Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၄ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၄ )

(မိုးမခ) ဇန်နဝါရီ  ၈၊ ၂၀၂၄


6/1/24

Diary in the darkness


ဒီရက်ပိုင်းအတွင်း ညဘက် အိပ်မပျော်။ လောက်ကိုင်ကို ညီနောင်သုံးဖော်တပ်တွေ က ဘယ်တော့သိမ်းမလဲ ဆိုတဲ့သတင်းကို ရင်တထိတ်ထိတ်နဲ့ စောင့်နေရတာ။ 

ဇန်နဝါရီလ ၄ ရက်နေ့ ညနေမှာတော့ လောက်ကိုင်ကို တော်လှန်ရေးတပ်တွေက သိမ်းလိုက်ပြီ ဆိုတဲ့ သတင်းကို သူငယ်ချင်းတွေက တယ်လီဖုန်းနဲ့တသွယ်၊ မက်ဆင်ဂျာက တမျိုး၊ viber ကတနည်း တယောက်ပြီးတစ်ယောက် လာလာပြောလိုက်ကြတာ မနားတမ်းပါပဲ။ 

နောက်ရက်မှာတော့ စစ်ကောင်စီတပ် လက်နက်ချတဲ့သတင်းတွေ ဓာတ်ပုံတွေ၊ လူမှုကွန်ရက်ပေါ်မှာ ပြန့်လာတယ်။ စစ်ကောင်စီအလံကိုဖြုတ်ချပြီး တော်လှန် ရေးအလံတင်တဲ့ ဗီဒီယိုကလစ်တွေမီဒီယာ‌ တွေပေါ် တက်လာတယ်။ လောက်ကိုင်မှာ စစ်ကောင်စီတပ်က ရွံ့ရွချွန်ချွန် တိုက်နေတယ် လို့ ဝါဒဖြန့်နေတဲ့ လော်ဘီတွေလည်း အသံတိတ်သွားတယ်။ 

စစ်ကောင်စီတပ်သား နှစ်ထောင်ကျော်၊ မိသားစုဝင် နှစ်ထောင်နီးပါး စုစုပေါင်း လေးထောင်နီးပါ အလုံးလိုက် အရင်းလိုက် လက်နက်ချတဲ့ ဗီဒီယိုဖိုင်တွေ တက်လာတယ်။ 

စစ်ကောင်စီ လော်ဘီတွေဖြစ်တဲ့ ကိုအောင်မင်း၊ မပုတု၊ ကိုကျော်စိုး၊ အောင်မျိုးမင်း၊ ငါးမင်းဆွေ တို့က မင်းအောင်လှိုင်ကို ဝေဖန်ဆဲဆိုတဲ့ ဗီဒီယိုဖိုင်တွေ တင်ကြပြန်တယ်။ ကိုယ်တပ် ကိုယ်ပြန်နင်းနေကြတာ။

တော်လှန်ရေးကို ထောက်ခံသူတွေကတော့ စစ်ကောင်စီလော်ဘီတွေကို မခံချင်အောင် နောက်ပြောင်နေကြတယ်။ 

စစ်ကောင်စီလော်ဘီတွေရဲ့အသံကို အကုသိုလ်များတယ် ဆိုပြီး နားထောင်လေ့မရှိတဲ့ ကျွန်တော်တောင်မှ စစ်လော်ဘီတွေရဲ့ သွေးပျက်နေတဲ့ မျက်နှာနဲ့ အသံတွေကို ကြည့်ရတာ အရသာတွေ့နေတယ်။ ထပ်ခါထပ်ခါကြည့်နေမိတယ်။ တနေကုန် ထိုင်ကြည့်တယ်။ စိတ်ပါလက်ပါကြည့်တယ်။ ကျွန်တော်တောင် စိတ်ရိုင်းတွေဝင်နေပြီလားမသိ။ 

လောက်ကိုင် ပြီးရင် လားရှိုးကို သိမ်းမလား၊ မူဆယ်ကို သိမ်းမလား၊ မန္တလေးကို သိမ်းတော့မှာလား။ လူတွေ ခန့်မှန်းနေကြတယ်။ လားရှိုးသိမ်း(သိန်း)အောင် သီချင်းမဖွင့်ရ ဆိုတဲ့ စစ်ကောင်စီအရာရှိတွေရဲ့ ထုတ်ပြန်ချက် ထွက်လာတော့မှ တဟားဟား ရယ်မိတယ်။ စစ်တပ် ထောက်ခံသူတွေက ကြံဖန်ကြောက်နေကြတာကိုး။ အသိဉာဏ်မရှိလို့၊ မတရားလုပ်မိသူတွေဟာ သူတို့ ခံရမယ့်အလှည့်ကို တွေးရင်း ကြံဖန်ကြောက်နေကြတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ ဒါ သဘာဝပဲ ထင်ပါရဲ။

မြန်မာပြည်ရဲ့ အင်အားအကြီးဆုံး ဆိုတဲ့ စစ်တပ်ကြီးဟာ ဘာကြောင့်များ မရှုမလှ ရှုံးနေပါလိမ့်။ သူတိုရဲ့ ဟ ပေးတဲ့ ဗျူဟာကြောင့်လား။ သူငယ်ချင်းတွေကို မေးကြည့်ရပါဦးမယ်။ အားရဝမ်းသာ ဖြေကြမယ် ထင်ပါတယ်။

ကုန်ဈေးနှုန်း တက်တာတွေ၊ မီးမလာတာတွေကြောင့် စိတ်ညစ်ရတဲ့ဒုက္ခတွေ ခဏမေ့သွားတယ်။ 

အန်ကယ် တူမီး

၆ ၊၁ ၊၂၃


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar