စစ်ကောင်စီရဲ့ ထုံးစံအတိုင်း လုပ်ဆောင်တဲ့ လွတ်ငြိမ်းခွင့်၊ လောက်ကိုင် ဒကစ လက်နက်ချ
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၄ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၂၄
စစ်ကောင်စီရဲ့ ထုံးစံအတိုင်း လုပ်ဆောင်တဲ့ လွတ်ငြိမ်းခွင့်၊ လောက်ကိုင် ဒကစ လက်နက်ချ
စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူ၊ သာမန် အရပ်သား၊ နိုင်ငံရေးအရ ဆန့်ကျင်တဲ့ နိုင်ငံရေးသမား၊ လက်နက်ကိုင် တိုက်ခိုက်ကြတဲ့ မြို့ပေါ်က ပြောက်ကျားနဲ့ ကျေးလက်တွေက PDF တွေကို ထောက်ပံ့ကူညီသူတွေကို စောင့်ကြည့်ကာ မဲမဲမြင်သမျှ နှောင့်နှေးခြင်းမရှိဘဲ ဖမ်းဆီးတာတွေကြောင့် စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေးနဲ့ဆက်နွယ် ဖမ်းဆီးခံရသူ ၃ နှစ်နီးပါးအတွင်း သောင်းဂဏန်းချီရှိလာခဲ့တာ ဖြစ်ပါတယ်။ စစ်အာ ဏာသိမ်းပြီးနောက် ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ပုဒ်မ ၅၀၅-က၊ ၁၂၄ (က)၊ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတွေကို အသုံးချပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်သူတွေကို မတန်တဆ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာကြောင့် အကျဥ်းထောင်တွေမှာ နိုင်ငံရေးအကျဥ်းသား တွေနဲ့ပြည့်ကြပ်လာတဲ့ အနေ အထားဖြစ်လာခဲ့တာပါ။ အခုလိုကာလအတွင်းမှာ ရာဇဝတ်မှုတွေလည်း မြင့်တက်လာသလို ရာဇဝတ်မှုကျူးလွန်သူတွေကို အခုလို လွတ်လပ်ရေးနေ့၊ သင်္ကြန်နှစ်ဆန်းတရက်နေ့၊ သီတင်း ကျွတ်လပြည့် အစရှိတဲ့ နေ့ရက်တွေကိုအကြောင်းပြုပြီး စစ်ကောင်စီက လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာလေ့ရှိတာ ထုံးစံတခုလို ဖြစ်လာပါတယ်။ တကြိမ် လွတ်ငြိမ်းခွင့် ကြေညာတဲ့အခါ အကျဥ်းသား ထောင်ဂဏန်းနဲ့ ပါဝင်ပေမယ့် အများစုက ရာဇဝတ်မှုတွေဖြစ်တဲ့ ခိုးဆိုး လုယက်မှု၊ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်မှု နဲ့ စစ်ပြေး အစရှိတဲ့ ပြစ်မှုမျိုးနဲ့ ကျခံနေရသူတွေကို အကျဥ်းထောင်ထဲက လူအရေအတွက် လျော့ကျအောင် အနေနဲ့ လွှတ်ပေးတာမျိုးလို့ နားလည်ကြပြီး နိုင်ငံရေး အကျဥ်းသားတွေက ပြယုဂ်သဘောမျိုးသာ ထည့်သွင်းလွှတ်ပေးကြတဲ့အနေအထားမျိုး ဖြစ်ပါတယ်။
အခုနှစ် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးရာမှာလည်း အကျဥ်းသား အရေအတွက်အားဖြင့် ၉၆၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးတယ်လို့ ကြေညာပေမယ့် နိုင်ငံရေးနဲ့ ဆက်နွှယ်သူအရေအတွက်က အနည်းအကျဥ်းသာ ပါရှိတဲ့သဘောလို့ ဇန်နဝါရီ ၄ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။ မန္တလေးမြို့မှာ အန်အယ်လ်ဒီအစိုးရလက်ထက်က မြို့တော်ဝန် အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာရဲလွင် နဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်တဦး လွတ်မြောက်လာတယ်လို့ သတင်းတွေထဲ ပါရှိပါတယ်။ သတင်းသမားတွေအထဲကတော့ ၂၀၂၁ ခုနှစ် ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်း ဆန္ဒပြမှုမှာ စစ်ကားနဲ့ တိုက်ပြီးဖမ်းဆီးခံရတဲ့ သူတွေအထဲက သတင်းဓာတ်ပုံသမား တဦး လွတ်မြောက်တဲ့အထဲ ပါဝင်လာတာ သတင်းတွေထဲ တွေ့ရပါတယ်။ အခြားသော ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ချခံထားရပြီး အကျဥ်းထောင်ထဲ ကာလတခုထိ ရှိနေသူတွေ ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ စစ်ရေးနည်းလမ်းနဲ့ ဆန့်ကျင်သူတွေတင် မဟုတ်ပဲ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လူသိရှင်ကြား ဖေါ်ထုတ်သူတိုင်းကို ပုဒ်မ ၅၀၅-က လို ယေဘုယျ ဖွင့်ဆိုချက်တွေနဲ့ ဖွင့်ဆိုထားတဲ့ ပုဒ်မ၊ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရားရုံးတွေကို အသုံးပြုပြီး ပြစ်ဒဏ်ချမှတ်ကာ အခုလိုကာလမှာ အဲဒီဖမ်းဆီးထားသူတွေထဲက ပမာဏ အနည်းငယ်ကို လွှတ်ပေးဖို့ ပြင်ဆင်ထားတဲ့ သဘောမျိုးလို့သာ ကောက်ချက်ချရမယ့် သဘောဖြစ်ပါတယ်။
မျှတမှုမရှိတဲ့ ဥပဒေ၊ လွတ်လပ်မှုမရှိတဲ့ တရားစီရင်ရေးစနစ်အောက်က နိုင်ငံရေးအရ တလွဲအသုံးချခံနေရတဲ့ တရားရုံးနဲ့ အကျဥ်းထောင်တွေမှာ စစ်ကောင်စီနဲ့ သဘောထား ကွဲလွဲရုံမျှနဲ့ ဖမ်းဆီး ထိန်းသိမ်းခံနေရသူ ထောင်သောင်းချီရှိနေပြီး ဓားစာခံသဖွယ် အသုံးချခံနေရတဲ့ သဘောလို့သာ မှတ်ချက်ပြုရမှာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်ထပ် အကြောင်းအရာ တခုကတော့ MNDAA က ဝိုင်းရံပိတ်ဆို့ထားတဲ့ လောက်ကိုင်မြို့အနီးက ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) က ဇန်နဝါရီ ၄ ရက်နေ့ မှာ ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ပဲ လက်နက်ချလိုက်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ ဒကစ ဌာနချုပ်ထဲ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်သွားတဲ့ ဗီဒီယိုက အွန်လိုင်းပေါ် ပျံ့နှံ့နေပြီး သတင်းဌာနတချို့က ဒကစ လက်နက်ချလိုက်တဲ့ သတင်းကို ဖော်ပြထားကြပြီး ကိုးကန့်တပ်ဖွဲ့နဲ့ စစ်ကောင်စီအကြား အခု ဒကစ ဌာနချုပ်ကိစ္စကို ဆွေးနွေးပြီး ပေါ်ထွက်လာတဲ့ သဘောမျိုးလည်း ရေးသားမှုတွေ ရှိနေတာဖြစ်ပေမယ့် အတည်မပြုနိုင်တဲ့ သတင်းအချက်အလက်တွေ ဖြစ်ပါတယ်။ ရှမ်းမြောက် တရုတ်နိုင်ငံနယ်စပ်အနီး တခုထည်းထီးထီးကျန်ရှိနေတဲ့ ဒကစ ဌာနချုပ် အနေနဲ့ ခံတိုက်ခဲ့ရင်လည်း အသက်သေရုံကလွဲလို့ အောင်မြင်နိုင်တဲ့အလားအလာမရှိသလောက်မို့လို့ လက်နက်ချတဲ့နည်းလမ်းကို ရွေးခဲ့ပုံရပါတယ်။ တပ်မိသားစုဝင်တွေကိုတော့ လားရှိုးကိုပြန်ပို့မယ်လို့ သတင်းတချို့မှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ ဒကစ ဌာနချုပ်မှူးဖြစ်သူ ဗိုလ်မှူးချုပ်ကို မကြာသေးခင်ကတင် စစ်ကောင်စီက သူရဲကောင်းဘွဲ့ ချီးမြှင့်ထားပေမယ့် အခုလက်တွေ့ရင် ဆိုင်တိုက်ခိုက်ကြမယ့်အနေအထားမှာ လက်နက်ချသွားခဲ့တာ ဖြစ်ပါတယ်။
ရှမ်းမြောက် သံလွင်မြစ် အရှေ့ဘက်မှာ စစ်ကောင်စီ အနေနဲ့ ထိန်းချုပ်ထားတဲ့ မြို့မရှိသလောက် ဖြစ်ပြီး ချင်းရွှေဟော်ကနေ တရုတ်နယ်စပ်တလျှောက် မူဆယ် အနီးထိ၊ နောက်တဖန် နမ့်ခမ်းဘက်ထိ မြောက်ပိုင်း ညီနောင် လက်နက်ကိုင် ၃ ဖွဲ့က ထိန်းချုပ်ထားပြီဖြစ်ပါတယ်။ နယ်စပ်ကုန် သွယ်ရေးစခန်းတွေဖြစ်တဲ့ ချင်းရွှေဟော်ကို ကိုးကန့်အဖွဲ့က သိမ်းယူထားပြီး မူဆယ်ကိုတော့ သိမ်းယူနိုင်ခြင်းမရှိသေးသော်လည်း၊ ရှမ်းမြောက်မှာ ကျန်တဲ့ တရုတ်နယ်စပ် မြို့အားလုံးနီးပါးကို သိမ်းယူထားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေ့တနေ့တည်းမှာပဲ နောင်ချိုမြို့နယ် သံဘိုကျေးရွာအနီးက စစ်ကောင်စီစခန်းတခုကိုလည်း မန္တလေး PDF နဲ့ TNLA တို့ပူးပေါင်းပြီး တိုက်ခိုက်သိမ်းယူခဲ့ကာ၊ ဒုဗိုလ်မှူးကြီး အဆင့်ရှိတဲ့ စစ် ကြောင်းမှူးကို အရှင်ဖမ်းမိခဲ့တဲ့အကြောင်း PDF အဖွဲ့ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီ ဒုဗိုလ်မှူးကြီး ဖြစ်သူဟာ တိုက်ခိုက်ရေးထက် သင်ကြားရေးဘက် အတွေ့အကြုံရှိသူဖြစ်ပြီး အခုလို ဖမ်းခံလိုက်ရတဲ့အနေအထားက စစ်ကောင်စီတပ်တွေ အနေနဲ့ ခုခံတိုက်ခိုက်လိုစိတ် ကျဆင်းနေတာကို ထပ်မံသက်သေခံလိုက်တဲ့ အဖြစ်အပျက် တခုသဖွယ်ဖြစ်ပါတယ်။ အခုလို အနေအထားမှာ NUG ကာကွယ်ရေး ဝန်ကြီးဌာနက စစ်ကောင်စီတပ်မှူး တပ်သားများသို့ အသိ ပေးချက်ဆိုတဲ့ ထုတ်ပြန်ချက်ကို ဇန်နဝါရီ ၄ ရက်နေ့နေ့စွဲ နဲ့ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီကို ဆက်လက်သစ္စာမခံဘဲ ဘက်ပြောင်းကြဖို့ နှိုးဆော်လိုက်တဲ့ ထုတ်ပြန်ချက်ဖြစ်ပြီး စစ်ကောင်စီဘက်က နောက်ထပ်ဘယ်လောက် ကူးပြောင်းလာကြမလဲဆိုတာတော့ စောင့်ကြည့်ရဦးမယ့် အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar