Breaking News

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ ရဲ့ စစ်ကြေညာခြင်း

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၆ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၄

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ ရဲ့ စစ်ကြေညာခြင်း

ဆယ်စုနှစ်တခုကျော်ကြာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်က စစ်ကောင်စီကို လက် နက်ကိုင်တိုက်ခိုက်တော့မယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီလ ၂၁ ရက်နေ့ မှာဖြစ်ပွားတဲ့ လက်နက်နဲ့ ကျည်ဆန်တွေ သယ်ဆောင်လာတဲ့ ကားတန်းကို ပိတ် ဆို့ဖမ်းဆီးရာက PNLO နဲ့ စစ်ကောင်စီ တပ်အကြား လက်နက်ကိုင် တိုက်ပွဲ စတင်ခဲ့ရာက PNLO က လက်နက်ကိုင် တိုက်ခိုက်မှုတွေ စတင်တော့မယ်လို့ အတိအလင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တွေအများအပြားရှိတဲ့ ရှမ်းပြည်နယ်မှာ အဆိုပါလက်နက် ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားရာဒေသနဲ့ ၄င်းတို့လူမျိုးစုတွေ နေထိုင်ရာဒေသက ထပ်တူကျတာ ရှိသလို ထပ်တူမကျတာလည်း ရှိပြီး လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားကြတဲ့ ဒေသတိုင်းလည်း ပြည်မက စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်နေတာမဟုတ်ပြန်ပါဘူး။ တိုက်ပွဲဖြစ်နေတဲ့ ဒေသ၊ တိုက်ပွဲမဖြစ်ပဲ အပစ်ရပ်စာချုပ်ချုပ်ဆိုထားပြီး လိုက်နာနေသေးတဲ့ ဒေသ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားခြင်း မရှိတဲ့ ဒေသတွေ အနေနဲ့ အမျိုးအစား အမျိုးမျိုး ကွဲပြားနေတာပါ။ အဲဒီလို ကွဲပြားနေတဲ့ဒေသတွေက မြေပုံပေါ်မှာ Jigsaw ကစားကွက်သဖွယ် သူ့အကွက်အလိုက် တည် ရှိနေကြတာပါ။ 

အခု PNLO က စစ်ကောင်စီနဲ့ အတိအလင်း တိုက်ခိုက်တော့မယ်လို့ ကြေညာလိုက်ခြင်းက ရှမ်း ပြည်နယ် မြေပုံ Jigsaw မှာ နယ်မြေအချို့ အနီရောင် နယ်မြေအဖြစ်ပြောင်းလဲသွားတဲ့သဘောလည်း ဖြစ်ပါတယ်။ ဟိုပုန်း၊ ဆီဆိုင်၊ ဆိုက်ခေါင် ဘန်းယဥ် စတဲ့ ဒေသတွေ မှာ စစ်ပွဲတွေ ဖြစ်ပွားလာမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

ရှမ်းအရှေ့နဲ့ ရှမ်းတောင်လို့ ဆိုတဲ့ဒေသတွေမှာ ရှိနေတဲ့ “ဝ” လက်နက်ကိုင်အဖွဲ့၊  အမည်အပြည့် အစုံခေါ်ရင် ရှမ်းပြည်တိုးတက်ရေးပါတီ နဲ့ ရှမ်းပြည်လက်နက်ကိုင်တပ်ဖွဲ့ လို့ ခေါ်ပြီး အတို ကောက်အားဖြင့် SSPP/SSA လို့ခေါ်တဲ့ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ နဲ့ အခု စတင်တိုက်ခိုက်တော့မယ်လို့ ကြေညာလိုက်တဲ့ PNLO တို့ တခုချင်း တခုချင်း ကွင်းဆက်သဖွယ် ထိစပ်သွားပြီး အဲဒီထိစပ်မှုက တောင်ဘက်မှာ ကရင်နီပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေ နဲ့ ဆက်လက်ထိစပ်ကာ  Jigsaw အကွက်တွေပြည့်လုနီးပါး ဖြစ်လာမယ့်သဘောလည်း ဖြစ်ပါတယ်။ 

PNLO လက်နက်ကိုင် အဖွဲ့အနေနဲ့စစ်အာဏာသိမ်းပြီး ၃ နှစ်ကြာနီးပါး ကာလအတွင်း စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ခြင်းမရှိဘဲ အခုလတ်တလောမှာ ဘာကြောင့် တိုက်ခိုက်ရတာလဲ ဆိုတဲ့မေး ခွန်းက စိတ်ဝင်စားစရာမေးခွန်းတခုဖြစ်ပါတယ်။ PNLO အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်တွေမှာတော့ ၈ နှစ်ကြာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ ပါဝင်ခဲ့ပေမယ့် ထင်ရှားတဲ့ ရလဒ်မရခဲ့ကြောင်းကို အဓိကအချက်တချက်အနေနဲ့ ဖေါ်ပြထားတာတွေ့ရပါတယ်။ အန်အယ်လ်ဒီ အစိုးရအဖြစ် တာဝန်ယူဆောင်ရွက်တဲ့ ကာလ ၅ နှစ် နဲ့ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်တာနီးပါး ကာလအတွင်း NCA လို့ခေါ်တဲ့နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်မှာ ပါဝင်ကာ ဆွေး နွေးမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ခဲ့ပေမယ့် ထင်ရှားတဲ့အကျိုးရလဒ်ဘာမှ မရခဲ့ဘူးလို့ ဆိုလိုလိုက်တာ ဖြစ်ပါတယ်။ 

တဖက်က စဥ်းစားကြည့်တဲ့အခါမှာ လက်နက်ကိုင် တိုက်ပွဲလမ်းကြောင်း၊ ၄င်းတို့ စိုးမိုးရာ ဒေသခံတွေရဲ့ အသက်အန္တရာယ်၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးပျက်စီးမယ့် အရေး၊ ရပ်ရွာတွေ ပျက်စီးမယ့်အရေးတွေကို ထည့်သွင်းစဥ်းစားနေခဲ့ရတဲ့ အကြောင်းအချက်တွေလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သို့ပေမယ့်လည်း ၃ နှစ်နီးပါးကြာပြီးနောက်မှာတော့ အခုအချိန်မှာ အတိအလင်း ကြေညာကာ ဆီဆိုင်မြို့ ရဲစခန်းကို တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်တွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့တာတွေ့ရ ပါတယ်။ အရပ်စကားနဲ့ ပြောရရင် လက်နက်ကိုင် တပ်ဖွဲ့ ၂ ခုအကြား သေနတ်ပေါက်ခဲ့ပြီးလို့ ဆိုနိုင်ပါတယ်။ 

ပအိုဝ်း ဒေသရဲ့ အခြေအနေအရ စစ်ကောင်စီနဲ့ PNLO အကြားမှာသာ ဖြစ်ပွားတာမဟုတ်ပဲ စစ်ကောင်စီတပ်ရဲ့ အမိန့်ပေးမှုအောက်မှာ ရှိနေတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ရဲ့ တပ်တွေနဲ့ပါ တိုက်ခိုက်ကြရတဲ့ အနေအထားဖြစ်ပါတယ်။ 

ပအိုဝ်းနယ်ခြားစောင့်တပ်လို့ခေါ်ရမယ့် ဦးအောင်ခမ်းထီ၊ ဦးနေဝင်းထွန်းတို့ ဦးဆောင်တဲ့ PNO က ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းလူမျိုးတွေနေထိုင်ရာဒေသတွေမှာ လှုပ်ရှားနေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း ဖယ်ခုံ၊ ပင်လောင်း အစရှိတဲ့ဒေသတွေမှာ KNDF နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ PNO တပ်တွေပါဝင်တိုက်ခိုက်ပေးခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့ပြီး အခုလတ်တလော လက်နက်တွေသယ်ဆောင်လာတဲ့ယာဥ်တန်းကို တားဆီးစစ်ဆေးရာမှာလည်း PNO က ပါဝင်ခဲ့တာဖြစ်တယ်လို့ သတင်းတွေ အရသိရပါတယ်။ 

ပအိုဝ်း လူမျိုးစုတပ်အချင်းချင်းအကြား တိုက်ပွဲဖြစ်ရတဲ့ အနေအထားက ကရင်ပြည်နယ်မှာ ကရင် BGF နဲ့ KNU/KNLA အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ အလားသဏ္ဌာန်တူပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တိုက်ပွဲတွေကို ဖြစ်ပွားနေတဲ့ အနေအထား၊ ပြင်းထန်မှု အရှိန်ကိုကြည့်ရင် ကရင်နီ၊ ရှမ်းမြောက်၊ ရခိုင်၊ ကချင်ပြည်နယ် ဒေသအချို့နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ကရင်ပြည်နယ်ဒေသအချို့တို့က အရှိန်အဟုန်အပြင်းဆုံးဒေသတွေလို့ဆိုနိုင်ပြီး စစ်ကိုင်းတိုင်းက ဒေသအချို့၊ မကွေးတိုင်း ဒေသအချို့၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်ဒေသအချို့နဲ့ တနင်္သာရီ တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဒေသအချို့တို့က အလယ်အလတ်အနေအထားရှိပြီး ဒေသအလိုက် ပူးပေါင်းအရှိန်မြှင့်တိုက်ခိုက်ကြတာရှိပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့တော့ ညှိနှိုင်းပြီး ချိန်ကိုက် လှုပ်ရှားမှုတွေ မရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။ 

သို့သော် မကြာခင်ကာလတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေဟာ နေရာဒေသအားဖြင့်နဲ့ အရှိန် အဟုန်အားဖြင့် ကျယ်ပြန့်ပြင်းထန်လာပြီး စစ်ဘေးရှောင်ဦးရေလည်း ထပ်ပြီးတိုးပွားလာဦးမယ့် အလားအလာတွေ တွေ့မြင်နေရတာဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar