မသီတာ(စမ်းချောင်း) - နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းရေး
မသီတာ(စမ်းချောင်း) - နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းရေး
(မိုးမခ) ဇန်နဝါရီ ၆ ၊ ၂၀၂၄
၁၀၂၇ စစ်ဆင်ရေးမှာ ရှုံးနိမ့်လာတဲ့အခါ စကစ ခေါင်းဆောင်က 'နိုင်ငံရေးနည်း'နဲ့ ဖြေရှင်းကြဖို့ ပြောဆိုလာခဲ့ပါတယ်။ တပြိုင်တည်းမှာ တရုတ်က ကြားဝင်ပြီး ဆွေးနွေးပွဲ နှစ်ကြိမ် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေးဆိုတာ ဖြစ်မလာခဲ့တာကို အားလုံး အသိပါပဲ။ တနည်းအားဖြင့် 'စစ်ရေးနည်း'ကပဲ အလုပ်ဖြစ်နေတဲ့ သဘောပေါ့။ အဲဒီနောက်ပိုင်း ပေါ်ထွက်လာတဲ့ သတင်းစကားတွေကို ကြည့်ရအောင်။
'မင်းတို့ တိုင်းရင်းသားတွေရဲ့ မြို့ ရွာ ဒေသတွေကို စစ်ရေးနည်းနဲ့ တိုက်ယူလို့ ရခဲ့ရင်တောင် မင်းတို့ ဒေသတွေ ဘယ်တော့မှ အေးချမ်းသာယာမှာ မဟုတ်ဘူး။ ငါတို့မှာ ရှိတဲ့ လက်နက်ဆန်းတွေ သုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့ အမြဲတမ်း ဗုံးကြဲနေမှာပဲ' ဆိုတာ ၂၀၂၃ ဒီဇင်ဘာ ၂၃ ရက် တရုတ်နိုင်ငံ ကူမင်းမှာ လုပ်တဲ့ မြောက်ပိုင်းသုံးဖွဲ့နဲ့ ဆွေးနွေးပွဲမှာ စကစ ငြိမ်းချမ်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ပြောခဲ့တဲ့စကားလို့ သိရပါတယ်။ စစ်ခေါင်းဆောင်ကြီးက ဆိုလိုတဲ့ 'နိုင်ငံရေးနည်း'အရ ဖြေရှင်းဖို့ ဆွေးနွေးချက်ဆိုတာ ဒါမျိုးလား၊ 'ဆိတ်ခေါင်း ချိတ်ပြီး ခွေးသား ရောင်းတဲ့ နိုင်ငံရေးနည်း'လားလို့ မေးစရာပေါ့။
ဘာလို့လဲဆိုတော့ ၂၀၂၄ နှစ်သစ်ကူးမိန့်ခွန်းမှာ စကစ ခေါင်းဆောင်ကြီးက 'ဒီမိုကရေစီနည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံ တိုးတက်စေဖို့ ဆန္ဒမရှိသူတွေကတော့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတာလည်း ရှိပါတယ်။ အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင် ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ ဖြစ်ခဲ့ပါတယ်'လို့ ဆိုသကိုး။
တကယ်တော့ စကစနဲ့ သူ့ဝါဒဖြန့်ချိရေးဘက်တော်သားတွေအားလုံးဟာ 'ဗြောင်လိမ်ဗြောင်စား' အရာမှာတော့ ခုလိုပဲ တဖက်ကမ်းခတ်ခဲ့တာ ကြာပါပြီ။ ကြာလွန်းမက ကြာလာတော့ ကိုယ် လိမ်ထားတာကို ကိုယ် ပြန်ယုံလိုက်မိကြတော့တာပါပဲ။ 'ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်' ဖို့ တနည်း 'လက်နက်ဆန်းတွေ သုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့ အမြဲတမ်း ဗုံးကြဲနေ'ဖို့ ကြိမ်းဝါးနေတဲ့ သူတို့ကိုယ်သူတို့ 'ဒီမိုကရေစီနည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံတိုးတက်စေဖို့ ဆန္ဒ'ရှိသူတွေလို့ ဇဝေဇဝါ ထင်ယောင်ထင်မှား ဖြစ်လာမိကြတော့တာပေါ့။ ဒါနဲ့ပဲ 'ဆိတ်ခေါင်း ချိတ်ပြီး ခွေးသား ရောင်းတဲ့ နိုင်ငံရေးနည်း'ကို တွင်တွင်ကျယ်ကျယ် လုပ်နေလေရဲ့။
ခက်တာက 'ဆိတ်သား' လိုချင်တဲ့ မနူးမနပ် ဈေးဝယ်တချို့က စကစ ရောင်းတဲ့ 'ခွေးသား'ကိုပဲ 'ခေါင်း'တောင် မကျန်အောင် စားကောင်းနေကြသေးတာပါ။ တော်လှန်ရေးဟာ သုံးနှစ်အတွင်း အတော်လေး ခရီးပေါက်ခဲ့တယ်လို့ ဆိုရပေမဲ့ 'ခွေးခေါင်း'ကိုက်ပြီး 'ဆိတ်'ဘဝင်ကျနေကြသူတွေ ရှိနေသေးတာကြောင့် တော်လှန်ရေးအလွန်အတွက်ကို ပူပန်နေကြရပါသေးတယ်။
'စစ်နည်းစစ်ဟန် ငြိမ်းချမ်းရေး'စကားတွေကို ခံတွင်းတွေ့နေကြသူတွေအဖို့ စကစ အလွန်ကာလမှာ ‘ငြိမ်းချမ်းရေးအစစ်'ကို ဝိုင်းပြီး တည်ဆောက်ကြဖို့ဆိုရာမှာ ကိုယ် နှုတ် အမူအရာတွေ လိုက်ပါပြောင်းလဲနိုင်ရေးဟာ စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ 'ငြိမ်းချမ်းရေး'ဆိုတာ 'အပစ်အခတ် ရပ်စဲရေး'မှာတင် အချိုကုန်ရမယ့် အရာမျိုး မဟုတ်ပါဘူး။ 'စစ်'တွေ ရပ်သွားရုံနဲ့ 'ငြိမ်းချမ်းရေး' မဖြစ်လာနိုင်တာ သေချာပါတယ်။ 'တရားမျှတမှု'နဲ့ 'တန်းတူညီမျှမှု'တွေကို အာမခံနိုင်မှ 'ငြိမ်းချမ်းရေး'ဆိုတာ ခပ်ရေးရေး သန္ဓေတည်လာမှာပါ။ ဒါဟာ နိုင်ငံတော်အဆင့်အနေနဲ့ 'ပဋိဉာဉ်'တွေ၊ 'ဥပဒေ'တွေ ပြဋ္ဌာန်းပြီး ဆောင်ရွက်ရမယ့်အရာတွေပါ။
ဒါပေမဲ့ အစုအဖွဲ့အဆင့်၊ တစ်ဦးချင်းအဆင့်တွေမှာတော့ အဲဒါတွေထက် ပိုပြီး ဆောင်ရွက်ရမယ့်အရာတွေ ရှိနေပါသေးတယ်။ 'အပြန်အလှန် လေးစားမှု'၊ 'တာဝန် ပိုင်းခြား ထမ်းဆောင်မှု'၊ 'ကိုယ့်နေရာ ကိုယ် သိမှု'၊ 'ကိုယ့်အခန်းကဏ္ဍနဲ့ဘောင်ကို မကျော်စေဘဲ ပြောဆိုလုပ်ကိုင် တာဝန်ယူနိုင်မှု'ဆိုတဲ့ 'ငြိမ်းချမ်းရေးနည်း' အစစ်အမှန်တွေကို တစ်ယောက်ချင်းစီက ယုံကြည်စွာ ကျင့်သုံးဆောင်ရွက်ကြဖို့ အရေးကြီးလှပါတယ်။ အဲဒီလိုမဟုတ်ဘဲ တော်လှန်ရေးကာလအတွင်း ကူးစက်ရောဂါတစ်ခုလို ဖြစ်နေတဲ့ 'စစ်ရေးနည်းသာ တစ်ခုတည်းသော အဖြေ'ဆိုတဲ့ အယူအဆမျိုးနဲ့ တော်လှန်ရေးမှာ အထင်အရှား မပါသူတွေကိုဖြစ်ဖြစ်၊ ကိုယ်က အမှန်ဆုံးလို့ ထင်ထားတဲ့ သဘောတရား၊ နည်းနာတွေနဲ့ မတူကွဲပြားစွာ လက်ခံဆောင်ရွက်နေကြသူတွေကိုဖြစ်ဖြစ် 'ပြစ်တင်ရှုတ်ချ ဖယ်ကြဉ်နှိပ်ကွပ် စောင်းမြောင်းနှိမ်ပြော ခြိမ်းခြောက်ကြိမ်းဝါး'တတ်တဲ့ အပြုအမူမျိုးကို စကစ အလွန်ကာလအထိ ဆက်လက်သယ်ဆောင်သွားကြလို့ မဖြစ်ပါဘူး။ ဒါတွေဟာ စကစတွေ ရောင်းချခဲ့တဲ့ 'ခွေးသား'စစ်စစ်တွေပါပဲ။
အနာဂတ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဟာ နိုင်ငံရေးနည်းနဲ့သာ ရနိုင်မှာ သေချာပါတယ်။ အဲဒီနိုင်ငံရေးနည်း ဆိုတာ တစ်ယောက်ချင်းစီရဲ့ 'စစ်နည်းစစ်ဟန် ကင်းမဲ့'တဲ့ အတွေးအခေါ်၊ အပြုအမူများအပေါ်မှာသာ မူတည်နေတယ်ဆိုတာကို မမေ့ကြဖို့ပါပဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar