Breaking News

လေခဏီ - မအလကို ခုံရုံးတင် စီရင်မယ့်သူ

လေခဏီ - မအလကို ခုံရုံးတင် စီရင်မယ့်သူ

(မိုးမခ) ဇန်နဝါရီ ၅ ၊ ၂၀၂၄


ဒီရက်ပိုင်း “ဝ”ပါလို့ ဖတ်ကောင်းတဲ့စကားလုံးလေးတွေ ရှိတယ်။

ခမောင်းဝ၊ ချင်းလက်ဝ၊ မီးဝ၊ ပလက်ဝ။ နောက်က ဗျူဟာကုန်းလေး ပါရင် ဖတ်ရတာ ပိုအရသာရှိ။ သိမ်းဆည်းရမိ ဆိုတဲ့ စာကြောင်းလေးပါ ဆိုတော့ မြိန်ရည်ရှက်ရည် အပြည့်ပေါ့။ ရရှိသောလက်နက်ခဲယမ်းများစာရင်း ဆိုပြီး အပုံလိုက် အထွေးလိုက် အတန်းလိုက် တမျှော်တခေါ်ပုံတွေပါတွေ့လိုက်လို့ကတော့ ဘာပြောကောင်းမလဲ၊ ဟင်းဟင်း ဟင်းဟင်းနဲ့ ပါးစပ်က နားရွက်တက်ချိတ်တော့တာပဲ။ စကားဝိုင်းလည်း ကြွကြွကျွကျွ၊ လူတွေလဲ ယွယွရွရွပေါ့။

အင်း... ရှေ့က ဘာစာလုံးမှမပါဘဲ “ဝ” တလုံးထဲ သက်သက် တက်လာလို့ကတော့ ဝ တလုံးနဲ့ ပါးစပ်အပြည့်ဟပြီး အတော်ဖတ်ကောင်းမယ့်ဖြစ်ခြင်း။ လာမှာပေါ့လေ။ စီနီယာအတိုင်းဆို “၉” ပြီး “၀” ပေါ့။ ၉ သတင်းတွေကလည်း မိုးလင်းတာနဲ့ မနက်စာ ရှယ်ကျွေးသလိုကိုး။ မအလရဲ့ သံချပ်ကားကား တင့်ကားတွေအပြင် ယယ်မင်းသားလေးရဲ့ လဘော်သရေကားတွေတောင် တက်စော့ကစား တဟားဟားနဲ့ချည်းပဲလေ။ လူစစ်စစ်တွေကို မြေပြင်မှာ ညှစ်သတ် ညှဉ်းပန်းနှိပ်စက်ပြီး အွန်လိုင်းက လိမ်လည်ရသမျှ ငွေကြေးတွေနဲ့ ရီးအပွေးထအောင် ကမြင်းနေတဲ့ကောင်တွေ ကိုယ့်နန်းကို ပစ်ပြေးကြတဲ့ သတင်းတွေလောက် အရသာရှိတာ ဘာရှိမလဲ။

တရုတ်က ပယ်အုပ်စု ဖမ်းဝရမ်း ထုတ်တော့ စကစက အရင် ဝ”တို့ “မြီ”တို့ ထုတ်တုန်းကလို လိုက်မထုတ်ဖူးလေ။ အဲဒီကတည်းက ပယ်အုပ်စုကို မအပ်မှန်း ငါတို့တောင် သိတယ်။ တရုတ်ဆို ပြောမနေနဲ့တော့။ မအလက ရှီကို မြီမြီမြီသွားလုပ်ပြီး ကြောင်ကလေးကို ငါးရုပ် ကိုင်ပြနေတာ။ ဟိုက အချီကြီးသိပ်မှာ။ သူကလည်း မအပ်ရဲဘူးလေ။ အပ်လိုက်တာနဲ့ ကြိုးကွင်းက သူ့လည်ပင်း ပတ်လာတော့မှာကိုး။ ခုတော့ ကျားဖြန့် ဆိုတာ ကျားဖင်လို့ ချီးနန့်ရမှ နှိပ်မိမှန်း သိသွားတော့တာကိုး။ ပြေးလို့လည်း မရ၊ ဒူးတုပ် လက်အုပ်ချီလည်း မလွတ်၊ ICJ မရောက်ဘဲ တရုတ်သေဒဏ်နဲ့ လမ်းဘေးတင် ကျည်ဆန် အကျွေးခံရပြီး ဇာတ်သိမ်းရကိန်းဆိုက်လာပြီလေ။ ကုလားတွေ လူမျိုးတုံးသတ်တာ ပတ်ပြေးလို့ရသေးပေမယ့် တရုတ် ဆယ်ဂဏန်း သတ်မိတာတော့ လွန်တာရှိ ဝန္ဒာမိလုပ်လို့မရဘူးလေ။ ကုလားက ပရောဂျက်စာရွက်နည်းမို့ ရှောင်ရတာ။  တရုတ်က သဘောထက်လက်ဝါးနည်းဆိုတော့ တေဘီပေါ့။ ကမ္ဘာ့အင်အားအကြီးဆုံးစာရင်းဝင်ကိုမှ ဖင်သွားနှိုက်မိတာလေ။ သူ့လူမျိုး သတ်ရုံမက သူ့ဘဏ္ဍာသိုက်ပါ သွားနှိုက်တာကတော့ မျောက်ရိုးခံရတဲ့ ကျားနေရာသာ ဝင်ကြည့်ပေတော့ပဲ။

အဲဒီတော့ ကျားဖြန့်ကိစ္စတွေဟာ မီးဆုံး ရေဆုံး လိုက်တော့မှာ သေချာတယ်။ “ဝ”နယ်တွေမှာ ကျားဖြန့် ရှိနေသေးလား၊ လာထားပဲ။ မိုင်းလားမှား ကျားဖြန့်ရှိနေသေးလား၊ အာဘွားဘဲ။ တာချီလိပ်လဲ မှေးမှိတ် ကွေးအိပ်နေလို့ မရ။ ရွှေကုက္ကိုလ် ကျားဖြန့်မြို့ကြီး မကြာခင် စို့အောက်ရမှာဘဲ။ “၀”ရော၊ “က”ရော၊ “ဗ”ရော သာကောနဲ့ ပေါင်းလုပ်ကြဖို့ပဲ။ ခု မအလက ရွှေကုက္ကိုကိစ္စ ထိုင်းနဲ့ပေါင်း သူတော်ကောင်းယောင်ဆောင်ပြီး နှစ်ကျပ်ကွက် နင်းမလို့ ကြံနေတယ်။ နယ်လုံ၊ ပြည်ထဲရေးနဲ့ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေ ရှိနေသ၍ ကျားဖြန့် ရှိနေမှာပဲ။ ကျားဖြန့်ရှိနေသ၍ တရုတ်က လိုက်ချေမှုန်းမှာပဲ။ ချုပ်ရရင် စစ်တပ်ရှိလို့ ကျားဖြန့်ရှိတာ။ စစ်တပ် မရှိမှ ကျားဖြန့်မရှိမှာ။ အဲဒါကြောင့် ညီနောင်သုံးဖော်က ၁၀၂၇ တော်လှန်ရေးရဲ့ ရည်မှန်းချက်က စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေးနဲ့ ကျားဖြန့်တိုက်ဖျက်ရေးလို့ အဲဒီနှစ်ခုကို တပေါင်းတည်းထား ပြောခဲ့တာ။

အင်း.. မအလကို ခုံရုံးတင်မယ့်သူဟာ တရုတ်ကြီးကလွဲ ဘယ်သူမှ မဖြစ်နိုင်ဘူး။ ကိုယ်တွေတောင် တရုတ်ကြီးနဲ့ ပြိုင်လုရမယ့်သဘော။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar