ရဲဘော်တေး - ယတြာထောင်း မင်းအလောင်းဖြစ်
ရဲဘော်တေး - ယတြာထောင်း မင်းအလောင်းဖြစ်
(မိုးမခ) ဇန်နဝါရီ ၂၅ ၊ ၂၀၂၄
မအလ ယတြာသစ်တခု စပြီဆို တပ်ထဲကကောင်တွေ လောင်ပြီ။
ခုလဲ ဥဩ ၁၄ ကောင် လွှတ်သတဲ့။ ဗုဒ္ဓေါ ဥဩဆိုတာ အထီးကျန်တေးသီသတ္တဝါ၊ တပ်တွေအကုန်ပြေးပြီပေါ့။ တပ်တွေ အကုန်အလံဖြူထောင်၊ တပ်တွေ အကုန်လက်နက်ချ၊ တပ်တွေအကုန် သူ့ဘက်ပြောင်းလှည့်တော့မယ့် လက္ခဏာ။
ဗေဒင်ဆရာကလဲ သူ့ဘက် ပါချင်မှ ပါတာလောက်တော့ သိမှပေါ့။ သူ့ဘက် ပါသော်လည်း ယတြာကတော့ ဘက်မလိုက် မူဝါဒ ကျင့်သုံးတယ် ဆိုတာလောက်တော့ သိလေကွယ်။ ဘယ့်နှယ် “တရားသောစစ် အောင်မြင်ပါစေ” ယတြာမျိုးကျတော့ ကန်းပြီပေါ့။ တော်လှန်သူတိုင်း အောင်ကြပြီလေ။ ဘယ်သူတိုက်တိုက် တိုက်သူနိုင်နေပြီလေ။ ဘယ်သူတရားလဲ လူတိုင်းသိနေမင့်ဟာ။ သူ့မိန်းမ ကြူခေါရဲ့ လူပြောသူပြော ဗေဒင်ဆရာတွေ ဂျောက်ချ၊ ယတြာတွေ မှောက်ပြတာ ခံနေရတာပြောပြီး ဟီးတိုက်နေကြတာ။
ဥဩလွှတ်တဲ့နေ့ကတည်းက ဥဩဆွဲတော့တာများ၊ ဟော ခု ငှက်တကောင် ခါးကျိုး ကိုယ်ကျိုးနည်းပြီလေ။ ၁၄ ကောင် လွှတ်ခိုင်းသတဲ့၊ ၁၄ စင်းဆို သူ ပြေးဖို့တောင် ကျန်ပါ့မလားလို့ ဟားနေကြရဲ့။ ကြည့်အုံး ထွက်ပြေးတွေ သယ်ဖို့သွားတဲ့ ခါးကျိုးလေယဉ်က ဒဏ်ရာရတွေတင်တဲ့ ကယ်ဆယ်ရေးယဉ်လဲ ထပ်အက်စီးဒင့်ဖြစ်။ ကဲ အိန္ဒိယပါ စိတ်ညစ်ရတာနော်။
ဝေခါဗျူဟာမှာ မိတဲ့စစ်သားတွေက “မင်းအောင်လှိုင် သရေကြိုး သရေကြိုး မင်းအောင်လှိုင်” လို့ အူလှိုက်သဲလှိုက် သံပြိုင်ဟစ်နေကြလေရဲ့။ ဟစ်ပြီပေါ့။ ဘဝမှာ မင်းအောင်လှိုင်ကို ငါကိုင်တုပ်ဖူးတဲ့ စစ်သားဖြစ်ဖို့က စစ်သားတိုင်းရဲ့ အိပ်မက်လေ။
ဝေခါမှာ သေရှာကြတဲ့ စစ်သားတွေ၊ မင်းပြားမှာ ဟင်းခါးဖြစ်သွားတဲ့ စစ်သားတွေ ဆိုတာ မြင်မကောင်း၊ ယင်တလောင်းလောင်း မဟုတ်လား။ သူ့သား အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန် သွားကြည့် တဟိဟိနဲ့ ကာတွန်းကားကြည့်၊ အပြာပွန်းကားငြိ။
ခုလဲ တပ်မှာ ထင်ကြေးပေးနေကြပြီ။ လောက်ကိုင်မှာ လူလေးထောင် အသက် အလကား အသေမခံနိုင်လို့ လက်နက်ချလိုက်သူတွေကို သေဒဏ် ဘာညာ အရေးယူတယ်ဆိုတော့ မသေမချင်း တိုက်နေဆိုတဲ့ သဘောဘဲလေ။ အဲဒီတော့ ဘယ်သူမှ ဘာအကြောင်းပြချက်ကောင်းကောင်းမှ မရှိဘဲ အဓိပ္ပာယ်မဲ့ လူလိုက်သတ်ဖို့ သေပေးဖို့ဆိုတာ ကြာကြာ မဖြစ်နိုင်တော့ဘူးလေ။ ဒီတခါ လက်နက်မချတော့ဘဲ အထိုင်မပျက် ဘက်ပြောင်းလိမ့်မယ်လို့ ပြောနေကြပြီ။ ကိုယ့်တပ် ကိုယ်ပြန်သိမ်းပြီး ဘက်ပြောင်းမယ်ဆို ရိက္ခာဘာညာ ဘာပူစရာလိုမလဲ။ ဖူးဖူးမှုတ်ထားကြမှာကြည့်။
ဟော ပြောရင်းဆိုရင်း ကရင်နီက တပ်တွေ ပြည်သူနဲ့ ရင်ချင်းအပ်ကြတော့မယ်။
မအလ ယတြာကောင်းချက်တော့ BGF တွေတောင် ထိုင်ရင်းနေရင်း ဟင့်အင်း ကုန်တယ်။ စောချစ်သူက ပလစ်တာလဲ ဖျစ်ဖျစ်မြည်တယ်နော်။ နေပူတော် ကြွပါ ဆိုပေမယ့် ဝေါနဲ့ပင့်တောင် မလာတော့ စိုးဝင်းခမျာ အပြေးကလေး သွားချော့ရှာလဲ မပျော့လာ။ ဒါထဲက NCAထိုးထားတဲ့ ပအိုဝ်းနီ PNLO က သူ့လက်နက် သွားဖမ်းလို့ စာချုပ်ကို ခြေနဲ့နင်း ဆီဆိုင်ကို ဗျင်းပါရောလား။ ရှမ်းတောင်ကို အကြမ်းဖက်ရင်လဲ ပအိုဝ်းဖြူ PNOက စောချစ်သူလမ်းကြောင်း နင်းသွားရင် ကိုယ့်သေတွင်းကိုယ်တူးသလိုက ဖြစ်တော့မယ်။
ခုဆို ရှမ်းတောင်မှာ နန်းတွေက လမ်းရှာပြေးကြ၊ စစ်မှုထမ်းဟောင်းတွေလဲ ပြောင်းရွှေ့ကြ၊ ဘုန်းကြီးကျောင်းတွေကလဲ စစ်ရှောင်လက်ခံဖို့ ပြင်ဆင်ကြ၊ ဘကကျောင်းတွေလဲ ပိတ်ကြနဲ့ လှုပ်လှုပ်ရွရွ ပရွက်အုံ တုတ်နဲ့ထိုးသလိုဆိုဘဲ။
အင်း... ယတြာကောင်းရင် မင်းလောင်း ဖြစ်ဆိုပေမယ့် ယတြာထောင်းရင်လဲ မင်းအလောင်းဖြစ်နိုင်သကိုး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar