Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁


ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁

(မိုးမခ) ဇန်နဝါရီ ၂၁ ၊ ၂၀၂၄


ဧကရာဇ်ရဲ့ ကြင်ရာတော်၊ စစ်မြေပြင်က သူရဲကောင်း

တရုတ်ရာဇဝင်မှာ အမျိုးသမီးတစ်ဦး စစ်တပ်တစ်ခုရဲ့ အကြီးအကဲ ဖြစ်လာဖို့ ဆိုတာ အတော်မလွယ်ကူပါဘူး။ တကမ္ဘာလုံး သိကြတဲ့ ထိုးဇာတ်တစ်ခုဖြစ်တဲ့ ဟွားမူလန် ဆိုတဲ့ အမျိုးသမီး စစ်သူကြီး ဇာတ်ရုပ်သည်ပင်လျှင် အမျိုးသမီး ဖြစ်နေလို့  စစ်မှုထမ်းဖို့ အမျိုးသားတစ်ဦးအသွင် ပြောင်းခဲ့ရတယ်လို့ ဇာတ်လမ်းဆင်ထားတာပါ။ 

ဒါပေမဲ့ ရှန်းခေတ်ရဲ့ ဖုဟောင် (妇好 Fu Háo) ကတော့ တရုတ်ရာဇဝင်ရဲ့ အစဉ်အလာကနေ ကွဲထွက်နေပါတယ်။ 

ဖုဟောင် ဟာ နန်းတော်မှာ ဧကရာဇ်ရဲ့ နှလုံးသည်းပွတ်ကို နူးညံ့လှပမှု‌တွေနဲ့ အပိုင်သိမ်းပိုက်ခဲ့တဲ့ ကြင်ယာတော်မိဖုရား ဖြစ်ပေမယ့် စစ်မြေပြင်မှာလည်း ရဲစွမ်းသတ္တိနဲ့ ခေါင်းဆောင်ကောင်း အရည်အသွေးတွေပြရင်း ရန်သူ့နယ်မြေတွေကို အနိုင်သိမ်းတဲ့ စစ်သူကြီးလည်း ဖြစ်ပါတယ်။ သူမဟာ ရှန်းခေတ်အတွက် အရေးပါရုံသာမက မျက်မှောက်ခေတ်အတွက်ပါ တွေးခေါ်မြော်မြင်စရာတွေ ချန်ထားရစ်ခဲ့တာမို့ သူမအကြောင်း လေ့လာကြည့်ရအောင်ပါ။ 

ရှန်းခေတ်ရဲ့ ၂၁ ဆက်မြောက် ဧကရာဇ် ဝူတင်းမှာ မိဖုရား အပါး ၆၀ ကျော် ရှိပါတယ်။ ၆၄ ပါးလို့ အတိအကျ ရေးထားတာမျိုးလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အများစုက ဝူတင်းက နှစ်သက်လို့ ကောက်ယူထားတာမျိုး မဟုတ်ဘဲ နိုင်ငံရေး၊ သံတမန်ရေးအရ နိုင်ငံချင်း အမျိုးတော်ထားဖို့ လက်အောက်ခံ တိုင်းငယ်ပြည်ငယ်တွေ၊ မဟာမိတ်နိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေက ဆက်သလာတာတွေ များတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဝူတင်း နယ်ပယ်ချဲ့ထွင်တဲ့အခါ အသစ်ရရှိလာတဲ့ နယ်ပယ်တွေကို သစ္စာခံခိုင်းဖို့ အဲဒီနယ်မြေက မင်းသမီးတွေကို တော်ကောက်ခဲ့တာမျိုးလည်း ဖြစ်နိုင်တာပါပဲ။

အဲဒီ မိဖုရား ၆၀ ကျော်အနက်မှာ ဆောင်ရ၊ နန်းရ မိဖုရားကြီး ၃ ပါး ရှိပါတယ်။ ဖုဟောင် ဟာ အဲဒီ မိဖုရား ၃ ပါးထဲက တစ်ပါးပါ။ မိဖုရားခေါင်ကြီးတော့ မဟုတ်ပါဘူး။ မိဖုရားခေါင်ကြီးက ဖုကျင်း (婦妌 Fu Jing) ဖြစ်ပြီး၊ နောက်မိဖုရားတစ်ပါးကတော့ ဖုရှီ (婦嬕 Fu Shi) ဖြစ်ပါတယ်။ မိဖုရား ၆၀ ကျော်အနက်မှာ ဝူတင်းရဲ့ ချစ်ခင်မြတ်နိုးမှုကို အရဆုံးကတော့ ဖုဟောင် ဖြစ်တယ်လို့ ဆိုပါတယ်။ 

ရှေးဟောင်းသုတေသန တူးဖော် ရှာဖွေဖော်ထုတ်မှုတွေအရ ခန့်မှန်းရတာကတော့ ဖုဟောင် ရဲ့ ဇာတိဟာ မြက်ခင်းပြင်တွေရှိတဲ့ လွင်ပြင်ဒေသ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ သူ့ကို မြှုပ်နှံထားတဲ့ ဂူဗိမာန်မှာ တွေ့ရတဲ့ သူ ကိုင်ခဲ့တဲ့ လက်နက်တွေဟာ အဲဒီဒေသက လက်နက်တွေ ဖြစ်နေလို့ပါ။ 

ဖုဟောင် ဟာ ရှန်းစစ်တပ်ရဲ့ စစ်သေနာပတိအဖြစ်နဲ့ တိုက်ပွဲပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။ ရှန်းပြည်ထောင်ကို မကြာခဏလာတိုက်လေ့ရှိတဲ့ Tu-Fang တွေကို အပြီးသတ်ချေမှုန်း အနိုင်ယူခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ယီ (Yi)၊ ချန် (Qian) နဲ့ ပါး (Ba) နိုင်ငံတွေနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲတွေကိုလည်း အနိုင်တိုက်ခဲ့ပါတယ်။ သူ့ရဲ့စစ်တပ်က စစ်သည်အင်အား ၁၃၀၀၀ ရှိပြီး တရုတ်ရာဇဝင်မှာ လူအင်အားအများကြီးနဲ့ ဖွဲ့စည်းခဲ့တဲ့ ပထမဆုံး စစ်တပ်လို့ သမိုင်းမှတ်တမ်း ရေးကြပါတယ်။ 

ဖုဟောင် ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တိမ်းပါးခဲ့ပါတယ်။ တိုက်ပွဲမှာ ကျဆုံးတာတော့ ဟုတ်ပုံမရပါဘူး။ ယျေဘုယျအားဖြင့် မင်းမျိုးမင်းနွယ်တွေကို မင်းဧကရာဇ်ရဲ့ အုတ်ဂူနားမှာ မြှုပ်နှံလေ့ ရှိပေမယ့် ဖုဟောင်ကတော့ ဧကရာဇ်အရင် ကွယ်လွန်ခဲ့တာမို့ မြို့တော်မှာတင် ဘုရင်က သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ ဒါကြောင့် အခြားသူတွေရဲ့ ဂူဗိမာန်တွေနဲ့ သီးခြားဖြစ်နေပါတယ်။  

မျက်မှောက်ခေတ် ရှေးဟောင်းသုတေသနပညာရှင်တွေက ရှန်း မြို့တော်ဟောင်းကို တူးဖော်တဲ့အခါ ဖုဟောင်ရဲ့ ဂူဗိမာန်ကို တော်တော်နဲ့ ရှာဖွေ မတွေ့ခဲ့ကြတာဟာ ဒီအကြောင်းကြောင့် ဖြစ်ပါတယ်။ 

၁၉၇၄ ရောက်မှ ရှေးဟောင်းသုတေသန ပညာရှင် ကျွန့်ကျန့်ရှင်း (郑振香 Zheng Zhenxiang) က အန်ယန်းမြို့အနီးမှာ ဖုဟောင်ရဲ့ သင်္ချိုင်းဂူဗိမာန်ကို တူးဖော်တွေ့ခဲ့တာပါ။ အဲဒီတူးဖော်တွေ့ရှိမှု မတိုင်ခင်၊ ပြီးခဲ့တဲ့ အနှစ် ၅၀ ဝန်းကျင်အထိ ဖုဟောင်ရဲ့ သမိုင်းကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား မသိခဲ့ကြရပါဘူး။

တကယ်တော့ ၁၉၇၆ ဝန်းကျင်ကာလတွေမှာ ယဉ်ကျေးမှုတော်လှန်ရေးကာလ ဖြစ်‌နေတာကြောင့် ရှေးဟောင်းသုတေသန တူးဖော်မှု စီမံကိန်းအသစ်တွေ ခွင့်မပြုဘဲ၊ လုပ်လက်စ စီမံကိန်းအငယ် တွေကိုပဲ ဆက်လုပ်ခွင့် ပြုထားချိန်ပါ။ 

၁၉၇၅ မှာ အန်ယန်းမြို့အနီးမှာ လယ်ယာစိုက်ပျိုးရေးပြိုင်ပွဲကြီး တရပ် ကျင်းပခဲ့ပါတယ်။ စိုက်ပျိုးမြေကို ညီအောင် ထွန်ယက်ပြီး ညှိတာ၊ ရေသွင်း၊ ရေဆင်း ကောင်းအောင် လုပ်တာတွေကို ပြိုင်ကြရတာပါ။ ကျွန့်ကျန့်ရှင်း ဟာ အဲဒီလို မြေပြင်ရင်း ရှေးဟောင်းပစ္စည်းတွေ ပေါ်လာတာမျိုး ရှိနိုင်တာမို့ ‌လိုအပ်ရင် ချက်ချင်း လေ့လာနိုင်ဖို့ အန်ယန်းကို ရောက်လာပါတယ်။ တွေးထားတဲ့အတိုင်း စိုက်ပျိုးရေးလုပ်ငန်းခွင်ရဲ့ မြောက်ဘက်မှာ ရှေးဟောင်း အဆောက်အဦးတစ်ခုရဲ့ အပိုင်းအစတွေ တွေ့ရှိခဲ့ပါတယ်။ သုတေသနတူးဖော်ရေး အလုပ်ရုံငယ်လေး ဖွင့်လှစ်ပြီး ရှာဖွေမှုတွေ လုပ်တဲ့အခါ ကျောက်စိမ်းနဲ့ ကြွေထည် ရှေးဟောင်းပစ္စည်းအချို့ တွေ့ရှိခဲ့ရပါတယ်။ 

ကျွန့်ကျန့်ရှင်း နဲ့ အဖွဲ့ဟာ ပတ်ဝန်းကျင်ကျေးရွာတွေကို ဆက်လက် လေ့လာရင်း ရှောက်ထွမ်း (Xiaotun) ဆိုတဲ့ ရွာရဲ့ မြောက်ခြမ်းမှာ မြေမို့မို့ တစ်ခုကို တွေ့ခဲ့ရပါတယ်။ အဲဒီအောက်မှာ သင်္ချိုင်းဂူ တစ်ခု ရှိလိမ့်မယ်လို့ ကျွန့်ကျန့်ရှင်း က ယူဆခဲ့ပါတယ်။ သူ့အယူအဆကို အခြားပညာရှင်တွေက သဘောမတူခဲ့ပါဘူး။ အမျိုးသမီးဖြစ်ပေမယ့် ဇွဲကောင်းတဲ့ ကျွန့်ကျန့်ရှင်း ဟာ ၁၉၇၆ မှာ အဲဒီမြေမို့မို့အောက်က ဖုဟောင်ရဲ့ သင်္ချိုင်းဂူကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဒါဟာ ဖုဟောင်ရဲ့ သမိုင်း၊ ရှန်းခေတ်ရဲ့ သမိုင်း၊ တရုတ်ပြည်ရဲ့ သမိုင်းအတွက် သိပ်တန်ဖိုးကြီးမားတဲ့ ရှာဖွေတွေ့ရှိမှု ဖြစ်ပါတယ်။ (တရုတ်သမိုင်းမှာ အရေးကြီးတဲ့ အမျိုးသမိး တစ်ယောက်ရဲ့ ဖြစ်တည်မှုကို ရှာဖွေဖော်ထုတ်နိုင်မယ့် အထောက်အထားတွေကို တရုတ်အမျိုးသမီး တစ်ဦးက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။)

ဖုဟောင် ဟာ ရှန်းခေတ်ရဲ့ စစ်သူကြီးတစ်ဦး ဖြစ်ကြောင်း ဂူဗိမာန်မှာ ရှာတွေ့တဲ့ အရိုးစာတွေကတဆင့် သေချာစေခဲ့ပါတယ်။ ကြေးခေတ်လက်ရာမွန် ပစ္စည်းတွေအပါအဝင် ရှန်းခေတ်ရဲ့ အသုံးအဆောင်တွေ အများအပြားကို ရှာဖွေတွေ့ရှိခဲ့ရတာပါ။ ဒါပေမဲ့ ဖုဟောင် ရဲ့ ရုပ်အလောင်းကတော့ လုံးဝပျက်စီးနေပြီ ဖြစ်ပါတယ်။ 

အဲဒီ ရှာဖွေတွေ့ရှိမှုတွေကတဆင့် သိရတဲ့ ဖုဟောင် ရဲ့ ဇာတ်လမ်းကို ဆက်ရရင်၊ ဧကရာဇ် ဝူတင်းဟာ ဖုဟောင်ရဲ့ ရုပ်အလောင်းကို ဖုဟောင်ပိုင်ခဲ့တဲ့ မြေပေါ်မှာပဲ ဂူသင်္ချိုင်းဆောက်ပြီး မြုပ်နှံသင်္ဂြိုဟ်ခဲ့တာပါ။ ဖုဟောင်ကို အလေးအမြတ်ပြုတဲ့အနေနဲ့ လူအများအပြားကိုလည်း စတေးပြီး မြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။  ရှန်းခေတ်ရဲ့ ထုံးစံနဲ့အညီ လူ ၁၆ ယောက်၊ ခွေး ၆ ကောင် ကို စတေးခဲ့တယ်လို့လည်း အချို့က ရေးကြပါတယ်။ စစ်သူကြီးတွေ သေဆုံးလို့ မြှုပ်နှံတဲ့အခါ မှာသာ ပြုလုပ်တဲ့ အစဉ်အလာဖြစ်တဲ့ လက်နက်တွေ ထည့်သွင်း မြှုပ်နှံပေးတာကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ကြေးပစ္စည်းတွေကတော့ ပြောစရာမလိုအောင် အများကြီး ထည့်သွင်းမြှုပ်နှံပေးခဲ့တာပါ။ 

မိဖုရားတစ်ပါးဖြစ်သလို၊ စစ်သူကြီးတစ်ဦးလည်းဖြစ်တဲ့ ဖုဟောင်ဟာ တိုက်ပွဲမှာ မကျဆုံးဘဲ အသက်ငယ်ငယ်မှာ ဘာကြောင့် စောစောစီးစီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့သလဲ ဆိုတာကိုလည်း ပညာရှင်အချို့က လေ့လာကြပါတယ်။ အဲဒီပညာရှင်တွေထဲမှာ အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန် ကလေးဆေးရုံက အဆိပ်အတောက်ဗေဒ ပညာရှင် ဆရာဝန်ကြီးတွေတောင် ပါဝင်ပါတယ်။ ဖုဟောင်ရဲ့ သေဆုံးပုံနဲ့ ပတ်သက်ပြိး စိတ်ဝင်စားစရာ တွေ့ရှိချက် တစ်ခုကို မျှဝေပါရစေ။ 

ရှန်းခေတ်ဟာ တရုတ်ပြည်ရဲ့ ကြေးခေတ် အထွတ်အထိပ် ကာလဖြစ်ပြီး ကြေးနဲ့လုပ်တဲ့ အသုံးအဆောင်တွေ အများအပြားကို စတင် သွန်းလုပ်နိုင်တဲ့ ကာလပါ။ အထူးသဖြင့် ဝူတင်းရဲ့ကာလဟာ ရှန်းခေတ်နဲ့အတူ ကြေးသွန်းလုပ်ငန်း ထိပ်တန်းရောက်လာတဲ့ ကာလဖြစ်ပါတယ်။

ကြေးနီ (Copper) တစ်မျိုးတည်းနဲ့ အဲဒီအသုံးအဆောင်တွေ သွန်းလုပ်ဖို့ မလွယ်ကူပါဘူး။ ကြေးနီရဲ့ အရည်ပျော်မှတ် (melting point)(အပူချိန်) က သိပ်မြင့်လို့ပါ။ ဒါကြောင့် အရည်ပျော်မှတ် လျော့ကျအောင် ခဲ (Lead) နဲ့ သံဖြူ (tin) ကို ရောထည့်ပေးရပါတယ်။ ဒီနည်းလမ်းကို ရှန်းခေတ်က ပညာတတ်တချို့က ရှာတွေ့ခဲ့ပုံပါ။ ဒါကြောင့် ကြေးအသုံးအဆောင်တွေမှာ ခဲ ဓာတ် မြင့်မြင့်မားမား ပါဝင်ပါတယ်။ 

နောက်ထပ်တစ်ချက်က ရှန်းခေတ်မှာ ဆန်အရက်ကို ချက်လုပ်နိုင်ပြီး ရှန်းခေတ်က လူတွေကလည်း အရက်ကို အလွန်အကျွံသောက်နိုင်ကြသူတွေ ဖြစ်တယ်လို့ အထောက်အထားတွေက ဆိုပါတယ်။ ဆန်အရက်ဟာ အခြားအရက်တွေထက် အက်ဆစ်ဓာတ် (acidity) မြင့်မားတာမို့ အရက်ထည့်ထားတဲ့ ကြေးခွက်ကို သွန်းလုပ်စဉ်က ပါဝင်နေတဲ့  ခဲဓာတ်ကို အရက်ထဲ ပျော်ဝင်လာစေဖို့ တွန်းအားပေးပါတယ်။ 

ဒါကြောင့် ရှန်းခေတ်က လူတွေဟာ ခဲဆိပ် အပြင်းအထန် သင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရှန်းခေတ်က အရိုးစုတွေကို လေ့လာချက်အရ အမျိုးသားတွေရဲ့ ပျမ်းမျှသက်တမ်းက ၃၅ နှစ်နဲ့ အမျိုးသမီးတွေရဲ့ ပျမ်းမျှသက်တမ်းက အနှစ် ၃၀ သာ ရှိတယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်ချေကတော့ ရှန်းခေတ်မှာ လူတွေဟာ နာတာရှည်ခဲဆိပ်သင့်ရောဂါ (Chronic Lead Poisoning) နဲ့ ငယ်ငယ်ရွယ်ရွယ် သေဆုံးကြပုံပါပဲ။ 

ဖုဟောင် ကလည်း စစ်သူကြီးတစ်ဦးမို့ အရက်သေစာ သောက်စားဖို့များပါတယ်။ ဒါကြောင့် ခဲဆိပ် ကို သောက်သုံးမိနေမှာပါပဲ။ သူ့ရဲ့ ဂူဗိမာန်မှာ ကြေးသွန်းပစ္စည်း ၇၀၀ ကျော် ပါခဲ့တာမို့ ခဲဆိပ်ပါတဲ့ ကြေးသွန်းပစ္စည်းတွေနဲ့ အထိအတွေ့များသူ ဖြစ်နိုင်ပါတယ်။ ချုပ်ပြောရရင် ဖုဟောင် ဟာ နာတာရှည်ခဲဆိပ်သင့်ရောဂါ နဲ့ သေဆုံးခဲ့တာလည်း အများကြီး ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ကြတာပါ။ ရှေးဟောင်းသုတေသန တူးဖော်မှုကနေ ဖုဟောင် ရဲ့ ရုပ်အလောင်း အရိုးစုတွေကို မရတော့တာမို့ ဘာကြောင့် သေဆုံးခဲ့ရသလဲ အတိအကျတော့ ဘယ်သူကမှ ယတိပြတ် မပြောနိုင်‌သေးပါဘူး။ 

ဖုဟောင် ရဲ့ သမိုင်း၊ ဖုဟောင်ရဲ့ ဘဝ က စိတ်ဝင်စားစရာ ကောင်းလှသလို၊ ဖုဟောင်ချန်ရစ်တဲ့ ရှန်းခေတ်ရဲ့ အထောက်အထားတွေကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ သမိုင်းဘာသာရပ်၊ ရှေးဟောင်းယဉ်ကျေးမှုသုတေသန ဘာသာရပ်တွေဟာ ပျင်းရိငြီးငွေ့ဖွယ် ဘာသာရပ် တွေ မဟုတ်ဘဲ သိပ္ပံပညာရပ် တွေ ဖြစ်တယ်ဆိုတာ ဘော်စတွန် က ပညာရှင်တွေရဲ့ လေ့လာချက်က သက်သေပြနေပါတယ်။ ဒါ့အပြင် သမိုင်းဘာသာရပ်ဟာ လူတိုင်းနဲ့သက်ဆိုင်ပြီး လေ့လာစရာကောင်းလှပါလားလို့ မြင်သာစေပါတယ်။ 

ဖုဟောင် ရဲ့ ဇာတ်လမ်းထဲက ဆင့်ပွားလာတဲ့ အတွေးတွေက အများကြီးပါ။ အဲဒီထဲက တကယ်လို့များ ဖုဟောင်အနေနဲ့ "ငါတို့သာ တိုင်းပြည်ကို ဦးဆောင်နိုင်တယ်၊ ငါတို့သာ စစ်ရေးနားလည်တယ်၊ ငါတို့ရှိမှ တိုင်းပြည်ကို ကာကွယ်နိုင်မယ်" လို့ တယူသန်နေတဲ့ မျက်မှောက်ခေတ် ယောင်္ကျားရင့်မကြီးတွေကို မြင်ရမယ်ဆိုရင် ကြေးအရက်ခွက်ကို လက်နဲ့ အသာမြှောက်လို့ ဆန်အရက်ပြင်းကို တကျိုက်တည်း မော့သောက်ရင်း ဟားတိုက်ရယ်မောလို့များနေမှာလား ဆိုတဲ့ ပဟေဠိအတွေးလေးကိုပဲ ရွေးနုတ် မျှဝေရင်း ဖုဟောင် အကြောင်းကို အဆုံးသတ်ပါရစေ။ 

~~~~~~~~~~~~~~~~~~~~~

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar