ခိုင်မျိုး - ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၄
ဓားဟာငါတို့ဇက်တွေပေါ်မိုးပြီး
ခေတ်များနဲ့သွေးသံရဲရဲပြကွက်များကိုအမှောင်လမ်းအတိုင်း
သယ်ဆောင်ဖြတ်သန်းနေတယ်
ဘယ်သူဆွဲတဲ့ပန်းချီမှာမှ
ဝေဆာနေတဲ့ပန်းဥယျာဥ်အကြောင်း
မပါလောက်သလို
ဘယ်သူရေးတဲ့ကဗျာမှာမှာမှလည်း
လိပ်ပြာတွေဝဲနေတဲ့အကြောင်းပါမယ်မထင်ဘူး
နာမကျန်းဖြစ်နေတဲ့
တောင်နဲ့သစ်ပင်တွေဟာအိပ်ရာထဲမှာ
လဲနေပြီ
သားစားဝံပုလွေအုပ်ကတော့
သွေးစွန်းအစွယ်တွေမြင်ရလောက်အောင်သူတို့ပါးစပ်တွေကိုဖြဲပြီး
သူတို့ရထားတဲ့အစာကို
စားနေကြဆဲပဲ
ငါဟာ
ငါ့မိတ်ဆွေတွေဆီ
မီးမှောင်နေတဲ့ဝပ်ကျင်းကလေးထဲကနေ
သည်စာကိုပို့လိုက်ပါတယ်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar