Breaking News

နေစိမ့် - ငါစောင့်နေတယ်

ငါစောင့်နေတယ်
နေစိမ့်
(မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၂၄

တစ်နှစ်ပြီးရင်တစ်နှစ်လာတာပဲ
လာမှာသိနေတာကို ငါမကြိုဘူး
စောင့်နေတယ်
မင်းတို့‌ရောက်လာမယ့်နေ့
အေးခဲမာကျော ရေခဲပြင်အောက်ကနေ
ဆွဲငင်အားကို ကန်ထွက်လာပုံမျိုး
တိမ်သားထူထူထဲကနေ 
သိန်းစွန်ငှက်တွေ ထိုးခွဲပျံသန်းလာပုံမျိုး
ထားခဲ့လိုက်
နှင်းခဲနေတဲ့ တောင်တန်းကြီးတွေ
စိမ်းစိမ်းမှောင်နေတဲ့ တောအုပ်ဆိုင်းဆိုင်းတွေ
လက်ရည်တပြင်တည်း ညစာစားပွဲတွေ
အိပ်မက်ထဲမှာတောင်ဝင်မလာတဲ့ဒုက္ခခါးခါးတွေ
မနက်စာနဲ့ ညစာပေါင်းစားရတဲ့ရက်တွေ
ရင်ဘတ်ချင်းတူသူတွေလျှောက်ကြတဲ့လမ်း
ငေးကြည့်ရုံသာမို့ ငါ့လိပ်ပြာကရှက်ရ
မမေ့ကြနဲ့
မင်းတို့ရဲ့အတွေ့အကြုံတွေ
ခိုးကြောင်ခိုးဝှက် နားထောင်ဖို့
ငါစောင့်နေတယ်
ဘယ်အချိန်ဖြစ်ဖြစ်
၂၃ ဒီဇင်ဘာ နောက်ဆုံးရက် ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar