Breaking News

နေသွင်နိုင်း - အိပ်ဖန်စောင့်တရား


နေသွင်နိုင်း - အိပ်ဖန်စောင့်တရား

(မိုးမခ) ဇန်နဝါရီ ၅ ၊ ၂၀၂၄


လွတ်လပ်ရေးနေ့မှာ

ပုဆိုးခြုံထဲက လက်သီးတွေ

မင်းတို့ စောင်ပိုတွေကို နေထုတ်လှန်းဖို့ပါ

ငါ့အတွက် ပထမဆုံးအလုပ်က 

အံကပ်တခု ဝယ်ဖို့ပါ။


စာမလာ သတင်းမကြား

ငါ့ရဲဘော်တယောက် ရောက်လာပုံ။


ချစ်သူတွေရဲ့ အမည်နာမတွေ

လျှို့ဝှက်စကား‌တွေ အစာအိမ်ထဲ မျိုချသလို

ငါ့ဆင်းကတ်လို မျိုချပစ်ခဲ့တယ်

မင်း မစိုးရိမ်ဖို့ပါ။


ဆေးလိပ်တလိပ်ရဖို့ ဖင်ခံတဲ့ကောင်တွေလို 

ငါ မ‌ပျော့ညံ့

အကြောက်တရား မဟောရာ 

တောတွင်းလိပ်စာပေးစမ်းကွာ။


ကမ္ဘာကြီး ဘာတွေ ဖြစ်နေလဲ မပြောနဲ့

ငါတို့တွေ ဘာဖြစ်နေပြီလဲ ပြော

မင်းတို့မြို့ကြီးက စွပ်ပြုတ်အိုးထဲက ဖားတွေ

တငွေ့ငွေ့မီးမှာ 

လွတ်လာတဲ့ နို့ကြီးတွေထက်

မလွတ်သေးတဲ့ အစာအိမ်တွေက 

ပိုအရေးကြီးတယ်ကွာ။


တဟားဟား ရယ်မောလိုက်တဲ့အသံ

ဒဏ်ရာဗရပွ အရိုးပေါ် အရေတင် လက်ဖျံဆီက ပဲ့ထွက်

ငါ့အသားအရေက အလင်းငတ်နေတဲ့ သစ်ရွက်

ငါ့ခေါင်းထဲက သန်းတွေဟာ ငါ့သစ္စာတရား

ဦးဆွေးဆံမြည့်လမ်းမှာ

ဒီနွေကို ငါ ထမ်းခဲ့ပါတယ်။


ငါ့ခြေထောက်က 

တရွတ်ဆွဲနေတာ အသာထား

ငါတို့ တိုင်းပြည်ကြီး 

တရွတ်ဆွဲနေတုန်းလား။


အစာသွတ်ထားတဲ့ ဇန်နဝါရီ မျက်နှာဖုံးမှာ 

ပျော်စရာ အစစ်မရှိဘူး

သေမင်းရဲ့ ခံတွင်းဝမှာ 

ငါ့နာမည်ငါ ရေးထွင်းလို့

မျက်စိတဖက် မရှိသူကလည်း 

ရန်သူကို မြင်နိုင်တယ်

ဖောက်ထုတ်ခံရတဲ့ မျက်လုံးထဲမှာ

ငါ့နိုင်ငံတော်ကြီးရဲ့ သွေးမျှင်ကြောတွေ ပါသွားတယ် ငါ့ကောင်။


သံသရာမှာ ဒီခန္ဓာ ငါ ငှားမယ်

ဒီဘဝ ဒီနိုင်ငံ ငါ မငှားလိုတော့

‌ရှင် ရဲခဲ့ပြီဖို့ သေရဲဖို့သာ ရှိတော့တာပဲ ဟိတ်ရောင်။


လူလည်လုပ်နည်း မပြောကြေး

ရဲနဲ့ စစ်သား ပေါင်းစားနည်း မပြောကြေး

သေနတ်လုပ်နည်း ငါ့ကိုပြော

စာနာမှုအကြောင်း ငါ့ကို ပြော

နိဗ္ဗာန်ရောက်ကြောင်း ငါ့ကိုဟော။


ရဲအသား ချို၏

စစ်သားအသား ချို၏

မိစ္စာခွေးတွေအပေါ်  သနားညှာတာမှု ပစ်ထည့်ဖို့ 

မသင်ကြားလေနဲ့ ရဲဘော်။


ဘာဟူးဘာလီ

စွန်းဝူခုံး

ပါဝါရိန်းဂျားအနီကောင်

သူက ရော်ဘင်ဟုဒ်

သူက  သားစဥ်‌မြေးဆက် 

လူလတ်တန်းစား အိမ်တန်းလျား အိမ်ငှား

သူက ဂုဏ်သရေရှိထောင်ထွက် တဖက်လပ်

မြို့ရဲ့အရိပ်‌တစ္ဆေဟာ သူပေါ့။


တောတွင်းလိပ်စာတစ်ခုတောင်း

မသေထမင်း မသေဟင်း တနပ်စား

(၇၆) နှစ်စာ မလွတ်လပ်တဲ့အကြောင်း ပြောလို့

ထောင်ထွက်တွေအတွက် 

အကောင်းဆုံးလက်ဆောင်ဟာ အံကပ်တခုပဲ။


ထောင်ကထွက်ပြီး ညအလယ်

ငါ့ကောင်ကြီး ခြေရာပျောက်သွား

သူ ပိုင်တဲ့လက်သီးတွေ ကျစ်ကျစ်ဆုပ်

အံကပ်ကြီးကို ကြိတ်လို့။


ငါ သေရင် ကဗျာရေးလို့ ကောင်းတာပေါ့တဲ့

လမ်းမသိလို့ မေးသူလို လာပြီး

လမ်းသိတဲ့ ခရီးသားတယောက်လို 

ညကြီးမင်းကြီး ထွက်သွား။


ငါ့မှာ 

သေနတ်လည်း မပစ်ရဲ

အသက်လည်း မထွက်ရဲ

ကဗျာကို သေနတ်မောင်းခလုတ်လို 

ဆွဲညှစ်နေမိတယ်။ ။


*စောင်ပို=စောက်ပို။

နေသွင်နိုင်း

5/1/2024


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar