစ်ပွဲတွေ ဖြစ်ပွားနေချိန်မှာ မြန်မာ့အရေးက နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက် မဆက်စပ်နေတော့သလို တရုတ်နိုင်ငံအဖို့ ပထဝီနိုင်ငံရေးအရ အရေးပါပေမဲ့ အခြားသော ကမ္ဘာ့နိုင်ငံတွေအဖို့ ပထဝီနိုင်ငံရေးအရ အရေးကြီးတဲ့ နိုင်ငံ၊ အကျိုးစီးပွားတွေ တိုက်ရိုက်ရှိမနေတာကြောင့် အာရုံစိုက်မှု လျော့ကျတာ သို့မဟုတ် မရှိတော့တဲ့ အနေအထားမျိုးအထိ ဖြစ်လာတဲ့သဘောလို့ ဆိုလိုတာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကို ဒုတိယ ကမ္ဘာစစ်ပြီးနောက် နောက်ထပ် ကမ္ဘာစစ်တွေ ရှောင်ရှားနိုင်ဖို့ နိုင်ငံအချင်းချင်း အကြားဖြစ်ပွားတဲ့ ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့ကြပြီး ဆယ်စုနှစ်အတော်ကြာကြာ သြဇာရှိပြီး ကမ္ဘာ့နိုင်ငံတွေအကြားက ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ် ကျူးဘား ဒုံးလက်နက် အရေးအခင်းလိုမျိုးမှာ ကုလသမဂ္ဂ အနေနဲ့ ကြားဝင်ဖြေရှင်းပေးလို့ အင်အားကြီး ၂ နိုင်ငံအကြား စစ်ပွဲဖြစ်ပွားမဲ့ အခြေအနေ အကျပ်အတည်းကနေ ရှောင်ထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အလားတူ အချို့သော ပြည်တွင်းစစ်တွေ၊ နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံအကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေကို ကြားဝင်ဖြေရှင်းပေးတာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်တွေ ချထားပြီး ပဋိပက္ခတွေ လျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ နိုင်ငံတွေ အနေနဲ့လည်း ပဋိပက္ခဖြစ်ပွားတဲ့အခါမျိုးမှာ ကုလသမဂ္ဂဖြေရှင်းမှု အဆုံးအဖြတ်ကို ခံယူကြပြီး ပဋိပက္ခတွေ လျော့ပါးသွားတဲ့ သာဓကတွေလည်း သမိုင်းဖြစ်စဥ်တွေမှာ တွေ့မြင်ခဲ့ကြရပါတယ်။
သို့ပေမဲ့ ခုနောက်ပိုင်း ဆယ်စုနှစ်တွေမှာ အချို့သော ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကုလသမဂ္ဂကို ၄င်းတို့ စိတ်တိုင်းကျ အသုံးချလို့ မရရင် အပုပ်ချ ပြောဆိုတာ ကုလသမဂ္ဂရဲ့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံကို ပေးထားတဲ့ ဗီတိုအာဏာကို အသုံးချပြီး အများစုရဲ့ အမြင်၊ ထောက်ခံမှု၊ ဆုံးဖြတ်ချက်တွေကို ပယ်ချတာတွေ ပိုမိုမြင်တွေ့လာနေရပြီး ကုလသမဂ္ဂဟာ သြဇာအာဏာရှိတဲ့ အဖွဲ့အစည်းတရပ်မဟုတ်တော့ဘဲ နိုင်ငံအသီးသီးက ထည့်ဝင်ထားတဲ့ ရန်ပုံငွေတွေကို စီမံခန့်ခွဲပြီး လူသားချင်းစာနာမှု အကူအညီ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်မှု အကူအညီပေးတဲ့ အဖွဲ့အစည်းတရပ် အဖြစ် အဆင့်လျှောကျခဲ့တာပါ။
ယူကရိန်း-ရုရှား စစ်ပွဲလိုမျိုးမှာလည်း ကုလသမဂ္ဂ အနေနဲ့ ကြားဝင်ဖြေရှင်းခွင့် မရခဲ့သလို လက်ရှိဖြစ်နေတဲ့ အီရန် -အမေရိကန်+ အစ္စရေးလ် စစ်ပွဲလိုမျိုးမှာလည်း ကုလသမဂ္ဂ အဖွဲ့ကြီးအနေနဲ့ ဝင်ရောက်ဖျန်ဖြေခွင့် အနေအထားတောင် မရခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်နဲ့ စစ်ရာဇဝတ်မှုတွေ၊ များပြားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အနေနဲ့ သြဇာအာဏာနဲ့ ကြားဝင်ဖြေရှင်းပေးနိုင်တဲ့ အနေအထား မရှိခဲ့ပါဘူး။ ကမ္ဘာ့အင်အားကြီးနိုင်ငံ မဟုတ်တဲ့ မြန်မာနိုင်ငံက စစ်အစိုးရလိုမျိုးကတော့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို လျစ်လျူရှုတာ ပြန်လည်ဝေဖန်တုံ့ပြန်တာတွေ လုပ်ဆောင်ခဲ့တာ တွေ့ကြရမှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး အစိုးရ ဖြစ်လာတဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်လို အဆင့်အတန်းမျိုးကတောင် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်၊ ကုလသမဂ္ဂက ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်လို ပုဂ္ဂိုလ်မျိုးကို အရေးမစိုက်ဘဲ နေရဲတဲ့ အနေအထားကို ကြည့်ရင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အနေနဲ့ ဘယ်လို ပြုမူကြမလဲ ဆိုတာ ခန့်မှန်းနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
ယခု သီတင်းပတ်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂညီလာခံမှာ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ မိန့်ခွန်းပြောဆိုကြရာမှာလည်း နိုင်ငံတနိုင်ငံက အကျိုးစီးပွားဆန့်ကျင်ဘက်နဲ့ ရန်ဘက်ဖြစ်တဲ့ အခြားနိုင်ငံတနိုင်ငံကို တိုက်ခိုက်ပြောဆိုဖို့ စင်မြင့်တခု အနေနဲ့ အသုံးချကြတာမျိုးသာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတက အီရန်နဲ့ အခြားသော ရန်ဘက်နိုင်ငံတွေကို ရှုတ်ချ တိုက်ခိုက်ပြောဆိုတာမျိုး တွေ့ကြရသလို အလားတူ အီရန်နဲ့ အချို့သောနိုင်ငံတွေကလည်း အမေရိကန်ပြည်ထောင်စုလို အင်အားကြီးနိုင်ငံတွေရဲ့ ဗိုလ်ကျမှုတွေကို ရှုတ်ချ ပြောဆိုကြမဲ့ သဘော ဖြစ်ပါတယ်။
အခုလို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ ၄င်းတို့ကို အန်တုနေတဲ့ နိုင်ငံတွေ အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တဖက်ရန်သူ အုပ်စုတွေ၊ အကျိုးစီးပွား ဆန့်ကျင်ဘက် အုပ်စုတွေ၊ နိုင်ငံတွေကို တိုက်ခိုက်ပြောဆိုဖို့ စင်မြင့်တခုအဖြစ်သာ မှတ်ယူပြီး တက်ရောက်လာကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂညီလာခံက ကမ္ဘာ့နိုင်ငံတွေအချင်းချင်း အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်ဖို့၊ မသင့်မမြတ် ဖြစ်နေတဲ့ နိုင်ငံတွေအကြား တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြေရှင်းဖို့ တွန်းအားပေးနိုင်တဲ့ အနေအထားမျိုး မရှိတော့ပါဘူး။
ဒီအခြေအနေတွေ အခင်းအကျင်းတွေကို ကြည့်ရင် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လက်ရှိ သြဇာအာဏာာကို အကဲဖြတ် နားလည်နိုင်လောက်တဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။
ကုလသမဂ္ဂ အနေနဲ့ ကမ္ဘာ့နိုင်ငံအချင်းချင်းအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ၊ အငြင်းအခုံ၊ စစ်ပွဲတွေကို တားဆီးနိုင်စွမ်း မရှိတော့တဲ့ အခြေအနေမျိုးမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ အလားအလာ မရှိသလောက် နည်းပါးနေပြီး လူသားချင်းစာနာမှု အကူအညီလို ကိစ္စရပ်မျိုးတွေမှာသာ ကူညီထောက်ပံ့နိုင်တဲ့ အနေအထားကို မြန်မာလူထု အနေနဲ့ ကောင်းစွာနားလည် သဘောပေါက်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
