Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၀

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၀

(မိုးမခ) ဇန်နဝါရီ ၃၀ ၊ ၂၀၂၄


ကျို့ - ချူ စစ်ပွဲ နဲ့ နောက်ဆက်တွဲ ရလဒ် 

ကျို့အင်ပါယာ နဲ့ ချူ နိုင်ငံငယ်အကြား စစ်ပွဲဖြစ်ပွားဖို့ နောက်ခံအကြောင်းအရင်းတွေ၊ လတ်တလော အကြောင်းအရင်းတွေ ပြည့်စုံသွားတဲ့နောက် ဘီစီ ၉၆၁ ဝန်းကျင်မှာ စစ်ပွဲစတင်ဖြစ်ပွားပါတယ်။ ကျို့နန်းတော်ရဲ့ စတုတ္ထမြောက်ဧကရာဇ် ကျောက် နန်းသ်က ၁၆ နှစ် အရောက်မှာပါ။ စစ်ကို တဘက်ဘက်က စတိုက်တာမျိုး မဟုတ်ဘဲ နှစ်ဖက်စလုံးက စစ်ပြင်ပြီး စတိုက်ကြတဲ့ သဘောလို့ မှတ်ယူရပါတယ်။ 

ကျို့ နဲ့ ချူ အကြားမှာ ဆက်ဆံရေးတွေ အေးဆက်မာကျောလာတာနဲ့အမျှ ကျို့ ဧကရာဇ်က တောင်ပိုင်းက ရန်သူတွေ ကျို့ကို ချီတက်မလာနိုင်ဖို့အတွက် ဟန်မြစ်ကို ပိတ်ဆို့ထားဖို့ သူ့ရဲ့ စစ်ရေးအရာရှိ ပေါ်မော်ဖု (Bo Maofu) ကို အမိန့်ပေးခဲ့ပါတယ်။ ယန်စီမြစ်အလယ်ပိုင်းကနေ မြောက်ဘက်တည့်တည့်ကို ကြည်းကြောင်းနဲ့ စစ်ချီလာရင် ကျို့ရဲ့ အရှေ့ဘက်အခြမ်းကို ရောက်ရှိနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ယန်စီမြစ်ထဲ ဝင်နေတဲ့ မြစ်လက်တက်ဖြစ်တဲ့ ဟန်မြစ်ကို ဆန်တက်လာခဲ့ရင် ကျို့ရဲ့ အနောက်ဘက်ခြမ်း မင်းနေပြည်ရှိရာကို တိုက်ရိုက်ရောက်ရှိနိုင်တာမို့ပါ။

တချိန်တည်းမှာ ကျို့ပြည်ရဲ့ တောင်ဘက်ပိုင်းမှာရှိနေတဲ့ (ယန်စီမြစ်ရဲ့ မြောက်ဘက်ခြမ်းက) ကျန်း (Zen)၊ အာ့ (E)၊ ဖန်(Feng)၊ တန်(Dan) စတဲ့ လက်အောက်ခံနိုင်ငံအချို့ရဲ့ စစ်အင်အားကို စစ်ဆေးစေပြီး၊ စစ်ပွဲမှာ ကျို့ဘက်က ပါဝင်စေဖို့ ပြင်ဆင်စေပါတယ်။ 

မြောက်ဘက်က ချီတက်လာတဲ့ ကျို့တပ်တွေဟာ ယန်စီမြစ်အလယ်ပိုင်းဒေသကို ရောက်တဲ့အခါ ကျန်းပြည်ထဲမှာ စစ်စခန်းချပါတယ်။ အဲဒီနောက် အသင့်စောင့်နေတဲ့ လက်အောက်ခံနိုင်ငံတွေက တပ်တွေနဲ့ ပေါင်းလိုက်ကြပါတယ်။ စစ်အင်အား စုစည်းပြီးတဲ့နောက် ယန်စီမြစ် မြောက်ဘက်ခြမ်းက ကျန်နေတဲ့ တိုင်းငယ်ပြည်ငယ်တွေကို သိမ်းယူပစ်လိုက်ပါတယ်။ 

အဲဒီလို တိုင်းငယ်ပြည်ငယ်တွေကို သိမ်းယူရင်း ချူ နဲ့အတူ ရပ်တည်တဲ့ နယ်မြေ ၂၆ ခုအထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီလို နယ်မြေသိမ်းပိုက်ခြင်းနဲ့အတူ အဲဒီနယ်မြေတွေက အဖိုးတန်ရတနာတွေ၊ ပိုင်ဆိုင်မှုတွေကိုလည်း ကျို့တပ်တွေက စိတ်ကြိုက်သိမ်းယူကြပါတယ်။ နောက်ဆုံးမှာ ကျင်း (Jing) တောင်တန်းတွေနားက ချူရဲ့ မြို့တော်နား ရောက်ရှိလာပြီး မြို့တော်ကို ပိတ်ဆို့ပြီး ချေမှုန်းဖို့ လုပ်ဆောင်ပါတော့တယ်။ 

ဒါပေမဲ့ မှတ်တမ်းတွေက ချူရဲ့ မြို့တော်ကို ဖျက်ဆီးပြီး သိမ်းပိုက်တာမျိုးကို မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ချူ မြို့တော်ကို မဖျက်ဆီးဖို့ ကျိုု့ကိုယ်တိုင်က ဆုံးဖြတ်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ်၊ ကျို့တပ်ဟာ ယန်စီမြစ်ရဲ့ မြောက်ဘက်၊ ဟန်မြစ်ရဲ့ အရှေ့ဘက် အပိုင်းကို ကောင်းကောင်း ထိန်းချုပ်သွားနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံရေး၊ စစ်ရေး အခြေဆိုက်ပြီး တောင်ပိုင်းတခွင်ကို ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ 

အဲဒီစစ်ဆင်ရေးအတွင်းမှာ ကျို့ က ချူရဲ့ မြို့တော်ကို မသိမ်းပိုက်လိုက်နိုင်တာဟာ ချူအတွက် အခွင့်အလမ်းတရပ် ဖြစ်လာခဲ့ပါတယ်။ မြို့တွင်းနဲ့ မြို့ပြင် စစ်ဆိုင်ထားချိန်မှာ ချူဟာ သူ့ရဲ့ အင်အားတွေကို ပြန်လည်တည်ဆောက်တာ၊ စုစည်းတာတွေ လုပ်နိုင်ခဲ့ပါတယ်။ 

ကျို့တပ်တွေဟာ နောက်ထပ်နှစ်နှစ်အကြာ ဘီစီ ၉၅၉ ဝန်းကျင်မှာ တောင်ပိုင်းက ရှိအန်း (Xian)၊ ဟူဖန်း (Hufang) စတဲ့ နိုင်ငံငယ်တွေကို ထပ်မံရရှိခဲ့ပါတယ်။ အဲဒီ ပထမအကြိမ် စစ်ပွဲတွေမှာ ကျို့ တပ်တွေဟာ ကြိုတင်ပြင်ဆင်မှုတွေ သေသေချာချာ လုပ်ကိုင်ခဲ့သလို၊ မဟာမိတ်တွေလည်း အများအပြား ကြိုတင်ရှာဖွေထားခဲ့တာကြောင့် စစ်ကို သေသေချာချာ နိုင်ခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

ဘီစီ ၉၅၇ မှာ ဒုတိယအကြိမ် အကြီးစားစစ်ဆင်ရေးကို ကျို့တပ်က ဆောင်ရွက်ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျို့ဧကရာဇ် ကျောက် ဟာ သူ့အင်ပါယာထဲက စစ်သည်တွေအားလုံးရဲ့ ထက်ဝက်လောက်ကို အသုံးပြုပြီးတော့ ချူ ကို တိုက်ခိုက်ဖို့ ကြိုးစားပါတယ်။ “အနောက်ဘက်က တပ်မခြောက်ခု (Six Armies of the West)” အဖြစ် ဖွဲ့စည်းပြီး တိုက်တာပါ။ ဒါဟာ ကျို့ဧကရာဇ်အနေနဲ့ တောင်ပိုင်းတခွင်လုံးကို သူ့ရဲ့လက်အောက် လုံးဝသွတ်သွင်းဖို့ ဘယ်လောက် အာသိသ ပြင်းထန်နေသလဲ ဆိုတာကို ဖော်ပြတာပါပဲ။ 

ဒါပေမဲ့ ဧကရာဇ်ကျောက်၊ ချိုက်နယ်စား (Cai) နဲ့ ဝန်ကြီး ရှင်းယွိမီ (Xin Yumi) တို့ ဦးဆောင်တဲ့ ကျို့တပ်မတော်ကြီးဟာ ချူ နိုင်ငံငယ်ကို နိုင်အောင်မတိုက်နိုင်ခဲ့ပါဘူး။ မျက်မှောက်ခေတ် သမိုင်းဆရာတွေရဲ့ သုံးသပ်ချက်အရ အင်အားအင်မတန်ကြီးမားတဲ့ ကျို့တပ်တွေက ချူ လို နိုင်ငံငယ်လေးကို နိုင်အောင် မတိုက်နိုင်ရတဲ့ အကြောင်းပြချက် အများအပြားကို ရှာဖွေဖော်ထုတ်ထားပါတယ်။ 

ပထမအချက်ကတော့ ကျို့တပ်တွေဟာ မြောက်ပိုင်းသားတွေ ဖြစ်တာမို့ တောင်ပိုင်းရဲ့ ရေမြေ၊ ရာသီဥတု၊ ပထဝီဝင်တွေကို ကောင်းကောင်း နားမလည်တာ၊ လိုက်လျောညီထွေ မဖြစ်တာတွေကြောင့်လို့ ဆိုပါတယ်။ 

ဒုတိယအချက်ကတော့ ယန်စီမြစ်ဝှမ်းက ချူ နယ်မြေအားလုံးကို သိမ်းပိုက်နိုင်ဖို့ ကျို့တပ်တွေဟာ ယန်စီမြစ်ရဲ့ မြစ်လက်တက် ဟန်မြစ်ကို ကျော်ဖြတ်လာရာမှာ အခက်အခဲကြုံရလို့ ဖြစ်ပါတယ်။

ကျို့တပ်တွေဟာ ဟန်မြစ်ကို ဖြတ်ဖို့ တံတားထိုးခဲ့ပေမယ့် တံတားကျိုးကျပြီး တပ်တွေ ဆုံးရှုံးကုန်တယ်လို့လည်း တချို့သမိုင်းတွေက ရေးပါတယ်။ ဧကရာဇ်ကျောက် နဲ့ ချိုက်နယ်စားတို့ ရေစီးတဲ့ မျောပါကုန်တယ်လို့ ဆိုပါတယ်။ ရှင်းယွိမီက မြစ်တစ်ဖက်ကမ်းကို အောင်အောင်မြင်မြင် ရောက်သွားပေမယ့် ရေစီးထဲမျောသွားတဲ့ ဧကရာဇ်နဲ့ ချိုက်နယ်စားကို လိုက်ကယ်ခဲ့ရပါသေးတယ်။ သေချာတာကတော့ အဲဒီ တံတားကျိုးကျမှုကြောင့် ကျို့တပ်ရဲ့ အရေးကြီးတဲ့ ခေါင်းဆောင်တွေနဲ့ စစ်သည်တော်အများအပြားကို ဆုံးရှုံးလိုက်ရတာပါပဲ။ ဒါ့အပြင် စစ်မြေပြင်ဆီ ကျို့တပ်တွေ ထပ်ရောက်လာဖို့ လမ်းကြောင်းကို ဖြတ်တောက်ပြီးသား ဖြစ်သွားပါတယ်။ 

အဲဒီအခါမှ ချူ တပ်တွေက ထွက်လာပြီး ကျို့တပ်တွေကို အသေအကြေ ချေမှုန်းတော့တာပါ။ အဓိကကျတဲ့ တိုက်ပွဲကြီးတွေမှာ ကျို့တပ်တွေ ရှုံးနိမ့်ကုန်ပါတယ်။ အဆုံးသတ်မှာတော့ ကျို့ - ချူ စစ်ပွဲဟာ ကျို့ရဲ့ အရှုံးနဲ့ ပြီးဆုံးခဲ့ရပါတယ်။ 

ဒီအရှုံးဟာ အနောက်ဘက်ကျို့ခေတ် အတွက် အင်မတန် ထိခိုက်စေခဲ့ပါတယ်။ ကျို့တပ်ရဲ့ တပ်အင်အား ထက်ဝက်လောက်နဲ့ တိုက်ခဲ့တဲ့ စစ်ပွဲကြီးမှာ ရှုံးနိမ့်ခဲ့ရတာပါ။ လျော့နည်းသွားတဲ့ စစ်အင်အားကို ပြန်လည်စုစည်းပြီး အင်အား ပြန်လည်တည်ဆောက်ရတော့မှာမို့ အနောက်ဘက်ကျို့ခေတ်ရဲ့ နယ်မြေချဲ့ထွင်မှုတွေကို လုံးဝ ရပ်တန့်လိုက်ရပြီ ဖြစ်ပါတယ်။ ယန်စီမြစ်အလယ်ပိုင်းကို နောက်ထပ် နယ်မြေချဲ့ထွင်မှု လုံးဝမလုပ်နိုင်တော့ပါဘူး။ စစ်ရှုံးသူဖြစ်တဲ့ ဧကရာဇ်ကျောက်အတွက် ကံကောင်းပြီး ဂုဏ်ယူစရာလေး ကျန်ခဲ့တာကတော့ ယန်စီမြစ် တောင်ဘက်ခြမ်း၊ ဟန်မြစ် အရှေ့ဘက်ခြမ်းကို သူ ထိန်းချုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနယ်မြေတွေကို နောက်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သဘောမျိုး အလျော့ပေးလာရပါတယ်။ 

တစ်ဖက်မှာတော့ ချူ က အင်အားပိုမိုကြီးထွားလာပါတယ်။ သူက ပတ်ဝန်းကျင်နိုင်ငံငယ်တွေနဲ့ မဟာမိတ်ပြုလုပ်ပြီး စုစည်းနေထိုင်တဲ့ ကွန်ဖက်ဒေရေးရှင်း ပုံစံ တည်ဆောက်လာပါတယ်။ ဧကရာဇ်ကျောက် သေဆုံးပြီးနောက် ဆက်ခံတဲ့ သားဖြစ်သူ ဧကရာဇ် မူ (穆Mu) (ကျို့ခေတ်ရဲ့ ငါးယောက်မြောက် ဧကရာဇ်) က ကွန်ဖက်ဒရေးရှင်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ အနေနဲ့ တောင်ပိုင်းကို စစ်ဆင်ရေး ဝင်ကြည့်ပါသေးတယ်။ မအောင်မြင်ခဲ့ပါဘူး။ 

ချူ ကို ထိန်းချုပ်နိုင်ဖို့အတွက် ကျို့ရဲ့လက်အောက်ခံ အာ့ ကို ချူ ရဲ့ မြောက်ပိုင်းကို ရွှေ့ပါတယ်။ အင်အားလည်း ကြီးထွားလာအောင် ပံ့ပိုးပေးပါတယ်။ ကျို့ခေတ်ရဲ့ ဆယ်ယောက်မြောက် ဧကရာဇ် လီ (厲 Li) ရဲ့ လက်ထက်အထိ အာ့ ဟာ တောင်ပိုင်းမှာ အင်အားအကြီးဆုံး နိုင်ငံငယ် အဖြစ် ရှိနေခဲ့ပြီး ကျို့ပြည်ထောင်ကို ကာကွယ်ပေးခဲ့ပါတယ်။ 

ဒါပေမဲ့ အာ့ က ဘီစီ ၈၅၀ မှာ ကျို့ကို ပြန်ပုန်ကန်ပါတယ်။ ကျို့က ပုန်ကန်မှုကို နှိမ်နှင်းပြီး အာ့ ကို ဖျက်စီးပစ်လိုက်ပါတယ်။ အာ့ ပြည် ပျက်စီးသွားတဲ့နောက် အာ့ က ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ချူ ကပဲ သိမ်းယူနိုင်ခဲ့ပါတယ်။ 

ဘီစီ ၈၂၃ မှာ ချူ က ကျို့ရဲ့ ဩဇာလုံးဝမခံတဲ့ ဒေသဖြစ်လာပါပြီ။ ဘီစီ ၇၀၃ မှာတော့ ချူ ဘုရင်က ချူနိုင်ငံဟာ ကျို့နဲ့ အဆင့်တူ နိုင်ငံဖြစ်တယ်၊ သူကိုယ်တိုင်ကလည်း ကျို့ဧကရာဇ်နဲ့ အဆင့်တူ ဧကရာဇ်တစ်ပါးဖြစ်တယ်လို့ ကြေညာခဲ့ပါတော့တယ်။ 

ကျို့ - ချူ စစ်ပွဲနဲ့ နောက်ခံသမိုင်း၊ စစ်ဖြစ်စေတဲ့ လတ်တလော အခြေအနေနဲ့၊ စစ်ပွဲအကြောင်း၊ စစ်ပွဲရဲ့ နောက်ဆက်တွဲ ဂယက်တွေအကြောင်းကို ခြုံငုံလေ့လာနိုင်ကြစေဖို့ အတတ်နိုင်ဆုံး စုဆောင်းရှာဖွေပြီး အကျဉ်းချုပ် တင်ပြခဲ့တာ ဖြစ်ပါတယ်။ 

စာဖတ်သူများအတွက် တစုံတရာ အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 

~~~~~~~~~~~~~~~~~~~~~

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁ 👉https://www.moemaka.com/2024/01/blog-post_872.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂ 👉https://www.moemaka.com/2024/01/blog-post_8245.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၃ 👉https://www.moemaka.com/2024/01/blog-post_308.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၄ 👉https://www.moemaka.com/2024/01/blog-post_799.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၅ 👉https://www.moemaka.com/2024/01/blog-post_399.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၆ 👉https://www.moemaka.com/2024/01/blog-post_234.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၇ 👉https://www.moemaka.com/2024/01/blog-post_1968.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၈ 👉https://www.moemaka.com/2024/01/blog-post_153.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၉ 👉https://www.moemaka.com/2024/01/blog-post_665.html




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar