Breaking News

နေသွင်နိုင်း - အိပ်ဖန်စောင့်တရား

Art by Than Htay Maung
အိပ်ဖန်စောင့်တရား
နေသွင်နိုင်း
(မိုးမခ) ဇန်နဝါရီ - ၊ ၂၀၁၄

လွတ်လပ်ရေးနေ့မှာ
ပုဆိုးခြုံထဲက လက်သီးတွေ
မင်းတို့စောင်ပိုတွေကို နေထုတ်လှန်းဖို့ပါ
ငါ့အတွက် ပထမဆုံးအလုပ်က အံကပ်တခု ဝယ်ဖို့ပါ။

စာမလာ
သတင်းမကြား
ငါ့ရဲဘော်တယောက် ရောက်လာပုံ။

ချစ်သူတွေရဲ့ အမည်နာမတွေ
လျှို့ဝှက်စကား‌တွေအစာအိမ်ထဲမျိုချသလို
ငါ့ဆင်းကတ်လို မျိုချပစ်ခဲ့တယ်
မင်း မစိုးရိမ်ဖို့ပါ။

ဆေးလိပ်တလိပ်ရဖို့ ဖင်ခံတဲ့ကောင်တွေလို ငါမပြောညံ့
အကြောက်တရားမဟောရာ တောတွင်းလိပ်စာပေးစမ်းကွာ။

ကမ္ဘာကြီးဘာတွေဖြစ်နေလဲ မပြောနဲ့
ငါတို့တွေ ဘာဖြစ်နေပြီလဲ ပြော
မင်းတို့မြို့ကြီးက စွပ်ပြုတ်အိုးထဲက ဖားတွေ
တငွေ့ငွေ့မီးမှာ 
လွတ်လာတဲ့ နို့ကြီးတွေထက်
မလွတ်သေးတဲ့ အစာအိမ်တွေက ပိုအရေးကြီးတယ်ကွာ။

တဟားဟားရယ်မောလိုက်တဲ့အသံ
ဒဏ်ရာပရပွ အရိုးပေါ်အရေတင်လက်ဖျံဆီက ပဲ့ထွက်

ငါ့အသားအရေက အလင်းငတ်နေတဲ့ သစ်ရွက်
ငါ့ခေါင်းထဲက သန်းတွေဟာ ငါ့သစ္စာတရား
ဦးဆွေးဆံမြည့်လမ်းမှာ ဒီနွေကို ငါထမ်းခဲ့ပါတယ်။

ငါ့ခြေထောက်က တရွတ်ဆွဲနေတာအသာထား
ငါတို့တိုင်းပြည်ကြီး တရွတ်ဆွဲနေတုန်းလား။

အစာသွပ်ထားတဲ့ဇန်နဝါရီမျက်နှာဖုံးမှာ ပျော်စရာအစစ်မရှိဘူး
သေမင်းရဲ့ခံတွင်းဝမှာ ငါ့နာမည်ငါရေးထွင်းလို့
မျက်စိတဖက်မရှိသူကလည်း ရန်သူကို မြင်နိုင်တယ်
ဖောက်ထုတ်ခံရတဲ့ မျက်လုံးထဲမှာ
ငါ့နိုင်ငံတော်ကြီးရဲ့ သွေးမျှင်ကြောတွေ ပါသွားတယ် ငါ့ကောင်။

သံသရာမှာ ဒီခန္ဓာ ငါငှားမယ်
ဒီဘဝ ဒီနိုင်ငံ ငါမငှားလိုတော့
‌ရှင်ရဲခဲ့ပြီဖို့ သေရဲဖို့သာ ရှိတော့တာပဲ ဟိတ်ရောင်။

လူလည်လုပ်နည်း မပြောကြေး
ရဲနဲ့စစ်သား ပေါင်းစားနည်း မပြောကြေး
သေနတ်လုပ်နည်း ငါ့ကိုပြော
စာနာမှုအကြောင်း ငါ့ကို ပြော
နိဗ္ဗာန်ရောက်ကြောင်း ငါ့ကိုဟော။

ရဲအသား ချို၏
စစ်သားအသား ချို၏
မိစ္စာခွေးတွေအပေါ် သနားညှာတာမှုပစ်ထည့်ဖို့ မသင်ကြားလေနဲ့ရဲဘော်။

ဘာဟူးဘာလီ
စွန်းဝူခုံး
ပါဝါရိန်းဂျားအနီကောင်
သူက ရော်ဘင်ဟုဒ်
သူက  သားစဥ်‌မြေးဆက်လူလတ်တန်းစား အိမ်တန်းလျား အိမ်ငှား
သူက ဂုဏ်သရေရှိထောင်ထွက် တဖက်လပ်
မြို့ရဲ့အရိပ်‌တစ္ဆေဟာ သူပေါ့။

တောတွင်းလိပ်စာတစ်ခုတောင်း
မသေထမင်းမသေဟင်းတနပ်စား
(၇၆)နှစ်စာ မလွတ်လပ်တဲ့အကြောင်းပြောလို့
ထောင်ထွက်တွေအတွက် အကောင်းဆုံးလက်ဆောင်ဟာ အံကပ်တခုပဲ။

ထောင်ကထွက်ပြီး ညအလယ်
ငါ့ကောင်ကြီးခြေရာပျောက်သွား
သူပိုင်တဲ့လက်သီးတွေ ကျစ်ကျစ်ဆုပ်
အံကပ်ကြီးကို ကြိတ်လို့။

ငါသေရင် ကဗျာရေးလို့ ကောင်းတာပေါ့တဲ့
လမ်းမသိလို့ မေးသူလို လာပြီး
လမ်းသိတဲ့ ခရီးသားတယောက်လို ညကြီးမင်းကြီး ထွက်သွား။

ငါ့မှာ 
သေနတ်လည်း မပစ်ရဲ
အသက်လည်း မထွက်ရဲ
ကဗျာကိုသေနတ်မောင်းခလုတ်လို ဆွဲညှစ်နေမိတယ်။ ။

*စောင်ပို=စောက်ပို။

နေသွင်နိုင်း
5/1/2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar