Breaking News

ကရင်ပြည်နယ်မှာ ရဟတ်ယာဥ် တစင်းပစ်ချခံရပြီး တပ်မမှူး အပါအဝင်စစ်အရာရှိတွေ သေဆုံး၊ စစ်ကောင်စီက အာဆီယံကို ကိုယ်စားလှယ်စေလွှတ်

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၉ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၄


ကရင်ပြည်နယ်မှာ ရဟတ်ယာဥ် တစင်းပစ်ချခံရပြီး တပ်မမှူး အပါအဝင်စစ်အရာရှိတွေ သေဆုံး၊ စစ်ကောင်စီက အာဆီယံကို ကိုယ်စားလှယ်စေလွှတ်

ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှာ ကရင်ပြည်နယ် သင်္ဃန်းညီနောင် ကျေးရွာအနီးက စစ်ကောင်စီ ရဲ့ တပ်ရင်းစခန်းတခုဆီကို လာပို့တဲ့ စစ်တပ်သုံး ရဟတ်ယာဥ် တစင်းကို Cobra စစ်ကြောင်းက ပစ်ချခဲ့ရာမှာ မြေပြင်ရောက်ခါနီး ပျက်ကျပြီး ရဟတ်ယာဥ် မောင်းနှင်လာသူ လေတပ်က စစ်အရာရှိတွေနဲ့ ဗိုလ်မှူချုပ်အဆင့် တပ်မ ၄၄ ရဲ့ တပ်မမှူး ဖြစ်သူနဲ့ အခြား ၄ ဦး သေဆုံးတာနဲ့ ပြင်းထန်စွာဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ကေအန်ယူရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းတွေမှာ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။

မကြာသေးခင်ကာလတွေ အထိ စစ်ကောင်စီတပ်တွေ အနေနဲ့ ဗိုလ်မှူးချုပ် ရာထူးအဆင့်ရှိတဲ့ သူတွေထိခိုက်သေဆုံးမှု မရှိသလောက် နည်းပါးခဲ့ပေမယ့် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာတော့ ဗိုလ်မှူးချုပ်ရာထူးအဆင့်ရှိသူတွေ ထိခိုက်သေဆုံးတာ၊ ရန်သူရဲ့ ဖမ်းဆီးမှုခံရတာ၊ လက်နက်ချတာတွေ ခပ်စိပ်စိပ် တွေ့လာရတာဖြစ်ပါတယ်။ ရှမ်းမြောက်မှာ TNLA လက်နက်ကိုင် အဖွဲ့က တဦးကို ဖမ်းဆီးရမိခဲ့သလို အခြားသော ၆ ဦးက လောက်ကိုင် ဒကစ ဌာနချုပ်ဝိုင်းပိတ်ခံရတဲ့အခြေအနေမှာ လက်နက်ချခဲ့ပြီး အခုကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ ရဟတ်ယာဥ်နဲ့ တပ်ရင်းစခန်းကို လာရောက်စဥ် လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဥ် ထိမှန်ရာမှ ပျက်ကျသေဆုံးခဲ့တာ ဖြစ်ပါတယ်။ ယခင်အနေအထားမှာတော့ ဗိုလ်မှူးချုပ် ဆိုတဲ့ရာထူးအဆင့်ရှိသူတွေအနေနဲ့ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အနေအထားမျိုးမဟုတ်ပေမယ့် အခုလပိုင်းတွေမှာ စခန်းတွေ ကျဆုံးသိမ်းပိုက်ခံရပြီး ဖမ်းဆီးခံရနိုင်ခြေ၊ စစ်ရေးအရ တနေရာနဲ့တနေရာ အကူးအပြောင်းမှာ ထိခိုက်သေဆုံးနိုင်ခြေတွေ ရှိနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ထဲမှာ ဗိုလ်မှူးချုပ် အဆင့်ရှိသူ ရာဂဏန်းနဲ့ ချီရှိတယ်လို့ မှန်းဆရပြီး ယခင်ကတော့ ဒီအဆင့်ရာထူးမျိုးရောက်ရှိပြီးနောက် အသက်အန္တရာယ် ကျရောက်ဖို့ အခွင့်အလမ်းမရှိသလောက် ဖြစ်ပေမယ့် စစ်ကောင်စီတပ်တွေ တဖြည်းဖြည်း မလုံခြုံတော့တဲ့ အနေအထားမှာ ဗိုလ်မှူးချုပ် အဆင့်ရှိသူတွေလည်း အသက်ဆုံးရှုံးနိုင်တာ အဖမ်းခံရနိုင်တာတွေကို လတ်တလောဖြစ်ရပ်တွေက လှစ်ဟပြလိုက်တာ ဖြစ်ပါတယ်။ 

ကေအန်ယူဟာ စစ်ကောင်စီတပ်တွေကို ဖိဖိစီးစီး တိုက်ခိုက်နေတယ်လို့ မဆိုနိုင်ပေမယ့် တပ်မဟာ နယ်မြေအလိုက် သော်လည်းကောင်း ကေအန်ယူ လက်အောက်က ကေအန်ယူနဲ့ PDF လို့ ဆိုတဲ့ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် လမ်းကြောင်းကို ရွေးချယ်သွားကြသူတွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားတဲ့ စစ်ကြောင်းတွေက ဟိုတကွက် သည်တကွက် တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။ ကော့ကရိတ်၊ ချောင်းနှစ်ခွ စတဲ့နေရာတွေက လတ်တလော ကေအန်ယူအဖွဲ့ လှုပ်ရှားရာနယ်မြေတွေထဲက လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေ ဖြစ်ပါတယ်။ 

အခု ဖြစ်ရပ်မှာ တပ်မမှူးအဆင့် အသက်ဆုံးရှုံးတာ အပြင် ရဟတ်ယာဥ်ကို ပစ်ချနိုင်တဲ့အနေအထားကလည်း စစ်ကောင်စီအဖို့ ထိခိုက်မှု အများကြီးရှိတဲ့ အနေအထားလို့ဆိုနိုင်ပါတယ်။ နယ်မြေတွေကို မစိုးမိုးထားနိုင်တာကြောင့် တပ်တွေရွှေ့ပြောင်းတာ၊ တပ်မှူးတွေ ရွှေ့ပြောင်းတာတွေအတွက် မလုံခြုံတော့တဲ့ အနေအထားဖြစ်ပြီး လေကြောင်းနဲ့ တိုက်ခိုက်တာ၊ လေကြောင်းနဲ့ ရိက္ခာလက်နက်ပို့ဆောင်တာတွေ လုပ်နိင်လို့ အသာစီးရထားတယ်လို့ ယူဆချက်ကလည်း အပြည့်အဝ မှန်ကန်ခြင်းမရှိပဲ နေပြည်တော် စစ်ရုံးနဲ့ တိုင်းစစ်ဌာနချုပ်မှာ ထိုင်တဲ့ ဗိုလ်ချုပ်တွေကလွဲလို့ ကျန်တဲ့ တပ်မှူးတွေ ဘယ်သူမဆို အန္တရာယ် ရှိနေဆဲဆိုတာကို ပြသလိုက်သလို ဖြစ်စေပါတယ်။ 

ဒီနေ့အဖို့ နောက်အကြောင်းအရာ တခုကတော့ လာအိုနိုင်ငံ လွမ်ပရာဘန်မြို့မှာ ကျင်းပတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို စစ်ကောင်စီက နိုင်ငံခြားရေးဌာနက အမြဲတမ်းအတွင်းဝန်ကို တက်ရောက်ဖို့ စေလွှတ်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလ စစ်ကောင်စီခေါင်းဆောင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာကျင်းပတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို တက်ရောက်ပြီးနောက်ပိုင်း အာဆီယံဘက်က နိုင်ငံရေးအရ ခန့်အပ်ထားတဲ့ သူတွေကို မဖိတ်ကြားဖို့ ကန့်သတ်ချက် ချမှတ်ခဲ့သလို မြန်မာစစ်ကောင်စီကလည်း နိုင်ငံရေးအရခန့်ထားသူ တက်ရောက်ခွင့်မရှိတာကို အကြောင်းပြုပြီး နိုင်ငံခြားရေးဌာနက အရာရှိတဦးတယောက်ကိုမျှ အာဆီယံ အစည်းအဝေးကို စေလွှတ်ခြင်း မပြုပဲထားခဲ့တာ ဖြစ်ပါတယ်။ အာဆီယံ အဖွဲ့အနေနဲ့ မဟုတ်ပဲ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူနဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ သီးခြားတွေ့ဆုံတာမျိုးတွေသာ ရှိခဲ့ရာက အခုတကြိမ် လာအိုနိုင်ငံက အလှည့်ကျ တာဝန်ယူချိန်မှာ စစ်ကောင်စီက ကိုယ်စားလှယ် တဦးတက်ရောက်ဖို့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ လာအိုနိုင်ငံက အာဆီယံ အလှည့်ကျ တာဝန်ယူချိန် တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေး အဖြေရှာရာမှာ ယခင်ကာလထက် ပိုပြီး သြဇာရှိလာချိန်မှာ အာဆီယံ အစည်းအဝေးကို စစ်ကောင်စီ ကိုယ်စားလှယ် စေလွှတ်ခြင်းက မြန်မာ့အရေး အဖြေရှာရာမှာ တရုတ်နိုင်ငံရဲ့ လမ်းပြမြေပုံလို အဆိုပြုချက်တွေကို မြန်မာစစ်ကောင်စီက လိုက်နာတာမျိုး ဖြစ်နေသလားဆိုတဲ့ မှန်းဆစရာတွေလည်း ရှိလာနေတာ ဖြစ်ပါတယ်။ ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပေါ် သြဇာရှိတဲ့ နိုင်ငံ၊ မြန်မာစစ်ကောင်စီကို လည်း နယ်စပ်ကုန်သွယ်ရေး၊ ရေနံသဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းနဲ့ ကုလသမဂ္ဂလိုမျိုးမှာ ရပ်တည်ပေးဖို့ဆိုတဲ့ အကြောင်းအချက်တွေနဲ့ စစ်ကောင်စီအနေနဲ့ တရုတ်နိုင်ငံကို လုံးလုံး ပစ်ပယ်ထားလို့ မရတဲ့ အနေအထားရှိပြီး မြန်မာလက်ရှိအကြပ်အတည်းက ထွက်ပေါက်ရရေးမှာ တရုတ်က အဆိုပြုတဲ့ လမ်းကြောင်းကို လက်ခံထားပြီလား ဆိုတဲ့ ခန့်မှန်းစရာ လမ်းကြောင်းအချို့ စဥ်းစားမှုအချို့လည်း ရှိနေတာဖြစ်ပါတယ်။ ခုရက်ပိုင်း တရုတ်နိုင်ငံက ရိုဟင်ဂျာ အရေးနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ရခိုင်ပြည်နယ်က လက်နက်ကိုင် တိုက်ပွဲတွေနဲ့ပတ်သက်လို့ အပစ်ရပ်စဲရေး ရရှိအောင် ကြိုးစားနေတဲ့အကြောင်း သတင်းတပုဒ် ဖေါ်ပြထားတာ တွေ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကို သွားရောက်တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်မှာ အပစ်ရပ်ရေး နဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ကြိုးပမ်းနေတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ပါရှိပါတယ်။ ရိုဟင်ဂျာနေရပ်ပြန်ရေးကို တရုတ်နိုင်ငံက ကြားဝင် ညှိနှိုင်းဖို့ ကြိုးစားနေတာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ဖြစ်ပါတယ်။ ထင်ရှားတဲ့ ရလဒ်တော့ထွက်ပေါ်လာတာ မတွေ့ရသေးပဲ လတ်တလော ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် တိုက်ပွဲတွေ တကျော့ပြန်ဖြစ်ပွားလာတဲ့အပေါ် ကြားဝင်ဆောင်ရွက်ဖို့ ထုတ်ပြောလာတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ထားတဲ့ ရေနံ သဘာဝဓါတ်ငွေ့ပိုက်လိုင်း၊ စတင် အကောင်အထည်ဖေါ်တော့မယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းတွေ ရှိနေတာကြောင့် တရုတ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး ၊ စွမ်းအင် ဆိုင်ရာ စီမံကိန်းတွေကို သက်ရောက်လာမယ့် အကျိုးဆက်တွေ ကို မျှော်မှန်းကာ ကြားဝင်ဖြေရှင်းဖို့ ကြိုးစားလာတာလို့ ကောက်ချက်ချရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အရေးမှာ ရှမ်းမြောက်လို သြဇာကြီးကြီးမားမား ရှိနိုင်မလား AA ကို တရုတ်က စည်းရုံးပြောဆိုနိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် အချက်တချက်လည်း ဖြစ်နေသေးတယ်လို့ ဆိုရမယ့် သဘောလို့ ဆိုချင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar