Breaking News

ရဲဘော်တေး - ဂိုးမသွင်းဖူးတဲ့ တိုက်စစ်မှူး

ရဲဘော်တေး - ဂိုးမသွင်းဖူးတဲ့ တိုက်စစ်မှူး

(မိုးမခ) ဇန်နဝါရီ ၁၉ ၊ ၂၀၂၄


မအလကိုတော့ မဘသကပါ မောင်းချနေပြီ။ သူတို့က စိုးဝင်းကို ဂိုးသွင်းခိုင်းမယ်တဲ့။ ရုပ်ကိုက အထန်ရုပ်တဲ့၊ ဒါမှ တပ်ချုပ် ပီသတယ် ဆိုကဘဲ။ 

သူတို့ မသိတာက ဟိုက ထန်ချင်လို့ထန်နေတာ မဟုတ်ဘူးလေ။ ဒါမျိုးက စိတ်ဒဏ်ရာနှစ်ကြာလာရင် အထစ်အရာတွေ ထင်လာတတ်တာ မသိဘဲ သတ္တိခဲထင်နေရှာတာကိုး။ 

တပ်ထဲမှာ ပွဲတခုခုရှိလို့ သူများတွေ မိသားစုလိုက်လာတာတွေ့ရင် စိုးဝင်းက မျက်နှာတည်တာဖြစ်ပြီလို့ စစ်ဗိုလ်ချင်း စောက်တင်းနှက်နေကြ။ သူ့မှာ ကိုယ်ပိုင်မိသားစုမရှိဘူးလေ။ သူ့သားတွေဆိုတာက မယားပါသားတွေ။ အဲဒါ သူများသား အငှါးထိန်းရတဲ့သူတွေဖြစ်လေ့ရှိတဲ့ဒဏ်ရာ၊ မာန်နှိပ်ထားရလို့ အံကြိတ်ရတဲ့ ဒဏ်စိတ်။ အဲတော့ အထက်လူကလှောင် အောက်လူကပြောင် မဖြစ်အောင် တည်ရင်းတည်ရင်းနဲ့ အရီကင်းသွားတာကို စစ်သားပီသတယ် ထင်ပြီး အတည်ကြီးလော်တော့ မအလနဲ့ တပ်ထဲက ဟားကြပြီပေါ့။ စိုးဝင်း အရာရှိဖြစ်ခဲ့တဲ့ တပ်တွေမှာ ဘောလုံးပွဲလုပ်ရင် ဘယ်မဆို ဖွင့်နေကျ ဂိုးသွင်းကောင်းတဲ့ကိုကို သီချင်းတောင် တပ်တွင်းဘောလုံးပွဲတွေမှာ မဖွင့်ရဲ၊ သူ့ကို တမင်ဖြဲတယ်ထင်ပြီး ကြမ်းရမ်းမဆိုးလို့။ ဂိုးမသွင်းဘူးတဲ့ တိုက်စစ်မှူးလို့ ကွယ်ရာပြောင်လှောင်ကြတာ။ ဘောပွဲ ဂိုးသွင်းရင်လဲ လက်ခုပ်မတီးဘဲ ငူငူကြီး ထိုင်နေတတ်သတဲ့။

ဖားတော့ ဖားတာပေါ့လေ၊ အဖားမရင်တော့ ဖားကင် ဖင်ကားကိန်းဆိုက်လာ၊ မဘသတွေ ပြေးလမ်းသာပါအုံးမလား။ မဘသတွေကို မအလက ကိုင်တော့မယ်။ အကြီးအကျယ် တင်းနေတယ်။ ကိုးကွင်းကိုလော်တဲ့ပွဲမှာ “ဘုရားဒကာကြီး” “ဘုရားဒကာကြီး” ဆိုပြီး သရော်သံနဲ့ ခဏခဏ အော်ကြတာဟာ “အလကားငနာကြီး” လို့ ပြောပြီး ဟားတာတဲ့။ တသက်လုံး မျက်ရိုးထော် မော်လို့မှမကြည့်ရဲတဲ့ကောင်တွေက ခွေးမောင်းသလို ပလ္လင်ပေါ်က မောင်းချတာ ကမ္ဘာသိ ခံလိုက်ရတာကိုး။ သူတို့ဖားတဲ့ စိုးဝင်းကလဲ သူ့စောက်ရှက်ခွဲရမလားဆိုပြီး တင်းနေတာ။ ဖေ့ဘွတ်ပေါ်က ပြောင်ရင်တောင် အသေသတ်လိုက်၊ ထောင်ဒဏ် ဆယ်သတ်ချလိုက် လုပ်နေတာကို သိရက်နဲ့ လမ်းပေါ်တက် ဟားတိုက်လှောင်ပြောင်ကြတာ။ ပိုဆိုးတာက အမျိုး ဘာသာ သာသနာသမားတွေက “ဘုရားဒကာ” ဆိုတဲ့ဝေါဟာရကို ပြောင်လှောင်တာ။ ဒါဟာ မာရဝိဇယဘုရားကြီးကိုပါ လှောင်တာဘဲလေ။ ပြီးတော့ ဗိုလ်လောင်းတွေ မွေးထုတ်တဲ့ တပ်မြို့လမ်းမကြီးပေါ်  ဆော်တာနော်။

မအလက နိုင်ငံခြားသတင်းထောက်က ပင်စင်ဘယ်တော့ယူမလဲ မေးတုန်းက တပ်မှာ တပ်ချုပ်လုပ်နိုင်တဲ့ အရည်အသွေးမီသူ မရှိသေးဘူးလို့ စိုးဝင်းကြီး ငုတ်တုတ်ထား ဖြေခဲ့တာလောက်တော့ လေ့လာပြီးမှ ပြောသင့်တာပေါ့ မဘသတို့ရယ်၊ ကဲကဲ လွတ်အောင်သာ ပြေးကြပေတော့လေ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar