Breaking News

ဆလိုင်းဇုန် - နာကျင်အချိန်ပိုမှာ အနာတရ

နာကျင်အချိန်ပိုမှာ အနာတရ
ဆလိုင်းဇုန်
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၄

ကောင်းကင်ကို ပြေးပြေးမော့ကြည့်ရတဲ့နောက်
နေ့ရက်တွေကို ကြောက်လန့်ခြင်းလို့တင်စား
အဲ့လိုပြောလိုက်တဲ့စကားဟာ နားလည်ရ အခက်ဆုံးပဲ

သံသရာအဆုံးထိ 
သန်မာတဲ့ ပဲစေ့တွေပဲ နောက်ဘဝထိ ခရီးဆက်ခဲ့ကြ
နွယ်ပင်တွေလို ယှက်လိမ်နေတဲ့ ရင်ဘတ်တွေမှာ
နောက်ဆံတင်းတင်း 
အခုပဲ ကြည့် ….. ဒီခန္ဓာကိုယ်ပေါ်ပတ်ထားတဲ့ စောင်တွေတောင် သွေးစိမ်းစတွေစိုလို့

လူ လို့ သိတတ်စကတည်းက 
ဖိနှိပ်ခံရခြင်းကို တစ တစ ခံစားသိမြင်
လူဟာ လူလို မနေရတာ ဆယ်စုနှစ်များစွာ ……

ဘုရားကျောင်းရဲ့ခေါင်းလောင်းသံဟာ
ရုတ်တရက် မရဏလက်နက်အဖြစ်ပြောင်းလဲချိန်မှာ
ဘုရားရဲ့ လက်တော်ထဲ ယဇ်ပူဇော်လိုက်ကြသလိုမျိုး
တစစီဖြစ်သွားတဲ့ ခန္ဓာအစိတ်အပိုင်းထဲ
သွေးတွေ အသားစတွေ နှလုံးသားတွေ အသည်းတွေ ……
ကျိုးပဲ့တဲ့ ခန္ဓာကိုယ်ကို ဘုရားလက်ခံပေးပါ …..

စိတ်က စိတ်ပဲ
ယုံကြည်ချက်နဲ့ 
လမ်းဟာ တဖြောင့်တည်းပြေးတဲ့ မြင်း
ပြေးလမ်းပေါ်က တဖဝါးမှမခွာ

သတ်တဲ့လက်ဟာ သွေးတွေနဲ့
သန်မာတဲ့ ပဲပင်တွေ …….
အပွင့် အသီး တွေ ……

နာကျင်အချိန်ပိုဟာ
အနာတရပိုပေးတတ်လေသလား …..

** *** ခမ်းပတ် ခါနန် ဘုရားကျောင်း ဗုံးကျဲခံရတဲ့နေ့
 ကလေး ၂ လူကြီး ၁၁ သေဆုံး အများအပြားဒဏ်ရာရသည့်အဖြစ်အပေါ် နင့်သီးခံခက်စွာ ရေးဖွဲ့ပါသည်။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar