TIME မဂ္ဂဇင်းနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် အမေးအဖြေ ဂယက်
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၃ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၂၄ ၊ ၂၀၂၆
TIME မဂ္ဂဇင်းနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် အမေးအဖြေ ဂယက်
စစ်ခေါင်းဆောင် သမ္မတရာထူး ရယူပြီးနောက် ဧပြီလကုန် ရက်စွဲနဲ့ TIME မဂ္ဂဇင်းရဲ့ တွေ့ဆုံမေးမြန်းဖို့ တောင်းဆိုတဲ့စာကို စစ်အစိုးရရဲ့ စင်ကာပူအခြေစိုက် မြန်မာသံရုံးဆီပေးပို့ခဲ့ပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ TIME မဂ္ဂဇင်းရဲ့ အာရှဗျူရိုတာဝန်ရှိသူ ချာလီကမ့်ဘဲလ်နဲ့ တွေ့ပြီး ဖြေကြားဖို့ သဘောတူခဲ့ကာ တွေ့ဆုံမေးမြန်းခန်းကို မကြာသေးမီက လုပ်ဆောင်ခဲ့တယ်လို့ ယူဆရပါတယ်။
တွေ့ဆုံမေးမြန်းမှုကို နေပြည်တော်မှာ လုပ်ခဲ့ကြတာဖြစ်ပြီး တွေ့ဆုံမေးမြန်းမှုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖြေဆိုတဲ့ သဘောထား အချက်အလက်တွေကို အသုံးပြုပြီး မြန်မာအာဏာရှင်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခွင့်ကို အခြေပြုတဲ့ “Myanmar’s Dictator Wants to Rebuild Ties With the West” ဆိုတဲ့ သတင်းဆောင်းပါးကို စက်တင်ဘာ ၂၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
သတင်းဆောင်းပါး ဖော်ပြတဲ့နေ့မှာပဲ မင်းအောင်လှိုင် အစိုးရက TIME မဂ္ဂဇင်းနဲ့ သတင်းထောက် (အမှန်မှာ အယ်ဒီတာလို့ ဖော်ပြထားတဲ့တိုင် အာဏာသိမ်းစစ်တပ်က အဆင့်နှိမ့် ခေါ်ဝေါ်လိုတဲ့ သဘော) တို့ဟာ မီဒီယာကျင့်ဝတ်နဲ့ မလျော်ညီဘူးလို့ ဆိုပြီး ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ချက်ကို ဖော်ပြခဲ့ပါတယ်။
စစ်တပ်အနေနဲ့ အခုလို ပြည်ပသတင်းမီဒီယာကို အင်တာဗျူးလက်ခံဖြေဆိုပြီးနောက် သတင်းဖော်ပြခဲ့ပြီးနောက်မှာ သတင်းမီဒီယာကောင်စီကို တိုင်ကြားပြီး ဖြေရှင်းခိုင်းတာ အရင်က ရှိခဲ့ဖူးပြီး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ အဆာဟိရှင်ဘွန်း သတင်းစာရဲ့ ရန်ကုန်ရုံးတာဝန်ခံက အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူထားတဲ့ မင်းအောင်လှိုင်ကို တွေ့ဆုံမေးမြန်းခဲ့ကာ အင်တာဗျူးအဖြစ် မဖော်ပြမီ စစ်တပ်ဘက်ကို ပြန်လည်ပြသပြီး အတည်ပြုချက် ယူဖို့ သဘောတူညီထားတာကို ဖောက်ဖျက်တယ်ဆိုတဲ့ တိုင်ကြားစာကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ Asahi Shimbun သတင်းဌာန အနေနဲ့ ရန်ကုန်မှာ ရုံးခွဲဖွင့်လှစ်ထားရှိတာကြောင့် ပြည်တွင်းက သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့တာ ဖြစ်ပြီး သတင်းဌာနဘက်က ရုံးခွဲဖွင့်လှစ်မှုကို ထိခိုက်နိုင်တာကြောင့် အလျှော့ပေးပြီး လိုက်လျောဖြေရှင်းခဲ့တဲ့ သာဓက ရှိခဲ့တာပါ။
အခု TIME မဂ္ဂဇင်း အနေနဲ့တော့ ပြည်တွင်းမှာ အခြေစိုက်တဲ့ ရုံးလည်း မရှိသလို ၄င်းတို့ရဲ့ သတင်းသမားလည်း အခြေစိုက်ခြင်း မရှိတာကြောင့် အာဏာသိမ်းစစ်တပ်ဟာ ရှုတ်ချတဲ့ ထုတ်ပြန်ချက်ကို တခါတည်း ထုတ်ပြန်ခဲ့တယ်လို့ ယူဆရပါတယ်။ ထုတ်ပြန်ချက်နဲ့ အတူ အင်တာဗျူးစဥ်က ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်း အစအဆုံးကိုပါ ထုတ်ပြန်လိုက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဝါဒဖြန့် ပြောဆိုမှုတွေ အပြည့်အစုံကို အများသိအောင် ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။
TIME မဂ္ဂဇင်း ရဲ့ သတင်းဆောင်းပါး ခေါင်းစဥ်မှာ အာဏာရှင်လို့ ခေါ်ဝေါ်သုံးစွဲတာ၊ သတင်းဆောင်းပါးထဲမှာ အခြားသော သတင်းရင်းမြစ်တွေ အများအပြား ထည့်သွင်းကာ မင်းအောင်လှိုင်ကို အာဏာရှင်အဖြစ် ပုံဖော်တာ၊ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းချင်တဲ့ ဆန္ဒရှိနေတာတွေကို ဖော်ပြထားပြီး “မြန်မာ စစ်ခေါင်းဆောင်ကို မိမိကိုယ်ကို သမ္မတဟု ခေါ်ဆိုသည်” ဆိုတဲ့ စကားလုံးတွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စိတ်ဆိုးစေတယ်လို့ ယူဆရပါတယ်။
မြန်မာစစ်ခေါင်းဆောင်ဘက်က ထုတ်ပြန်လိုက်တဲ့ အင်တာဗျူး အပြည့်အစုံ ဗီဒီယိုကို နားထောင်ကြည့်တဲ့အခါ သတင်းထောက်ရဲ့ မေးခွန်းတွေကို တည့်တည့် ဖြေဆိုတာမျိုးထက် သူ ပြောချင်တဲ့ အကြောင်းပြချက်တွေ၊ အယူအဆတွေ ပြောနေကျ narratives တွေကိုသာ ရှည်ရှည်လျားလျား ပြောဆိုနေခဲ့တာ တွေ့ကြရပါတယ်။ သတင်းသမားဘက်က အင်တာဗျူး ကဏ္ဍဆိုတာမျိုး မဟုတ်လို့ ကြားဖြတ်မေးခွန်းနဲ့ ဆန့်ကျင်ဘက်မေးခွန်းလိုမျိုးတွေ မေးတာ မတွေ့ရဘဲ မင်းအောင်လှိုင် ပြောပြီး နောက် သူ့ဘက်က မေးဖို့ စီစဥ်ထားတဲ့ နောက်မေးခွန်းတွေကိုသာ ဆက်ပြီးမေးသွားတာ တွေ့ရပါတယ်။
အဆိုပါ အင်တာဗျူး အစီအစဥ်ပြီးဆုံးချိန်မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ပြန်ထောက်တဲ့ မေးခွန်းမျိုးနဲ့ မကြုံရသလို ဖြေရခက်ခဲတဲ့ ဆန့်ကျင်မေးမြန်းတဲ့ မေးခွန်းမျိုး များများစားစား မကြုံရလို့ ကျေနပ်ကောင်း ကျေနပ်နေလိမ့်မယ်လို့ မှန်းဆကြည့်ရပါတယ်။
သတင်းဆောင်းပါး ဖော်ပြလာချိန်မှာတော့ ၄င်းကို အာဏာရှင်အဖြစ်၊ နိုင်ငံတကာမှာ ဂုဏ်သတင်းမကောင်းသူအဖြစ် ပုံဖော်ထားတဲ့ ရေးသားချက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စိတ်ဆိုးစေခဲ့တာလို့ နားလည်ရပါတယ်။
မြန်မာသတင်းမီဒီယာတွေကတော့ စစ်တပ်ဘက်က ထုတ်ပြန်လိုက်တဲ့ အမေး အဖြေ ဗီဒီယိုကို ကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ပြောဆိုချက်တွေကို ထုတ်နုတ်ပြီး သတင်းအဖြစ် ရေးသားလာကြတာတွေ့ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေး၊ မပေး ဆိုတာ သူ့အပေါ်ပဲ မူတည်တယ်ဆိုတဲ့ ပြောဆိုပြီး ကျနော်တို့ဘက်က ပြန်စဥ်းစားဖို့ အကြောင်းအချက်တွေ ပေါ်ပေါက်လာရင် အခြေအနေ ပြောင်းလဲသွားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီပြောဆိုမှုဟာ ယခုလက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်အတိုင်းဆို လွတ်ငြိမ်းခွင့် မပေးနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး “ပြန်စဥ်းစားဖို့ အကြောင်းအချက်တွေ ပေါ်ပေါက်လာရင်“ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ NUG အစိုးရနဲ့ ပတ်သက်တဲ့ သဘောထား၊ PDF တပ်တွေနဲ့ ပတ်သက်တဲ့ သဘောထားတွေ ကို စစ်တပ်ဘက်က အကျိုးအမြတ်ရစေမဲ့ ပြောဆိုမှုတွေကို ဆိုလိုသလားလို့ ယူဆစရာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ကိစ္စအပြင် အနောက်နိုင်ငံတွေနဲ့ ပတ်သက်လို့ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့မှုတွေကို မျှတစွာ ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းလိုကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံက အမေရိကန် ဒီမိုကရေစီ၊ ဥရောပ ဒီမိုကရေစီမျိုး ကျင့်သုံးမှာ မဟုတ်ဘဲ မိမိတို့ ကိုယ်ပိုင်ယဥ်ကျေးမှု၊ ဓလေ့ထုံးထမ်းတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ စနစ်ရဖို့ ဆောင်ရွက်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အင်တာဗျူးကို ခြုံငုံသုံးသပ်ကြည့်ရင် TIME မဂ္ဂဇင်းက သတင်းအယ်ဒီတာ အနေနဲ့ နာရီဝက်ကြာ မေးမြန်းထားပြီး သတင်းဆောင်းပါးမှာ အနည်းအကျဥ်းသာ ယူသုံးကာ အာဏာရှင်ပုံရိပ်ကိုသာ ပုံဖော်ရေးသားထားတာကြောင့် စစ်အာဏာရှင် မင်းအောင်လှိုင်အဖို့ သူ မျှော်လင့်ထားတဲ့ အကြောင်းအရာတွေ ပါမလာတာကို ကြိတ်မနိုင်ခဲမရ ဖြစ်ရတဲ့ သဘောလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar