Breaking News

လေကြောင်းတိုက်ခိုက်မှုကြောင့် တမူးနယ်စပ်အနီး ကျေးရွာမှာ အရပ်သား ၁၅ ဦးထက်မနည်းသေဆုံး၊ တတိယအကြိမ် မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီ ဆွေးနွေးမှု ဘာရလဒ်ထွက်နိုင်မလဲ

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၇ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၂၄


လေကြောင်းတိုက်ခိုက်မှုကြောင့် တမူးနယ်စပ်အနီး ကျေးရွာမှာ အရပ်သား ၁၅ ဦးထက်မနည်းသေဆုံး၊ တတိယအကြိမ် မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီ ဆွေးနွေးမှု ဘာရလဒ်ထွက်နိုင်မလဲ

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ ရှိတဲ့ ကနန် ဆိုတဲ့ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အရပ်သား ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ 

တမူးမြို့နယ် ခါမ်းပါတ်မြို့ အနီးမှာရှိတဲ့ ချင်းတိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ကျေးရွာမှာ PDF ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သင်တန်းဆင်း မိတ်ဆုံစားပွဲ ပြုလုပ်မယ့် အချိန်ဝန်းကျင်မှာ စာသင်ကျောင်းတခုကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ PDF တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်လို့ ယူဆရတဲ့ အခုတိုက်ခိုက်မှုမှာ အမှန်တကယ် ထိခိုက်သေဆုံးရသူတွေက ကလေးငယ် ၅ ဦးအပါအဝင် သာမန်အရပ်သားတွေ ချည်းဖြစ်ပါတယ်။ တနင်္ဂနွေနေ့ရဲ့ နေ့ခင်းပိုင်း ဘုရားကျောင်းက အပြန် လူစုဝေးနေကြတဲ့ နေရာကို ထိမှန်ပြီး တနေရာထဲမှာ ၈ ဦးခန့် ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း သတင်းတချို့မှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့ တနင်္ဂနွေနေ့မှာ PDF သင်တန်းဆင်းပြီး မိတ်ဆုံစားပွဲကို ကျေးရွာက စာသင်ကျောင်းတခုမှာ ပြုလုပ်ဖို့ ပြင်ဆင်ထားကြတာရာမှာ စစ်ကောင်စီဘက်က သတင်းအရ လေကြောင်းကနေ စာသင်ကျောင်းကို တိုက်ခိုက်ခဲ့တာလို့ PDF အဖွဲ့ဝင်တချို့က သတင်းမီဒီယာကို ပြောဆိုထားပြီး တကယ် မိတ်ဆုံစားပွဲကျင်းပတဲ့ စာသင်ကျောင်း နဲ့ အခြားစာသင်ကျောင်း အဆောက်အဦတို့ မှားယွင်းပြီး ပစ်ခတ်တိုက်ခိုက်ရာမှာ အရပ်သားတွေ အများအပြားသေဆုံးကြရတာ ဖြစ်ပါတယ်။ 

အိန္ဒိယနဲ့ နယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့နယ်ထဲက ခမ်းပါတ်မြို့ကို ပြီးခဲ့တဲ့ လတွေက PDF တွေက တိုက်ခိုက်သိမ်းယူထားပြီး စစ်ကောင်စီဘက်က ပြန်လည်တိုက်ခိုက်သိမ်းယူခြင်း မပြုနိုင်ပဲ အခုလို သတင်းအချက်အလက် စုဆောင်းပြီး လေကြောင်းကတိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်နေတာလို့ ကောက်ချက်ချကြတာပါ။ စစ်ကောင်စီ အနေနဲ့ မြေပြင်မှာ ဖြန့်ကျက်လှုပ်ရှားနိုင်တဲ့ အနေအထား၊ မြေပြင်က စခန်းတွေ၊ မြို့တွေကို ခုခံကာကွယ်ကာ ထိန်းသိမ်းထားနိုင်တဲ့ အနေအထား သိသာစွာ လျော့ကျလာနေပြီး လေကြောင်းကနေ တိုက်ခိုက်မှုကိုသာ တိုးပြီး လုပ်ဆောင်လာကာ  EROs လို့ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ PDF တွေသိမ်းယူထားတဲ့ မြို့တွေမှာ အခြေမကျနိုင်အောင်၊ မတည်ငြိမ်အောင် လေကြောင်းကနေ တိုက်ခိုက်နေတဲ့ သဘောလည်းဖြစ်ပါတယ်။ အခုလို အိန္ဒိယနယ်စပ်က ကျေးရွာတင်မက မြန်မာနိုင်ငံ အနှံ့အပြားက တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေနဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေထဲက လှုပ်ရှားမှုတွေကို ထောက်လှမ်းပြီး နေ့စဥ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ နမ့်ခမ်းမှာ၊ သိန္နီမှာ၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ၊ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က နတ်သံကွင်း မြို့မှာ၊ စစ်ကိုင်းတိုင်းမှာ စသဖြင့် နေ့စဥ်လိုလို လေကြောင်းက တိုက်ခိုက်မှုတွေ ရှိနေပြီး အရပ်သားအသက်ဆုံးရှုံးမှုတွေလည်း နေ့စဥ်လိုလို ရှိနေတာဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ မြေပြင်မှာ စိုးမိုးနိုင်စွမ်း မရှိတဲ့နယ်မြေတွေကို လေကြောင်းကနေ တိုက်ခိုက်ခြင်းအားဖြင့် ထိန်းချုပ်သိမ်းယူထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အထိုင်မကျအောင်၊ ဒေသခံတွေ အနေနဲ့လည်း လေကြောင်းရန်အန္တရာယ်ကို စိုးရိမ်နေရတာကြောင့် မြို့တွေ၊ ကျေးရွာတွေ EROs/ PDFs လက်အောက်မှာ ကောင်းမွန်စွာ နေထိုင် လုပ်ကိုင်နိုင်တာမျိုး မဖြစ်အောင် ရည်ရွယ် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေ့စဥ် သေဆုံးရမှုတွေက ခုဂဏန်းကနေ ဆယ်ဂဏန်းအထိ ရှိနေပြီး တချို့သော အဖြစ်အပျက်တွေမှာ ဒါဇင်နဲ့ချီတာ ရာနဲ့ချီတာတွေလည်း ရှိနေတာဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ လေကြောင်းရန် ကာကွယ်ရေးလိုမျိုး လုပ်ဆောင်နေကြောင်း ပြီးခဲ့တဲ့နှစ်တွေကတည်းက ပြောဆိုထားပေမယ့်လည်း အခုအချိန်ထိ ထင်ရှားတဲ့ ရလဒ်တော့ မတွေ့ရသေးပါဘူး။ လေယာဥ်ဆီ ဖြတ်တောက်ရေးလိုမျိုး စည်းရုံးမှုတွေ ကမ်ပိန်းတွေ လုပ်ဆောင်နေပေမယ့် အခုချိန်ထိ စစ်ကောင်စီဘက်က လေယာဥ်ဆီကို ဝယ်ယူတင်သွင်းနိုင်နေတဲ့ အနေအထားဖြစ်ပါတယ်။ နိုင်ငံတကာကို လက်နက်ပိတ်ဆို့ရေးလို လုပ်ဆောင်မှုမျိုးတွေ စည်းရုံးသိမ်းသွင်းကြရာမှာ ၁၀၀ ရာနှုန်းအောင်မြင်ဖို့ မလွယ်ကူတာကြောင့် လက်နက်မဟုတ်တဲ့ လေယာဥ်ဆီလိုမျိုး မရောင်းချအောင် လုပ်ဆောင်ဖို့က မလွယ်ကူတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဇန်နဝါရီ ၇ ရက်ကနေ ၉ ရက်နေ့ထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာ စစ်ကောင်စီ ရဲ့ အမျိုးသား ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ နဲ့ မြောက်ပိုင်း ညီနောင် လက်နက်ကိုင် ၃ ဖွဲ့က ကိုယ်စားလှယ်တွေ တွေ့ဆုံကြဖို့ ရှိတယ်လို့ သတင်းတွေထဲ ဖေါ်ပြထားကြပြီး ဘယ်လို ရလဒ်ပေါ်ထွက်လာမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမယ့် အနေအထားဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုအရ ဒီဇင်ဘာလ ဆန်း ၇ ရက်ဝန်းကျင်မှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပြီး အပစ်ရပ်ဖို့ တစိတ်တပိုင်း သဘောတူခဲ့တယ်လို့ တရုတ်နိုင်ငံဘက်က သတင်းထုတ်ပြန်ခဲ့ပေမယ် အဲဒီနောက်ပိုင်း လက်နက်ကိုင် တိုက်ခိုက်မှုတွေ အရှိန်ပိုမိုမြင့်တက်လာသလို စစ်ကောင်စီဘက်က မြို့တွေနဲ့ စခန်းတွေထပ်မံလက်လွှတ် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ တဖန် ဒုတိယ အကြိမ်တွေ့ဆုံမှုကို ဒီဇင်ဘာ ၂၂ ရက်ကနေ ၂၄ ရက်ထိ တရုတ်နိုင်ငံထဲ ပြုလုပ်ခဲ့ကြပေမယ့် ထူးထူးခြားခြား ရလဒ် ထွက်ပေါ်လာခြင်း မရှိပဲ အဲဒီနောက်မှာ လောက်ကိုင်၊ ဒကစ ဌာနချုပ်၊ ကွတ်ခိုင်မြို့နဲ့ စစ်အခြေစိုက်စခန်း စတာတွေ ထပ်မံ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

အခုတကြိမ်ဆွေးနွေးပွဲဟာ တန်းတူရည်တူ ဆွေးနွေးပွဲဆိုတာထက်ကို မြောက်ပိုင်း ညီနောင် လက်နက်ကိုင် ၃ ဖွဲ့ဘက်က စစ်ရေးအရ အသာစီးရနေတဲ့အနေအထားမို့လို့ ခပ်တင်းတင်း ဆွေးနွေးနိုင်မယ့် သဘောလည်း ရှိကောင်းရှိနိုင်တာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar