Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၇

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၇

(မိုးမခ) ဇန်နဝါရီ ၂၇ ၊ ၂၀၂၄


အနောက်ဘက်ကျို့ခေတ်၏ ပြည်တွင်းစစ် နောက်ဆက်တွဲ အခြေအနေ

ရှီးကျို့(西周Xizhou) လို့ခေါ်တဲ့ အနောက်ဘက်ကျို့မင်းဆက် စတင်ပြီး မကြာခင်မှာပဲ ကျို့ပြည်ထောင်ရဲ့ အရှေ့ဘက်မှာ အစောင့်အနေ တာဝန်ယူထားတဲ့ ဦးရီးတော် သုံးပါးက အနောက်ဘက်မှာရှိတဲ့ နေပြည်တော် (ချန်ဧကရာဇ် နဲ့ ကျို့မြို့စား တန်) ကို ပုန်ကန်လို့ စန်းကျန်းကျီးလွမ် (三监之乱Sān Jiàn zhī Luàn) ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ပါတယ်။ 

ချန် နဲ့ တန် တို့က ပုန်ကန်မှုကို နှိမ်နှင်းလိုက်နိုင်တာမို့ ၅ နှစ်အတွင်း ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ချန် နဲ့ တန် တို့ရဲ့ အောင်ပွဲလို့ ဆိုရမှာ ဖြစ်ပေမယ့် ကျို့နန်းတော်ရဲ့ စစ်မဟာ‌ဗျူဟာ ဆရာကြီး ကျန်းကျိယာ နဲ့ စစ်ရေးဗျူဟာတွေနဲ့ ရှိ (奭 Shi) နယ်စားရဲ့ တပ်တွေကြောင့်လည်း အောင်မြင်မှု ရရှိခဲ့တာပါ။ 

ရှိ ဆိုတာကတော့ တန် နဲ့အတူ ကျို့ပြည်ထောင်ရဲ့ အနောက်ခြမ်းကို ထိန်းချုပ်ရတဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ကျို့ပြည်ကို ထူထောင်သူ ဝူဧကရာဇ် က ရှန်းမင်းဆက်ကို ဖြုတ်ချပြီး ကျို့မင်းဆက်ကို ထူထောင်ပြီးနောက် အနောက်ဘက်ကို ပြန်လာပြီး နန်းစိုက်ချိန်မှာ အရှေ့ဘက်ကို ညီနောင်သုံးဖော်က တာဝန်ယူရပြီး။ အနောက်ဘက်ကိုတော့ တန် နဲ့ ရှိ ကို ခွဲဝေပြီး တာဝန်ယူခိုင်းခဲ့တာပါ။ တန် က နန်းတော်နဲ့ နီးစပ်ပြီး အုပ်ချုပ်ရေးပိုင်းကို ပိုလွှမ်းမိုးပြီး၊ ရှိ ကတော့ စစ်ရေးမှာ ပိုအရေးပါပုံရပါတယ်။ 

စစ်မာချန်းရဲ့ မှတ်တမ်းတွေအရ ရှိ ဟာလည်း မင်းမျိုးရိုး ဖြစ်တယ်လို့ ဆိုပါတယ်။ ကျို့ခေတ်ထူထောင်သူ ဝူဧကရာဇ် ရဲ့ အဖေတူညီအစ်ကို ဖြစ်တယ်လို့ ဆိုပါတယ်။ တချို့သမိုင်းဆရာတွေက ရှိ ကို တန် ရဲ့ အစ်ကိုတော်သူလို့ အချက်အလက်ကို လုံးပြီး ရေးကြသလို၊ တချို့ကတော့ အဖေတူ အမေကွဲ (half-brother) တွေလို့ ဆိုပါတယ်။ တချို့ကတော့ ကျို့ဘုရင် ဝမ် နဲ့ မိဖုရားငယ်တစ်ပါးက မွေးတဲ့ သားဖြစ်တယ်လို့ ဆိုပါတယ်။ သေချာတာကတော့ ရှိ ဟာ မင်းမျိုးရိုးထဲက ဆင်းသက်လာသူဖြစ်သလို၊ တန် နဲ့လည်း ဆွေမျိုးတော်စပ်သူ ဖြစ်ပါတယ်။ 

အရှေ့ဘက်က ညီနောင်သုံးဖော်ရဲ့ ပုန်ကန်မှုတွေရှိနေချိန်မှာ တန် နဲ့ ရှိ အကြား တည်တည်ငြိမ်ငြိမ်နဲ့ အာဏာခွဲဝေပြီး အလုပ်လုပ်နိုင်ခဲ့ကြတာဟာလည်း ကျို့ပြည်ထောင်ကြီး တည်ထောင်ပြီး ဘာမှမကြာခင်မှာ ပြိုကွဲမယ့်အရေးကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။ တကယ်လို့ အရှေ့ဘက်က ညီနောင်သုံးဖော်က ပုန်ကန်ချိန်မှာ တန် နဲ့ ရှီ ကြား နားလည်မှုတစ်ခု မတည်ဆောက်ထားနိုင်ရင် ပုန်ကန်မှုကို ချေမှုန်းနိုင်မယ်မဟုတ်ပါဘူး။ 

စန်းကျန်းကျီးလွမ် ပြည်တွင်းစစ် ပြီးဆုံးတဲ့နောက်မှာ တန် ဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးပုံစံကို ပြောင်းလဲခဲ့ပါတယ်။ ဗဟိုချုပ်ကိုင်မှု ပိုများလာတဲ့သဘောလို့ ပြောရင်လည်း ရနိုင်ပါတယ်။ လက်အောက်ခံ တိုင်းငယ်ပြည်ငယ်တွေရဲ့ အုပ်ချုပ်ရေးတွေကို ပြန်လည်စုဖွဲ့ပါတယ်။ အဲဒီ နယ်မြေတွေရဲ့ သုံးပုံနှစ်ပုံဟာ ချန်ဧကရာဇ်ရဲ့ အနွယ်တော်တွေထဲက စိတ်ချရသူတွေကိုသာ တာဝန်ယူအုပ်ချုပ်စေပါတယ်။ ရှန်းခေတ်က မင်းရိုးတွေကိုတော့ အတော်လေး အင်အားလျော့အောင် လုပ်ပစ်လိုက်ပါတယ်။ တချို့နယ်ပယ်တွေကို နယ်မြေတစ်ခုအဖြစ်ကနေ ပယ်ဖျက်လိုက်ပါတယ်။ အဲဒီနည်းနဲ့ ရှန်းခေတ်ရဲ့ အာဏာအငွေ့အသက်တွေကို ဖျော့တော့ပျောက်ကွယ်သွားအောင် လုပ်တာပါ။ 

တန် ရဲ့ လုပ်ဆောင်ချက်တွေကြောင့် မူလရှိနေနှင့်တဲ့ မင်းဧကရာဇ် ဆိုတာ မိုးနတ်မင်းရဲ့ဗျာဒိတ်၊ သို့မဟုတ် ကောင်းကင်ရဲ့ သဘောအရ ဖြစ်ခွင့်ရှိသူသာ ဖြစ်ရတယ်ဆိုတဲ့ အယူအဆအပေါ်မှာ ထပ်ဆောင်းဖြည့်စွက်တဲ့ အယူအဆတွေ ပေါ်လာပါတယ်။ အဲဒါကတော့ ပုန်ကန်သူတွေကို နှိမ်နှင်းခြင်းဟာလည်း မိုးနတ်မင်းရဲ့ ဗျာဒိတ်အ ရဖြစ်တယ်ဆိုတဲ့ အချက်ပါ။ အဲဒီ အယူအဆကို ဝါဒဖြန့်ချိရင်း ကျို့မင်းဆက်ရဲ့ တရားဝင်မှုကို ပိုမိုအားကောင်းစေခဲ့တာလို့ ဆိုနိုင်ပါတယ်။ 

စစ်ပွဲပြီးတဲ့နောက် သုံးနှစ်ကြာအောင် ကျို့ပြည်ထောင်ကို ဧကရာဇ်ချန်း၊ တန် နဲ့ ရှိ တို့က အာဏာချိန်ခွင်လျှာကို ညှိပြီး တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ကျို့အုပ်ချုပ်ရေးအတွက် မှန်ကန်ကောင်းမွန်တဲ့ပုံစံကို ရှာဖွေကြရင်း ကျို့ နဲ့ ရှိ အကြားမှာ သဘောထားကွဲလွဲမှုအချို့ ဖြစ်ပေါ်လာပါတယ်။ 

တန် က မြို့တော်ကို တာဝန်ယူထားရပြီး နန်းတွင်းကိစ္စတွေကို အနီးကပ်ဆောင်ရွက်ရသူမို့ အမတ်ချုပ်ရထားလည်း ရထားသူပါ။ သူက တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် အုပ်ချုပ်ရေးအပိုင်းမှာ အရည်အသွေးရှိသူကို ဦးစားပေးတဲ့စနစ် ကို အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်ပါတယ်။ ဒီခေတ်အခေါ်အရ မယ်ရစ်တိုကရေစီ (meritocracy) ဆိုတဲ့ အုပ်ချုပ်ရေးပုံစံပါ။ ထီးနန်းအစဉ်အလာတွေအရထက်  အရည်အသွေးတကယ်ရှိသူ၊ စွမ်းဆောင်ရည်အမှန်ရှိသူတွေကို ရာထူးကြီးတွေပေးတဲ့ အစဉ်အလာကို သူက စတင်ချင်ပါတယ်။ 

ဒါပေမယ့် တန် နဲ့ ယှဉ်ရင် ရှိ က ရှေးရိုးစွဲတဲ့ ကွန်ဆာဗေးတစ် တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ရှိ က တန်ရဲ့ အယူအဆကို လက်မခံပါဘူး။ ရှိ က အာဏာဟာ တော်ဝင်မိသားစုတွေရဲ့ လက်ထဲမှာပဲ ရှိရမယ်လို့ ယူဆပါတယ်။ ဒါမှသာ မင်းအာဏာနဲ့ သက်ဆိုင်မှုမရှိသူတွေက အာဏာကို တလွဲရယူသုံးစွဲတာမျိုး မရှိမှာလို့ ဆိုပါတယ်။ အဲဒီမှာ အယူအဆ တိုက်ပွဲ ဖြစ်လာပါတယ်။ 

ဒါပေမဲ့ သိပ်ပြီး ကြီးကြီးမားမား ပြဿနာ မတက်ခဲ့ပါဘူး။ ဘီစီ ၁၀၃၆ မှာ တန် ဟာ အမတ်ချုပ်ဘဝကနေ အနားယူလိုက်ပါတယ်။ ဧကရာဇ် ချန်း ဟာ ကလေးပဲ ရှိသေးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ ရယူ ထိန်းချုပ် ကျင့်သုံးနေတဲ့ အာဏာတွေကိုလည်း ဧကရာဇ်ချန်း ထံကို အပြည့်အဝ ပြန်လွှဲပေးခဲ့ပါတယ်။ ကျို့ ပြည်ထောင်မှာ ချန်း၊ တန်၊ ရှိ တို့ သုံးယောက် အာဏာကို ခွဲဝေအုပ်ချုပ်ထားရာကနေ တန် က နုတ်ထွက်သွားတဲ့အတွက် ရှိ ဟာ ကျို့ပြည်မှာ တန်ခိုးအထွားဆုံး ဖြစ်လာပါတယ်။ 

ကျို့မင်းဆက်တွေဟာ ဘီစီ ၉၆၀ ဝန်းကျင်အထိ တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းခဲ့နိုင်ခဲ့ကြပါတယ်။

တန် ကတော့ သမိုင်းမှာ ထူးဆန်းတဲ့လူတစ်ယောက်လို့ ဆိုရမယ်ထင်ပါတယ်။ ဧကရာဇ် ချန်း ရဲ့ ထီးနန်းကို သူ ထိန်းချုပ်ခဲ့တာဟာ တိုင်းပြည်အရေး တကယ်မျှော်တွေးပြီးတော့ ထိန်းချုပ်ခဲ့တာလား၊ ဒါမှမဟုတ် အာဏာကို မက်မောလို့လား ဆိုတာကို ရှေ့ပိုင်းမှာ အတော်လေး ဝေခွဲရခက်ပါတယ်။ 

ဒါကြောင့်လည်း နောက်ပိုင်း သမိုင်းသုတေသီ တချို့က ညီနောင်သုံးယောက်ရဲ့ စန်းကျန်းကျီးလွမ် ပုန်ကန်မှုအပေါ် သုံးသပ်ချက်တွေ ကွဲပြားကြတာပါ။ အများစုက ညီနောင်သုံးယောက်ကို သစ္စာဖောက်သူတွေလို့ သတ်မှတ်ကြပေမယ့် တချို့ကလည်း တန် ရဲ့ အာဏာကို ရယူကျင့်သုံးပုံဟာ အဝေးမှာရှိနေတဲ့ ညီနောင်သုံးဖော်အတွက် သံသယဖြစ်စရာကောင်းတာမို့ ဒီစစ်ပွဲကြီး ပေါ်ပေါက်လာရတာလို့လည်း ပြန်ပြီး ချိန်ညှိသုံးသပ်ကြပါတယ်။ တိုင်းပြည်နယ်နိမိတ် ကျယ်ပြန့်လာတဲ့အပေါ် အရှေ့နဲ့ အနောက် ဆက်သွယ်ရေးခက်ခဲပြီး သတင်းအချက်အလက်မှန်တွေ ရောက်ရှိဖို့ ကြာမြင့်ပြီး အထင်လွဲမှုတွေ ဖြစ်နိုင်ဖို့ အခွင့်အလမ်းများတာကိုလည်း ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် တန် ဟာ အာဏာကို ရယူကျင့်သုံးပြီး တိုင်းပြည်ကို ပြန်လည်စုစည်းတာ၊ အင်အားကောင်းအောင် ပြုစုတာတွေ လုပ်ခဲ့သလို၊ ပိုပြီးတိုးတက်တဲ့ အမြင်အယူအဆနဲ့ မယ်ရစ်တိုကရေစီ အုပ်ချုပ်ရေးကို ဦးတည်ခဲ့တယ်ဆိုတဲ့ သမိုင်းကတော့ အထင်အရှားပဲ ဖြစ်ပါတယ်။ 

ကွန်ဖြူးရှမ် ကတော့ တန် ကို အင်တန်သဘောကျပုံ ရပါတယ်။ သူ့ကို အမတ်ကောင်းတွေရဲ့ စံနမူနာပြ အဖြစ် ဖော်ပြပါတယ်။ ကွန်ဖြူးရှပ် ကိုယ်တိုင်ကလည်း မယ်ရစ်တိုကရေစီ ကို သဘောကျနှစ်ခြိုက်သူ၊ သင်ကြားပြသသူ တစ်ယောက် မဟုတ်ပါလား။ 

အနောက်ဘက်ကျို့ခေတ်၏ ပြည်တွင်းစစ် နောက်ဆက်တွဲအနေနဲ့ အခြေအနေတွေ အများအပြား ပေါ်ပေါက်ခဲ့မှာပါ။ ဒါပေမဲ့ အဲဒီအခြေအနေတွေကြားမှာ ကျို့မြို့စား တန် ရဲ့ ဆောင်ရွက်ချက်တွေက ပိုပြီး ပေါ်လွင်ထင်ရှားနေပါတယ်။ 

တန် ဟာ တရုတ်ရာဇဝင်မှာ မယ်ရစ်တိုကရေစီ ကို ထိပ်ဆုံးကပြောခဲ့သူ ဖြစ်နိုင်ပါတယ်။ တန် နဲ့ ရှိ တို့ရဲ့ အယူအဆပြိုင်ပွဲမှာ တန် ရဲ့ အယူအဆကသာ ရှေ့တန်းရောက်ခဲ့ရင် သမိုင်းဟာ တမျိုးတဖုံ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ အယူအဆ သစ်တိုင်းဟာ ရှေ့‌တန်းရောက်လာနိုင်ဖို့ အချိန်ယူရတာချည်းပါပဲ။ သင်ခန်းစာ ယူစရာပါ။ 

သူဟာ ကွန်ဖြူးရှပ် က အားကျရတဲ့သူ ဖြစ်တာမို့ သူအစပြုခဲ့တဲ့ မယ်ရစ်တိုကရေစီ ဟာလည်း ကွန်ဖြူးရှပ်ဝါဒနဲ့အတူ တရုတ်နိုင်ငံရဲ့ သမိုင်းတလျှောက် ဒီနေ့ခေတ်အထိ ဆက်လက်သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ တရုတ်ပြည်အကြောင်းကို သိချင်ရင် မယ်ရစ်တိုကရေစီ အကြောင်းကို မသိလို့ မဖြစ်ဘူးလို့ ယူဆပါတယ်။


~~~~~~~~~~~~~~~~~~~~~

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁ 👉https://www.moemaka.com/2024/01/blog-post_872.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂ 👉https://www.moemaka.com/2024/01/blog-post_8245.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၃ 👉https://www.moemaka.com/2024/01/blog-post_308.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၄ 👉https://www.moemaka.com/2024/01/blog-post_799.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၅ 👉https://www.moemaka.com/2024/01/blog-post_399.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၆ 👉https://www.moemaka.com/2024/01/blog-post_234.html




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar