Breaking News

ကြားကာလ အုပ်ချုပ်ရေးလား၊ ကိုယ်ပိုင် အုပ်ချုပ်ရေးလား၊ စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ နယ်တွေ မြို့တွေရဲ့ အုပ်ချုပ်ရေး


မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၄ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၂၄


ကြားကာလ အုပ်ချုပ်ရေးလား၊ ကိုယ်ပိုင် အုပ်ချုပ်ရေးလား၊ စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ နယ်တွေ မြို့တွေရဲ့ အုပ်ချုပ်ရေး

စစ်ကောင်စီရဲ့ အုပ်ချုပ်မှုနဲ့ နယ်မြေစိုးမိုးထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ပြီးသိမ်းယူထားတဲ့ ဒေသတွေမှာ အုပ်ချုပ်ရေး ဘယ်လိုလုပ်ဆောင်ကြမလဲ၊ ဘယ်အဖွဲ့တွေက အုပ်ချုပ်ကြမလဲ၊ လက်နက်ကိုင် အဖွဲ့တွေက အုပ်ချုပ်ရေးတွေကို စီမံခန့်ခွဲကြမှာလား၊ သီးခြား အုပ်ချုပ်ရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ လေ့ကျင့်မွေးထုတ်ကြမှာလား ဆိုတဲ့ မေးခွန်းတွေက ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၂ လကျော်အကြာ မြို့ပေါင်း ၂၀ ကျော်မှာ စစ်ကောင်စီ အုပ်ချုပ်မှုကို ဖယ်ရှားပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ 

အုပ်ချုပ်ရေးဟာ စစ်ရေးရဲ့ လက်အောက်ခံဖြစ်တယ်လို့ ယေဘုယျ အားဖြင့်ဆိုနိုင်ပေမယ့် အုပ်ချုပ်ရေးကို ကောင်မွန်စွာ အကောင်အထည်ဖော်နိုင်ဖို့၊ တဒေသနဲ့ တဒေသအကြား ကူးလူးဆက်ဆံရေး၊ သွားလာရေး၊ ကုန်စည်ဖလှယ်ရေးလို စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေ၊ တနယ်နဲ့ တနယ် ဝင်ထွက်သွားလာခွင့်၊ ကူးလူးသွားလာပြီး အလုပ်အကိုင် လုပ်ကိုင်ခွင့်၊  အခွန်အကောက် ကောက်ခံမှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ သယံဇာတ၊ ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချမှုတွေ အပေါ် အခွန်အကောက် စတာတွေက ဒေသလုံခြုံရေး ရှုထောင့်က ကြည့်ရှုပြီး ဆုံးဖြတ်ရတာ ရှိနိုင်သလို၊ လွတ်လပ်တဲ့ ရောင်းဝယ်ဖောက်ကားမှုနဲ့ အနိမ့်ဆုံးသော အခွန်အကောက် ကောက်ခံမှုတွေကနေ ဒေသတွင်းနေထိုင် လုပ်ကိုင်စားသောက်ကြတဲ့ လူထုရဲ့ စားဝတ်နေရေး နဲ့ ဖွံ့ဖြိုးရေးတွက် ရည်မှန်းချက်ထားပြီး လုပ်ဆောင်ကြရမယ့် ကိစ္စရပ်တွေလည်း ဖြစ်နေပါတယ်။ 

လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ စစ်ရေး လှုပ်ရှားမှုတွေအတွက် လူအင်အားနဲ့ ငွေကြေး လိုအပ်ချက်တွေ ရှိနေကြတဲ့ အနေအထားမှာ အဲဒီလိုအပ်ချက်ကို ဘယ်လိုဖြည့်ဆည်းကြမလဲ၊ ဘယ်နည်းလမ်းနဲ့ ဖြည့်ဆည်းကြမလဲ၊ ဒီဝန်ကို လူထုတွေထံက ဘယ်လောက်သောရာနှုန်းနဲ့ ကောက်ယူ ထမ်းဆောင်စေမလဲ ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ ဘယ်နိုင်ငံကမှ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီးသော်လည်းကောင်း အကူအညီပေးခြင်းမရှိတာကြောင့် လက်နက်ကိုင်အဖွဲ့တွေအ နေနဲ့ မိမိတို့ ထိန်းချုပ်နယ်မြေထဲမှာ သယံဇာတ ထွက်ရှိရင်သော်လည်းကောင်း၊ သို့မဟုတ် မိမိနယ်မြေထဲ ဖြတ်သန်းသယ်ယူတဲ့ ကုန်သွယ်မှုမှ သော်လည်းကောင်း၊ မိမိစိုးမိုးထားတဲ့ နယ်မြေအတွင်း နေထိုင်နေကြတဲ့ အိမ်ထောင်မိသားစုတွေ အပေါ် အခွန်အကောက် ကောက်ခံပြီး ရပ်တည်ကြရတာ ဖြစ်ပါတယ်။ 

အုပ်ချုပ်တဲ့ အစိုးရတွေက ကောက်ယူတဲ့အခါ အခွန်အကောက်လို့ခေါ်ဆိုပြီး စစ်ရေးအဖွဲ့အစည်းတွေက တိုက်ရိုက်ကောက်ယူတဲ့အခါ “ဆက်ကြေး”(ပဒေသရာဇ်ခေတ်က ဆက်သရတဲ့ ငွေကြေး ဆိုတဲ့အခေါ်အဝေါ်လို့ ယူဆရ) လို့ခေါ်ဆိုကြတဲ့ အခွန်ငွေနဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး ဝန်ထမ်းတွေ၊ လှုပ်ရှားမှုတွေကို လည်ပတ်ကြရတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့နောက်ပိုင်း ရက်ပေါင်း ၉၀ နီးပါးကြာလာတဲ့အခါမှာ လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့လောက်က မြို့ပေါင်း ၂၀ ကျော် သိမ်းယူခဲ့ပြီး ၁၈ မြို့ကို လက်နက်ကိုင် ၅ ဖွဲ့က အုပ်ချုပ်ပြီး လက်နက်ကိုင် တိုက်ပွဲမှာမပါဝင်ခဲ့တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့က ကိုးကန့်လက်နက်ကိုင် အဖွဲ့ထံမှ လွှဲပြောင်းရရှိတဲ့ မြို့ ၂ မြို့ကို အုပ်ချုပ်တာဖြစ်ပါတယ်။ ဝ ပြည် အစိုးရ အနေနဲ့ လွှဲပြောင်းလက်ခံရရှိတဲ့ ၄င်းရဲ့ အုပ်ချုပ်ရေးထဲ မြန်မြန်ဆန်ဆန် ထည့်သွင်းအုပ်ချုပ်ခဲ့တာ ဖြစ်ပြီး ကျန် လက်နက်ကိုင် ၅ ဖွဲ့အနေနဲ့တော့ အရပ်ဖက် အုပ်ချုပ်ရေး အသွင်မဟုတ်သေးတဲ့ ပုံစံ၊ အရပ်ဖက် အုပ်ချုပ်ရေးနဲ့ စစ်ဖက်အုပ်ချုပ်ရေး ရောနှောနေတဲ့ ပုံသဏ္ဍာန်၊ စစ်ဘက်အုပ်ချုပ်ရေး သက်သက်နဲ့ စသဖြင့် အုပ်ချုပ်နေကြတာ ဖြစ်ပါတယ်။ 

အချို့သော သိမ်းယူရရှိတဲ့ နယ်မြေတွေက နဂိုကတည်းက လက်နက်ကိုင်အဖွဲ့တွေရဲ့ အရိပ်လွှမ်းမိုးခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်ရေး နောက်ကွယ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က အသိအမှတ်ပြု ကျေးရွာသူကြီးတွေ ရှိနေခဲ့တာဖြစ်ပေမယ့် မြို့တွေမှာတော့ အထက်က ပြောသလို ရှဲဒိုးအုပ်ချုပ်ရေး ကိုယ်စားလှယ်တွေ မရှိခဲ့တဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ 

စစ်ကောင်စီ အုပ်ချုပ်ရေးကို လုံးဝဖျက်ဆီးပြီး ဖယ်ရှားလိုက်ချိန်မှာ အစားထိုးရမယ့် ကျေးရွာအုပ်ချုပ်ရေး၊ မြို့အုပ်ချုပ်ရေးတွေ အလျင်အမြန် လိုအပ်လာနေတာ ဖြစ်ပါတယ်။ ဒေသလုံခြုံရေးနဲ့ အခွန်အကောက် ရရှိရေးက ဦးစားပေး အရေးကြီးသလိုပဲ တည်ငြိမ်ရေး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ရေး ၊ ဒေသတခုနဲ့ တခု ကူးလူးဆက်ဆံရေးနဲ့ သက်ဆိုင်တဲ့ မူဝါဒနဲ့ လမ်းညွှန်ချက်တွေ ရှိကြဖို့လည်း လိုအပ်လာတာ ဖြစ်ပါတယ်။ အခွန်အကောက် ကောက်ခံရေးမှာ ဘယ်လိုမူဝါဒနဲ့ ကောက်ခံမလဲ၊ လက်ရှိ ကျင့်သုံးနေတဲ့ နေအိမ်၊ ပိုင်ဆိုင်မှု၊ စီးပွားရေးလုပ်ငန်းတွေအပေါ် မူတည်ပြီး တနှစ်တာအတွက် ပေးရမယ့် အခွန်ပမာဏကို လက်နက်ကိုင် အဖွဲ့အစည်းက သတ်မှတ်ပြီး ပေးဆောင်စေတာမျိုး ဆက်လက်ကျင့်သုံးမှာလား၊ နှစ်ထပ် အခွန်ကောက်တာမျိုးတွေ မဖြစ်စေဖို့ မတူညီတဲ့ လက်နက်ကိုင် အဖွဲ့တွေအချင်းချင်း အကြား၊ လူမျိုးစုမတူတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့  ကောက်ခံမှုအပေါ် ဒေသခံတွေရဲ့ အမြင် စသဖြင့် ထည့်သွင်းစဥ်းစားရမယ့် အချက်အလက်တွေနဲ့ ဆွေးနွေးညှိနှိုင်းရမယ့် အနေအထားတွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ ပွတ်တိုက်မှုတွေ ရှိနေတာဖြစ်ပါတယ်။ အခွန်အကောက် ကိစ္စအပြင် အခွန်အကောက်လိုပဲ အရေးကြီးတဲ့ စစ်သားသစ် စုဆောင်းရေး ကိစ္စရပ်ဟာလည်း လူမျိုးစု လက်နက်ကိုင် အဖွဲ့က အုပ်ချုပ်တဲ့ နယ်မြေတွေမှာ အရေးကြီးတဲ့ အကြောင်းအရာ တရပ်ဖြစ်နေတာ အခုလို မြို့သိမ်း နယ်သိမ်းတဲ့ အနေအထားမတိုင်ခင်ကတည်းက ရှိနှင့်ပြီး ပြဿနာတရပ်ဖြစ်ပါတယ်။ လူမျိုးစုတူ လက်နက်ကိုင် အဖွဲ့က စစ်သား စုဆောင်းရာမှာတောင် အရွယ်မရောက်သေးတဲ့ လူငယ်တွေကို စုဆောင်းတာလို လူ့အခွင့်အရေး ဆိုင်ရာရှုထောင့်ကနေကြည့်ရင် လက်မခံနိုင်တဲ့ ကိစ္စတွေရှိနေသလို မတူတဲ့ လူမျိုးစုလက်နက်ကိုင် အဖွဲ့ရဲ့ စုဆောင်းတာ ခံရတဲ့အခါ ပိုပြီးပြဿနာရှိနိုင်တာ ဖြစ်ပါတယ်။ 

ဒီအကြောင်းအရာတွေက သတင်းမီဒီယာတွေက မီးမောင်းထိုး ဖော်ပြလေ့မရှိပေမယ့် မြေပြင်မှာ လက်တွေ့ဘဝတွေထဲမှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေ ဖြစ်နေတာကြောင့် ဒီလိုအုပ်ချုပ်ရေး ဆိုင်ရာ မူဝါဒဆိုင်ရာတွေနဲ့ ပတ်သက်လို့ လက်နက်ကိုင် အဖွဲ့တွေအကြား ဆွေးနွေးညှိနှိုင်းမှု သဘောတူညီမှုတွေ ရရှိဖို့ အရေးကြီးတာ အမှန်ပဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့စွဲနဲ့ ရွှေဖီမြေ သတင်းဌာနက ဖေါ်ပြထားတဲ့ သတင်းတပုဒ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ နဲ့ လက်နက်ကိုင်အဖွဲ့ SSPP/SSA က နမ့်ခမ်းမြို့က အုပ်ချုပ်ရေးမှူးတွေကို တပ်သားသစ် စုဆောင်းပေးဖို့ ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့စွဲပါစာနဲ့ ဆက်သွယ် နှိုးဆော်ထားတဲ့အကြောင်း ဖေါ်ပြထားတာ ဖြစ်ပါတယ်။ နမ့်ခမ်းမြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က သိမ်းယူပြီး လက်ရှိအုပ်ချုပ်နေတာ ဖြစ်ပေမယ့် ရှမ်းလူမျိုးတွေ အများအပြားနေထိုင်ကြတဲ့ မြို့လည်းဖြစ်သလို နကိုက အတိုင်းအတာတခုထိ လွှမ်းမိုးမှုရှိထားတဲ့ SSPP/SSA အနေနဲ့ လူသစ်စုဆောင်းပေးဖို့ အခုလို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်လာတာကို TNLA အဖွဲ့က ဇန်နဝါရီလ ၂၁ ရက်နေ့နေ့စွဲနဲ့ SSPP/SSA အဖွဲ့ထံပေးပို့တဲ့ စာမှာတော့ SSPP/SSA အနေနဲ့ နမ့်ခမ်းမြို့ထဲမှာ လူသစ်စုဆောင်းတာ၊ အခွန်အကောက် ကောက်ခံတာ မလုပ်ဆောင်ဖို့ အသိပေးကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ 

၁၀၂၇ ဒီပွတ်တိုက်မှုက စစ်ဆင်ရေးနောက်ပိုင်း တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအကြား ပထမဆုံး လူသိရှင်ကြား ပေါ်ထွက်လာတဲ့ ဖြစ်ရပ်ဖြစ်ပြီး ဒီဖြစ်ရပ်ကနေ နောက်ထပ် အလားတူ အဖြစ်အပျက်မျိုးတွေ ပေါ်ထွက်မလာအောင် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ နည်းလမ်းရှာကြဖို့ စစ်ရေးလက်ဦးမှု၊ စစ်ရေးအရ အင်အားကြီးမှုတွေအပြင် နိုင်ငံရေးအရ ရည်မှန်းချက်တူညီမှု၊ ရပ်ရွာလူထု အကျိုးစီးပွားကို ပထမဦးစားပေး စဥ်းစားမှုတွေနဲ့ လက်နက်ကိုင် အဖွဲ့အချင်းအချင်းအကြား ပြေလည်မှုထက်ပိုပြီး လူထုအကျိုးကိုပါရှေးရှုတဲ့ အုပ်ချုပ်ရေး စနစ်မျိုး၊ ကျင့်သုံးမှုမျိုးကို ဦးတည်ဖို့ လိုအပ်နေတာ အမှန်ပဲဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar