Breaking News

ကမ္ဘာကျော် ဘော်တွင်း နမ္မတူမြို့နဲ့ အုပ်ချုပ်ရေးစတင်ပြီဖြစ်တဲ့ တအာင်းတိုင်းရင်းသားလက်နက်ကိုင်တပ်မတော်


နေချိုသွေး - ကမ္ဘာကျော် ဘော်တွင်း နမ္မတူမြို့နဲ့ အုပ်ချုပ်ရေးစတင်ပြီဖြစ်တဲ့ တအာင်းတိုင်းရင်းသားလက်နက်ကိုင်တပ်မတော်

(မိုးမခ) ဇန်နဝါရီ ၄ ၊ ၂၀၂၄


[ ၁ ]

ရှမ်းပြည်နယ်(မြောက်ပိုင်း)က နမ္မတူ ဘော်တွင်းလို့ ဆိုလိုက်တာနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းနဲ့ ဆက်စပ်နေခဲ့တယ်ဆိုတာ အထွေအထူး ညွှန်းဆိုနေစရာ မလိုတော့ပါဘူး။

နမ္မတူမြို့ ဖြစ်ပေါ်လာပုံမှာ နမ္မတူမြို့နယ်အစ သတ္တုတွင်းလုပ်ငန်းကလို့ ဆိုနိုင်ပါတယ်။ ဘော်တွင်းမှာ တွေ့ရတဲ့ ရေးထိုးထားတဲ့ မှတ်တမ်းစာတွေအရတော့ ၁၅ ရာစု‌အတွင်းကစလို့ ဘော်တွင်းသတ္တုတူးဖော်ရေးလုပ်ငန်း စတင်ခဲ့တယ်။ သတ္တုတူးဖော်တဲ့ လုပ်ငန်းစခန်းအဖြစ်မှ ဒေသခံ တိုင်းရင်းသားတွေ မိသားစုလိုက် လာရောက်အလုပ်လုပ်ကိုင်ကြရင်းက တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အလွှာပေါင်းစုံကလူတွေ တဖြည်းဖြည်း စုဝေးနေထိုင်လာကြတာကစလို့ သတ္တုမိုင်းတွင်းအ‌နေနဲ့ ရွာကြီးကနေ နမ္မတူ ဆိုတဲ့မြို့လေး ဖြစ်တည်လာခဲ့ပါတယ်။

တရုတ်လူမျိုးတွေဟာ ၁၅ ရာစုလောက်ကတည်းက နမ္မတူဒေသမှာ သတ္တုတူးဖော်နေခဲ့ကြပြီး  ငွေသတ္ထုကို အဓိကထား ထုတ်ခဲ့ကြပါတယ်။ နည်းပညာ အခက်အခဲကြောင့် ၁၈၅၀ နောက်ပိုင်းမှာ ပြန်သွားကြပါတယ်။ သူတို့ ပြန်သွားတော့ အကုန်အစင် မသန့်စင်ရသေးတဲ့ သတ္တုခဲမြေတွေ အများကြီး ကျန်ခဲ့ပါတယ်။

၁၉၀၅မှာ အမေရိကန် အင်ဂျင်နီယာ ဟာဗက်ဟူးဗား(Herbert Hoover) ဦးဆောင်တဲ့ Bewick-Moreing & Co (BMC)ကုမ္ပဏီက ဟာဗက်ဟူးဗားရဲ့ သူငယ်ချင်းဖြစ်သူ အေစီမာတင် (A. C. Martin)ရဲ့ တိုက်တွန်းမှုနဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်(မြောက်ပိုင်း)က ဘော်တွင်းဒေသကို စတင် လေ့လာခဲ့ပါတယ်။

အေစီမာတင် (A.C.Martin) ဟာ ဘော်တွင်းကို အရင်ဦးဆုံး ရောက်ခဲ့တဲ့ အနောက်တိုင်းသား တဦးဖြစ်ပြီး ဘော်တွင်းသတ္တုမိုင်းတွင်း-နမ္မတူမြို့ ရထားလမ်း အပါအဝင် လားရှိုး- မန္တလေး ရထားလမ်းကို ဆက်သွယ်ဖောက်ခဲ့တဲ့  မီးရထားလမ်း ကန်ထရိုက်တာပါ။ ၁၉၀၈ ခုနှစ် ရောက်တဲ့အခါ ဟာဗက်ဟူးဗား(Herbert Hoover)က သတ္တုတူးဖော်ရေးကို စတင်ခဲ့ပြီး နမ္မတူဘော်တွင်းဟာ ဒုတိယကမ္ဘာစစ်ကြိုခေတ်မှာ ကမ္ဘာ့အကြီးဆုံး ငွေ၊ ခဲ၊ သွပ် ထွက်ရှိရာ သတ္ထုတွင်း တခုဖြစ်ခဲ့ပါတယ်။ ဘော်တွင်းရဲ့ ပထမဆုံး မိုင်းချုပ်ဖြစ်ခဲ့တဲ့ ဟာဗက်ဟူးဗား (Herbert Hoover ) ဟာ ၁၉၂၉ မှာ ၃၁ ဦးမြောက် အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါတယ်။ တချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)ဘော်တွင်းဒေသနဲ့ နမ္မတူမြို့ ဆိုတာ အင်္ဂလိပ်ကိုလိုနီအစိုးရခေတ်ကာလ မြို့ပိုင်ရုံးစိုက်တဲ့ မြို့လည်း ဖြစ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံမှာ (၁၉၄၂-၄၅) သုံးနှစ်လောက်အတွင်းမှာ ဂျပန်တွေက သတ္တု တန်နဲ့ချီပြီး ရသမျှ ထုတ်ယူသွားခဲ့ပါသေးတယ်။ ဂျပန်တွေ ထွက်သွားတဲ့အခါ ဘားမား‌ကော်ပိုရေးရှင်း(Burma Corporation)က ပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။ ဘားမားကော်ပိုရေးရှင်းပိုင် သတ္တုသန့်စင်စက်ရုံ အလုပ်ရုံတွေ ၊ စတိုးဆိုင်တွေ ၊ ဆေးရုံ၊ ဘူတာရုံ အပါအဝင် ရေနံချေးဝနေတဲ့ ဝန်ထမ်းတန်းလျားတွေနဲ့ အရမ်းကို စည်ကားခဲ့တဲ့ ဘော်တွင်းသတ္တုမိုင်းတွင်းနဲ့ နမ္မတူမြို့လေးပါပဲ။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၆၂ ခုနှစ် မတ် ၂ ရက်မှာ ဗိုလ်နေဝင်း ဦးဆောင်မှုနဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ဘော်တွင်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေက အခြေအ‌နေမပြတ် လည်ပတ်နေပေမယ့် ၁၉၆၅ ခုနှစ်ထဲမှာ ဘော်တွင်းမိုင်းကို ပြည်သူပိုင် သိမ်းခဲ့တဲ့နောက်မှာတော့ သတ္တုတူးဖော်ရေးက အကျဘက် ရောက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သတ္တုတွင်းဝန်ကြီးဌာန (အမှတ်-၁ သတ္ထုတွင်းလုပ်ငန်း)က လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၀ မှာတော့ ဝင်းမြင့်မိုရ်ကုမ္ပဏီ(အေးရှားဝေါလ်)က အစိုးရဆီကနေ သတ္တုတူး‌ဖော်ခွင့် ရယူခဲ့ပါတယ်။

[ ၂ ]

နမ္မတူမြို့က ပင်လယ်ရေမျက်နှာပြင်အထက်၁၇၆၀ပေ အမြင့်မှာ တည်ရှိပါတယ်။နမ္မတူမြို့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းမှာ တည်ရှိတယ်။ နမ္မတူမြို့အနေနဲ့ မြောက်လတ္တီတွဒ် ၂၂-၂၃ ဒီဂရီ အကြားနဲ့ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီအတွင်းမှာ တည်ရှိပါတယ်။ အရှေ့မှ အနောက် ၃၀.၃ မိုင်နဲ့ တောင်မှ မြောက် ၄၃.၆မိုင် ရှည်လျားပါတယ်။ နမ္မတူမြို့ရဲ့ ဧရိယာ စတုရန်းမိုင်မှာ (၆၅၂.၁၁၃) စတုရန်းမိုင် ရှိတယ်။ နမ္မတူမြို့နယ်ရဲ့  အရှေ့ဘက်မှာ လားရှိုးမြို့နယ်နဲ့ အနောက်ဘက်မှာ နမ့်ဆန်မြို့နယ်၊ တောင်ဘက်မှာ သီပေါမြို့နယ်နဲ့ မြောက်ဘက်မှာ မန်တုံမြို့နယ်တို့နဲ့ နယ်နိမိတ် ထိစပ်လျက်ရှိတယ်။

နမ္မတူမြို့လေးက ပူအိုက်စိုစွတ်တဲ့ ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန်မှာ ၅ ဒီဂရီစင်တီဂရိတ် ရှိတယ်။

နမ္မတူမြို့နယ်မှာ တောင်ကုန်း တောင်တန်း ထူထပ်ပေါများပြီး ချိုင့်ဝှမ်းထဲ မြေပြန့်လွင်ပြင်နဲ့ ရေချောင်း‌တွေ ရှိတယ်။

နမ္မတူမြို့နယ်အတွင်းမှာ တောတောင်ထူထပ်ပြီး ချောင်းငယ်၊ မြောင်းငယ်၊ စိမ့်စမ်း အသွယ်သွယ် နေရာအနှံ့ ရှိပြီး နမ္မတူချောင်းမှာ မြို့လယ်ရဲ့  မြောက်ဘက်ကနေ တောင်ဘက်ကို စီးဆင်းသွားပြီး သီပေါမြို့နား ရောက်သွားတဲ့အခါ နမ္မချောင်းနဲ့ ပေါင်းဆုံပြီး ဒုဋ္ဌဝတီမြစ်အဖြစ်နဲ့စီးဆင်းသွားပါတယ်။

နမ္မတူ‌မြို့ရဲ့ မြောက်ဘက်ပိုင်းကို ပန်ဟိုက်လို့ခေါ်ပြီး သိန္နီစော်ဘွားအဆက်ဆက် ၁၉၅၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့ကြတယ်။

နမ္မတူမြို့ရဲ့ တောင်ဘက်ပိုင်းကို ဘော်တွင်း နမ္မတူရပ်ကွက် သတ်မှတ်ပြီး လွတ်လပ်ရေး မရခင် အင်္ဂလိပ်ကိုလိုနီအစိုးရအ‌နေနဲ့ အုပ်ချုပ်ခဲ့တယ်။

လွတ်လပ်ရေး ရပြီးခေတ် နောက်ပိုင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၁၉-၈-၁၉၉၄ရက်စွဲပါ အမိန့်ကြော်ငြာစာအရ နမ္မတူမြို့နယ်ထဲကနေ မန်တုံမြို့နယ်ထက်ခွဲပြီး ပြင်ဆင် သတ်မှတ်ခဲ့ရာ အခုလက်ရှိ နမ္မတူမြို့နယ်ထဲမှာ ရပ်ကွက်ကြီး (၂) ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု (၂၁) အုပ်စု ကျေးရွာပေါင်း (၁၃၉) ရွာ တည်ရှိပါတယ်။

နမ္မတူမြို့နယ်ရဲ့  ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ကောက်ခံတဲ့ မှတ်တမ်းအရ အိမ်ခြေစုစု‌ပေါင်း၊ အိမ်ထောင်စု၊ လူဦးရေမှာ နမ္မတူမြို့နယ်အတွင်း နမ္မတူမြို့ပေါ်ရှိ အိမ်ခြေမှာ (၂၂၈၇)၊ အိမ်ထောင်စု (၂၈၄၆) စုရှိပြီး ကျေးလက်နေအိမ်ခြေ (၇၃၁၀)၊ အိမ်ထောင်စု (၇၄၇၄) ရှိပါသည်။ နမ္မတူမြို့နယ်ရှိ မြို့ပေါ်၊ ကျေးရွာ စုစုပေါင်း အိမ်ခြေ (၉၅၉၇)၊ အိမ်ထောင်စု (၁၀၃၂၀) ရှိတယ်။

နမ္မတူမြို့နယ်တွင်းမှာ နေထိုင်ကြသူတွေမှာ ရှမ်း၊ ဗမာ၊ ကချင်၊ ဂေါ်ရခါး၊ ကိုးကန့်၊ ဝ၊ ပ‌လောင်‌ ခေါ် တအာင်းလူမျိုးတွေ အများဆုံး နေထိုင်ကြပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ အစ္စလာမ်ဘာသာ အပါအဝင် ဂျိမ်းဘာသာ ကိုးကွယ်သူတွေလည်း ရှိတယ်။

လွတ်လပ်ရေး မရခင်ကတည်းက ဂျူးလူမျိုး(အစ္စရေး) အပါအဝင် နိုင်ငံခြားသားအနွယ်က‌နေ မွေးဖွားလာတဲ့ အစဥ်အဆက် နေထိုင်သူ ဦးရေမှာ ဘော်တွင်း နမ္မတူမြို့နယ် လူဦးရေရဲ့ (၁.၆၀ ) ရာခိုင်နှုန်း ရှိတယ်။

ပညာရေးကဏ္ဍအနေနဲ့ နမ္မတူမြို့နယ်အတွင်းမှာ အ.ထ.က ကျောင်း (၆) ကျောင်း၊ အ.ထ.က ခွဲကျောင်း (၁) ကျောင်း၊ အ.လ.က ကျောင်း (၃) ကျောင်း၊ မူလွန်ကျောင်း (၁၀) ကျောင်း၊ အ.မ.က ကျောင်း (၅၉)ကျောင်းနဲ့ မူလတန်းကြိုကျောင်း (၈) ကျောင်းအထိ ရှိတယ်။

ကျန်းမာရေးကဏ္ဍအနေနဲ့ နမ္မတူမြို့နယ်မှာ ခုတင် (၁၅၀) ဆံ့ နမ္မတူ-ဘော်တွင်း ပြည်သူ့ဆေးရုံ ၁ ရုံ၊ မန်စံဘက်မှာ တိုက်နယ်ဆေးရုံ (၁) ရုံနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ ၉ ခု ရှိတယ်။

တကယ်တော့ နမ္မတူမြို့လေးက တောင်တန်းတွေ ဝန်းရံနေတဲ့ တောင်ချိုင့်ထဲက မြို့ငယ်လေးပါ။

သတ္ထုတွင်းလုပ်ငန်းနဲ့ ဆက်စပ်လို့ နိုင်ငံခြားသား အတတ်ပညာရှင်တွေ အလုပ်သမားတွေ ရှိနေခဲ့တော့ နမ္မတူမြို့လေးဟာ တချိန်က သိပ်ကို အင်တာနေရှင်နယ်ဆန်ခဲ့မှာပါပဲ။ မြို့အဝင်မှာတင် တချိန်က လေယာဉ်ကွင်းဖြစ်ခဲ့ဖူးပြီး ခုတော့ မြက်ပင်တွေ ချုံတွေနဲ့ ပိတ်နေတဲ့ ကွင်းပြင်တခုအဖြစ် ရှိနေပါတယ်။

နမ္မတူမြို့ဟာ အရင်တုန်းက လေယာဉ်တွေဆင်းတဲ့ လေယာဉ်ကွင်းရှိခဲ့ပြီး ခေတ်မီတဲ့ မြို့တမြို့ ဖြစ်ခဲ့မှာပါပဲ။ မန္တလေး - နမ္မတူကို ကားခ ၁၀ ကျပ်ခေတ်က လေယာဉ်ခ ၇၂ ကျပ်‌ ပေးရတဲ့လို့ သိလိုက်ရပါတယ်။ ကက်သလစ်သာသနာပြုကျောင်းလည်း ရှိခဲ့ပြီး၊ ပြည်သူပိုင် မသိမ်းခင်ခေတ်က ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့က Our Lady’s Convent ကျောင်းက မြန်မာနိုင်ငံမှာ နာမည်ကောင်းနဲ့ ဂုဏ်သတင်းကြီးတဲ့ ကျောင်းပါပဲ။ ရန်ကုန်က ရိုးစ်ကုန်တိုက်လို စတိုးဆိုင်ကြီးတွေရှိခဲ့ပြီး ရေမွှေးနံ့ သင်းထုံနေတဲ့ အနောက်နိုင်ငံခြားသူ လှပျိုဖြူတွေ ရှိခဲ့ဖူးတယ်။ အဲဒီ‌ ခေတ်အချိန်က စားရဖို့မလွယ်တဲ့ ပေါင်မုန့်တို့ ချောကလက်တို့ ဆိုတာ အနောက်နိုင်ငံကနေ ဒီကို တိုက်ရိုက်ရောက်လာခဲ့ပြီး ဗီးလပ်(အင်္ဂလန်)မှာ ပြနေတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ခွင့် ရခဲ့တဲ့အထိ ခေတ်မီခဲ့ဖူးတယ်လို့ အဘိုး အဘွား‌တွေက ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်လို အိပ်ရာဝင်ပုံပြင်လို ပြောခဲ့တာကို နယ်ခံတွေကနေတဆင့် ကြားလိုက်ရတယ်။

ခုထိလည်း အသုံးပြုနေတဲ့ ဂေါက်ကွင်းလည်း ရှိသလို အင်္ဂလိပ်ကိုလိုနီခေတ်ထဲက အသုံးပြုခဲ့တဲ့ ဘောလုံးကွင်းလည်းအခုချိန်ထိရှိသေးတယ်။ တချိန်က နမ္မတူမြို့လေးနဲ့ ဘော်တွင်းဒေသက ဘယ်လောက်ထိ စည်ကားနေခဲ့မလဲဆိုတာ စိတ်ကူးနဲ့ ပုံဖော်ကြည့်နေမိပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့လေးက အမေ့ခံမြို့လေးအဖြစ် ရှိနေပြီး တကျော့ပြန် သတ္တုတူးဖော်ရေးတွေ တွင်ကျယ်စွာနဲ့ မလုပ်ဆောင်နိုင်သေးတဲ့အတွက် ဘော်တွင်း‌ဒေသက ဒီကနေ့အချိန်ထိ တိတ်တိတ်ဆိတ်ဆိတ်လေး တည်ရှိနေခဲ့ရပါတယ်။

နမ္မတူမြို့ နဲ့ ဘော်တွင်းက ခွဲခြား‌ပြောလို့မရတဲ့ သတ္တုတွင်းမြို့လေးပါ။ ဒါပေမဲ့ နမ္မတူမြို့ နဲ့ ဘော်တွင်းသတ္တုတွင်း‌ဒေသက မိုင်အားဖြင့် ၁၄ မိုင်‌ကျော် ကွာဝေးပါတယ်။

ဟိုတချိန်အခါက‌တော့ ဘော်တွင်းကနေ နမ္မတူမြို့ဆီ သန့်စင်ပြီးတာ ဓာတ်သတ္တုတွေကို ရထားနဲ့ တင်ပို့ခဲ့ကြတယ်လို့ သိရတယ်။

အသုံးပြုခဲ့တဲ့ ကျောက်မီးသွေး စွမ်းအင်သုံး ရထားစက်ခေါင်းနဲ့ သတ္တုတင်ပို့တဲ့ ရထားတွဲတွေ အခုအချိန်ထိ နမ္မတူ ဘူတာဝင်းထဲမှာ အကောင်းအတိုင်း ရှိပါသေးတယ်။ ရေနွေးငွေ့ စွမ်းအင်သုံး မီးရထားစက်ခေါင်းကြီးကို မီးရထား သံလမ်းပေါ်မှာ ရာသီဥတုဒဏ်ခံရင်း ရပ်ထားတာကို တွေ့ရှိခဲ့ရတယ်။

နမ္မတူမြို့ကနေ ဘော်တွင်းကို ကားလမ်းလည်း ရှိတယ်။

နမ္မတူနဲ့ ဘော်တွင်း တောင်ပေါ်ကားလမ်းက ၁၄ မိုင်ကျော် ခရီးဆိုပေမယ့် တောင်တက်၊ တောင်ဆင်းနဲ့ မြွေလိမ်မြွေကောက်လို အကွေ့အကောက်များတဲ့ ခရီးလမ်းပါပဲ။ နမ္မတူမြို့ကို မန္တ‌လေးဘက်က လာမယ်ဆိုရင် ပြင်ဦးလွင်မြို့ ၊ နောင်ချိုမြို့၊ ကျောက်မဲမြို့၊ သီပေါမြို့ အထိ ရောက်အောင်လာပြီး သီပေါမြို့လမ်းခွဲကနေတဆင့် နမ္မတူမြို့ကို ၄၂ မိုင်ခန့်ကွာဝေးမှာဖြစ်ပြီး လားရှိုးမြို့ဘက်က လာမယ်ဆိုရင်တော့ ၄၄ မိုင်ခန့်အကွာအဝေးမှာ ရှိပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူ ရွေးကောက်တင်‌မြှောက်ထားတဲ့ အစိုးရထံကနေ မဲမသမာမှု အကြောင်းပြပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှု နောက်ဆက်တွဲ လက်သလော စစ်‌‌ရေးအခြေအနေတွေမှာ နမ္မတူမြို့ဘက်သွားတဲ့ အဓိကလမ်း‌တံတား‌တွေ ကျိုးကျတဲ့ ဖြစ်စဥ်တွေကြောင်း သွားရေးလာရေး လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေပါတယ်။

[ ၃ ]

ရှမ်းပြည်နယ်(မြောက်ပိုင်း) ဘော်တွင်း နမ္မတူဒေသဘက်သွားတဲ့ လမ်းခရီးမှာ ၂၀၁၀ ရွေးကောက်ပွဲမစခင် စစ်အာဏာရှင် ဗိုလ်သန်းရွှေ အုပ်ချုပ်တဲ့ ခေတ်ကာလထဲက အာဏာရှင်စစ်တပ်နဲ့ TNLA တအာင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်နေခဲ့ပြီး နယ်မြေ မအေးချမ်းတဲ့အတွက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ နိုင်ငံခြားခရီးသည်တွေ ဝင်ထွက် သွားလာမှု မရှိတဲ့ ကမ္ဘာကျော် ဘော်တွင်းဒေသ ဖြစ်ခဲ့ပါတယ်။

TNLA တအာင်း(ပလောင်)တိုင်းရင်းသားလက်နက်ကိုင်တပ် ထိန်းချုပ်ရာ နယ်မြေအတွင်းမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ( ၂၃) ရက်နေ့က ပထမဦးဆုံးအကြိမ် ဗိုလ်လောင်းသင်တန်းဆင်းပွဲအခမ်းအနားကို‌ ကျင်းပနိုင်ခဲ့တယ်။ TNLA တအာင်း (ပလောင်)တိုင်းရင်းသားလက်နက်ကိုင်တပ်မ‌တော်အနေနဲ့ (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့အတွက် ( ၂ဝ၂ဝ) ရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့တဲ့အကြောင်းကို TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပထမဆုံး ပြုလုပ်တဲ့ TNLA ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောကြားခဲ့ဖူးတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူရွေးကောက်တင်‌မြှောက်ထားတဲ့ အစိုးရထံကနေ မဲမသမာမှု အကြောင်းပြပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးနောက် ရှမ်းပြည်နယ်မှာ ပူး‌ပေါင်းစစ်ရေးလှုပ်ရှားနေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်ကြတဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/ TNLA) နဲ့ ရခိုင် (ULA/AA) တို့က အစောဆုံး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်‌နေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သာကို တွေ့ရတယ်။

နောက်ဆက်တွဲ ညီနောင်မဟာမိတ် (၃) ဖွဲ့ အနေနဲ့ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့အဖွဲ့အစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီး‌တွေနဲ့ နေ့ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုတွေအပေါ် ဟန့်တားမှုရရှိနိုင်ရေး၊ မြန်မာပြည်သူတရပ်လုံးရဲ့ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျဖျင့်) ကုမ္ပဏီများနဲ့ အဆိုပါ လုပ်ငန်းတွေကို လုပ်ဆောင်နေကြတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့ တွေကို နှိမ်နင်းနိုင်ရေး စတဲ့ ရည်ရွယ်ချက် တွေနဲ့ Operation 1027 (၁၀၂၇ စစ်ဆင်ရေး)ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ကြောင်း အသိပေးထုတ်ပြန်ခဲ့တယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

TNLAတအာင်း(ပလောင်)တိုင်းရင်းသားလက်နက်ကိုင်တပ် စစ်ရေးလှုပ်ရှားရာ နယ်မြေဒေသတွေကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာဆိုရင် နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ သိန္နီ၊ ကွတ်ခိုင်၊ကျောက်မဲ၊ သီပေါ၊ မိုင်းယော်၊ မိုးမိတ်၊ လားရှိုးမြို့နယ်တွေ ဖြစ်တယ်။

မန်တုံမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်တွေက တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေပါ။

တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နမ့်ဆန်၊ မန်တုံမြို့နယ် အပါအဝင် မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်းမြို့နယ်၊‌ ကျောက်မဲမြို့နယ်ရှိ မိုင်းလုံမြို့တို့ကို PSLF/TNLA က သိမ်းပိုက်ထားပြီး ကမ္ဘာကျော် ဘော်တွင်းသတ္တုမိုင်းတွင်းနဲ့နမ္မတူမြို့ကိုလည်း PSLF/TNLA သိမ်းပိုက်ရရှိထားတဲ့ မြို့ဖြစ်လာပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းရှိ နမ္မတူမြို့နယ်တခုလုံးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)အနေနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်‌နေ့မှာ အာဏာရှင်မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ပြီး အပြီးသတ် ထိန်းချုပ်နိုင်ပြီလို့ သိရတယ်။

နမ္မတူမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်း တွေကို PSLF/TNLA က ဒီဇင်ဘာ ၂၀ ရက်နေ့မှာစတင်တိုက်ခိုက်ပြီး ၈ ရက်အကြာမှာ တပ်စခန်းအားလုံးကို အပြီးသတ်တိုက်ခိုက်နိုင်ပြီး သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စတင်ခဲ့တဲ့ ၁၀၂၇ တော်လှန်ရေးနဲ့ ပူး‌ပေါင်းစစ်ရေးလှုပ်ရှားနေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်ကြတဲ့ ကိုးကန့် (MNTJP/MNDAA)၊ရခိုင် (ULA/AA)၊တအာင်း (PSLF/ TNLA)နဲ့ PDF တွေအပါအဝင် စစ်ရေးအ‌ရွေ့ အခြေအနေနဲ့ သုံးသပ်ချက်တွေကို သိသမျှရေးပြလို့ မရဘဲ ထိမ်ချန်ရေးရချင်ဖြစ်ပြီး နမ္မတူမြိုလေးနဲ့ ဘော်တွင်းအကြောင်းကို ဦးစားပေး ရေးပြရချင်းဖြစ်ပါတယ်။

ခေတ်ကာလ ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံရေး၊ စစ်ရေး အခြေအ‌နေ အမျိုးမျိုးကြားမှာ ကမ္ဘာကျော် ဘော်တွင်းသတ္တုမိုင်းတွင်းကြီးနဲ့ နမ္မတူမြို့လေးက ခွဲခြားမရဘဲ တည်ရှိနေမှာပါပဲ ...



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar